တိုက်ပွဲတွင်ကျဆုံးခဲ့​သော ဗိုလ်မှူး၏မိန်းမဖွင့်​သော”မုဆိုးမတို့ရွာ” မုန့်ဟင်းခါးဆိုင်ကိုစစ်​ကောင်စီဖျက်ဆီး ■ကရင်နီပြည် တိုက်ပွဲတွင် ​သေဆုံးခဲ့​သော ဗိုလ်မှူးကောင်းမြတ်စိုး ၏ ဇနီးက ဖွင့်လှစ်ခြင်းဖြစ်

by

in

တိုက်ပွဲတွင်ကျဆုံးခဲ့​သော ဗိုလ်မှူး၏မိန်းမဖွင့်​သော”မုဆိုးမတို့ရွာ” မုန့်ဟင်းခါးဆိုင်ကိုစစ်​ကောင်စီဖျက်ဆီး
■ကရင်နီပြည် တိုက်ပွဲတွင် ​သေဆုံးခဲ့​သော ဗိုလ်မှူးကောင်းမြတ်စိုး ၏ ဇနီးက ဖွင့်လှစ်ခြင်းဖြစ်
ရဲခေါင် ၊ရှိန်း / People’s Spring

စစ်​​ကောင်စီအတွက်တိုက်ပွဲဝင်ရင်းတိုက်ပွဲ၌ ​သေဆုံးခဲ့​သော ဗိုလ်မှူး ၏မိန်းမ ဖွင့်ထား​သည့် “မုဆိုးမတို့ရွာ” မုန့်ဟင်းခါးဆိုင်ကို စစ်​ကောင်စီက
ဖျက်ဆီးခဲ့သည်။
မန္တလေးမြို့၊ မဟာအောင်မြေမြို့နယ်၊မဟာမြိုင်ရပ်ကွက်(၂ ) ၊မနောရမ္မံပန်းခြံရှေ့တွင် စတင် ဖွင့်လှစ်သည့် ” မုဆိုးမတို့ရွာ မုန့်ဟင်းခါးဆိုင်” ကို ယနေ့(ဒီဇင်ဘာ ၃၀ ရက်​နေ့) နံနက်ပိုင်းတွင် စစ်ကောင်စီကညွှန်ကြား၍ စည်ပင် ဝန်ထမ်းများ ဦးဆာင်သည့် စစ်အုပ်စုက ဆိုင်ကို စီးနင်းဖျက်ဆီးခဲ့ကြောင်း​ဒေသခံအချို့က​ပြောသည်။
“မုဆိုးမတို့ရွာ မုန့်ဟင်းခါးဆိုင်”သည် ကရင်နီပြည်တိုက်ပွဲတွင် သေဆုံးခဲ့သော စစ်တက္ကသိုလ်အမှတ်စဥ် (၄၇) ကျောင်းဆင်း ဗိုလ်မှူးကောင်းမြတ်စိုး၏ ဇနီး ဒေါ်အေးအေးခိုင် ပိုင်ဆိုင်ကြောင်း တပ်တွင်းသတင်းရင်းမြစ်များက လူထုနွေဦးသို့ ပြောသည်။
“ဒီမော့ဆိုမှာ ကိုကောင်းမြတ်စိုးကျတာ ၂ နှစ်ကျော်ပြီ။သူ့မိန်းမ မအေးအေးခိုင်က မကွေးဇာတိ။”ဟု စစ်ကောင်စီတပ်တွင်းသတင်းရင်းမြစ်တစ်ဦးက​ပြောသည်။
“မုဆိုးမတို့ရွာ” မုန့်ဟင်းခါးဆိုင်သည် စျေးရောင်းချကြ​သော အမျိုးသမီးသုံးဦးမှာခင်ပွန်းသည်များ ဆုံးပါးသွားပြီဖြစ်၍ ဆိုင်နာမည်ကို မုဆိုးမတို့ရွာ ဟု နာမည်ပေးခြင်းဖြစ်ကြောင်း “မုဆိုးမတို့ရွာ” မုန့်ဟင်းခါးဆိုင်၏ ​ဖေ့ဘွခ်လူမှုကွန်ယက်တွင် ကနဦးရှင်းလင်းဖော်ပြခဲ့သည်။သို့​​သော် ခင်ပွန်းဖြစ်သူများသည် မည်သည့်အတွက်ဆုံးပါးသည် ၊မည်သူ​တွေဖြစ်သူကိုမူ ​ဖော်ပြထားခြင်းမရှိ​ပေး ။
“မုဆိုးမတို့ရွာ” မုန့်ဟင်းခါးဆိုင်ဖွင့်ပွဲ ကြော်ငြာများ ဖေ့ဘွတ်ခ် လူမှုစာမျက်နှာမှာ ပျံ့နှံ့လာပြီးနောက် အာဏာသိမ်းစစ်ကောင်စီတပ်ကိုထောက်ခံသူများက စုံစမ်းစစ်ဆေးရန် လှုံဆော်မှုများရှိခဲ့သည်။
ထို့အပြင် တိုက်ပွဲများအတွင်း သေဆုံးနေရသော စစ်ကောင်စီ တပ်သားများ၏ နောက်ချန်မိသားစုများကို အထူးသဖြင့် ဇနီးမယားများကို လှောင်
ပြောင် အမည်ပေးထားခြင်းဟုစွပ်စွဲကာ စစ်ကောင်စီထောက်ခံသူများ က အ​ရေးယူရန် လှုံ့​ဆော်ခဲ့ကြသည်။
ထို့အပြင်မန္တလေးမြို့မှစစ်တပ်ထောက်ခံသည့် ဗေဒင်ဆရာတဦးကလည်း မန္တလေးကိုကယ်တင်ကြဆို​သော ခေါင်းစဥ်ဖြင့် မုန်ဟင်းခါးဆိုင်အမည်သည် မန္တလေးမြို့ အတွက်အတိတ်နမိတ်မကောင်းသဖြင့် ထိုဆိုင်ကို စိစစ်ရန် ဆိုကာရေးသားခဲ့​သေးသည်။ အဆိုပါဗေဒင်ဆရာဆိုသူသည် စစ်တပ်အရာရှိကတော်များကို ယတြာပြုလုပ်ပေးနေသူဖြစ်​ကြောင်း မြို့ခံအချို့က​ပြောသည်။
ထို​နောက် မုဆိုးမရွာမုန့်ဟင်းခါးဆိုင်ဖွင့်ပြီး တစ်ရင်အကြာ ဒီဇင်ဘာလ ၃၀ ရက်​နေ့မနက် ၁၁ နာရီဝန်းကျင်တွင် စစ်သားနှင့် စည်ပင် ဝန်ထမ်းများပူးပေါင်းပြီးဆိုင်ကိုစစ်​ဆေးသည်ဆိုကာ ဖျက်ဆီးသွားခြင်းဖြစ်သည်။
“လိုက်ထရက်ကားနဲ့ပစ္စည်းတွေသယ်နေတာတွေ့တယ်။အတွင်းထဲကပစ္စည်းတွေကတော့အကုန်ဖရိုဖရဲနဲ့။အပြင်ကဆိုင်းဘုတ်အကြီးကိုတော့ အဝတ်စနဲ့ အုပ်ထားတယ်”ဟု မြို့ခံတဦးကပြောသည်။
မုဆိုးမရွာမုန့်ဟင်းခါးဆိုင်ကိုလိုင်စင်လျှောက်ထားဆဲဖြစ်၍ ဝင်​ရောက်စစ်​ဆေးခြင်းဖြစ်​ကြောင်းစစ်ကောင်စီဘက်ကသတင်းဖြန့်ခဲ့သည်။သို့​သော် အမှန်တွင် ဆိုင်ကိုဝင်ရောက်စစ်ဆေးသည်ဆိုကာရိုက်နှက်ဖျက်ဆီးပြီး ဆိုင်းဘုတ်ကိုပါဖြုတ်ချသွားခြင်းဖြစ်​ကြောင်း ​ဒေသခံများက​ပြောသည်။
မုန့်ဟင်းခါးဆိုင်ဖျက်ဆီးခံရပြီး​နောက်​ဖေစ်ဘွခ် လူမှုကွန်ယက်၌ “မုဆိုးမတို့ရွာ” မုန့်ဟင်းခါးဆိုင် အမည်ရှိသော စာမျက်နှာမှာ ရှာဖွေ မရတော့ပေ။ဆိုင်ဖျက် သိမ်းခံရမှုနှင့်ပတ်သက်၍ ဆိုင်ရှင်ဒေါ်အေးအေးခိုင်ကို လူထုနွေဦးက ဆက်သွယ်မေး
မြန်းထားဆဲ ဖြစ်သည်။
(မုဆိုးမတို့ရွာ မုန့်ဟင်းခါးဆိုင်ကို ဖွင့်လှစ်ရန် ပြင်ဆင်​နေစဥ်။ဓါတ်ပုံ-FB viral )