ဂွမြို့တွင် ခုခံရင်း သေဆုံးသူ တပ်မ ၁၁ တပ်မမှူး ဗိုလ်မှူးကြီး သန်းစိုးဝင်းမှာ အလွန်သဘောထားတင်းမာသူဖြစ်ပြီး စစ်ဘက်ဆိုင်ရာ ထူးချွန်သူတစ်ဦးဖြစ်၍ စစ်ကောင်စီအတွက် ကြီးမားသော ဆုံးရှုံးမှုဟုဆို
ရန်ကုန်၊ ဒီဇင်ဘာ၃၁
ရခိုင်ပြည်၊ ဂွမြို့တွင် ခုခံရင်း သေဆုံးသူ တပ်မ ၁၁ တပ်မမှူး ဗိုလ်မှူးကြီး သန်းစိုးဝင်းသည် အလွန် သဘောထားတင်းမာသူဖြစ်ပြီး စစ်ဘက်ဆိုင်ရာ ထူးချွန်သူတစ်ဦးဖြစ်ကြောင်း တပ်သတင်းရင်းမြစ်က ပြောဆိုသည်။
ဒီဇင်ဘာလ ၂၉ ရက်နေ့ ရခိုင်ပြည်၊ ဂွမြို့နယ်တစ်ခုလုံးကို AA က အပြီးသတ် တိုက်ခိုက်သိမ်းပိုက်ခဲ့ရာတွင် တပ်မ ၁၁ တပ်မမှူး ဗိုလ်မှူးကြီး သန်းစိုးဝင်း အပါအဝင် စစ်ကောင်စီတပ်ဖွဲ့ဝင် ၇၀၀ ထက်မနည်း သေဆုံးနိုင်ကြောင်း AA က သတင်းထုတ်ပြန်ခဲ့သည်။
သေဆုံးသူ ဗိုလ်မှူးကြီး သန်းစိုးဝင်းသည် တပ်မ ၁၁ တပ်မမှူးအဖြစ် ၂၀၂၄ ခုနှစ် လဆန်းပိုင်းတွင်မှ စတင်တာဝန်ယူခဲ့ခြင်းဖြစ်ပြီး ဗိုလ်မှူးချုပ်ရာထူးသို့ တိုးမြှင့်ထားပြီးဖြစ်ကာ အပွင့်တင်ရန် စောင့်ဆိုင်းနေသူ ဖြစ်ကြောင်း၊ စစ်ဘက်ရေးရာ ထူးချွန်သူအဖြစ် မှတ်တမ်းရှိ၍ တပ်မ ၁၁ တပ်မမှူးအဖြစ် မင်းအောင်လှိုင်က တိုက်ရိုက် ရွေးချယ်ခန့်အပ်ခဲ့ခြင်းဖြစ်ကြောင်း၊ ဗိုလ်မှူးကြီး သန်းစိုးဝင်းသည် စစ်တပ်ကသာ ကြီးစိုး အုပ်ချုပ်ရမည်ဆိုသော အလွန်တင်းမာသော သဘောထား ရှိသူဖြစ်ကြောင်း၊ တပ်တွင်းတွင် လက်အောက်ငယ်သားများအပေါ် မညှာမတာ ဖိနှိပ် ရက်စက်သူအဖြစ်လည်း နာမည်ကြီးကြောင်း သိရှိရသည်။
“သူက ဗိုလ်မှူးချုပ်ရာထူး ဖြစ်နေပါပြီ။ လစာကတော့ ဗိုလ်မှူးချုပ် ရာထူးလစာ စားနေပြီ။ အပွင့်တင်ဖို့ပဲ စောင့်နေတာ။ အဲဒီလို တပ်မမှူးတွေကို စစ်ရာထူးခန့်ချုပ်ရုံးက အဆိုပြု တင်ပြပြီးတော့ တပ်ချုပ်ကနေ တိုက်ရိုက် ရွေးချယ်ခန့်အပ်တာပါ။ တပ်မ ၁၁ တပ်မမှူး ဗိုလ်မှူးကြီး သန်းစိုးဝင်းက စစ်ဘက်ဆိုင်ရာ ထူးချွန်သူဆိုပြီး မှတ်တမ်းရှိတယ်။ ဘာသာရပ်ပိုင်းဆိုင်ရာ မှာ ထူးချွန်တာ။ အထက်က ပေးအပ်တဲ့ တာဝန်ကိုတော့ တသွေမတိမ်း လိုက်နာတဲ့နေရာမှာလည်း အင်မတန် စည်းကမ်းကြီး လိုက်နာသူလို့ နာမည်ကြီးပါတယ်။ တပ်မ ၁၁ တပ်မမှူးဆိုတာက ရှေ့ကို တပ်မှာ အနာဂတ်ရာထူးအလားအလာ သိပ်ကောင်းတဲ့သူမျိုးတွေဖြစ်တာပါ။ ဥပမာဆိုရင် တပ်မ ၁၁ တပ်မမှူးထဲမှာ ထူးချွန်သူဖြစ်တဲ့ ဗိုလ် ချုပ်ကြီး သူရရွှေမန်း၊ ဗိုလ်ချုပ်ကြီး လှဌေးဝင်း ဆိုရင် နံပါတ် ၃ ညှိကွပ်ရာထူးအထိ ရောက်ခဲ့ဖူးတယ်။ တပ်မ ၁၁ တပ်မမှူးဆိုတာ တပ်မှာ တကယ့်ကို ထူးချွန်ပြီး စည်းကမ်းသေဝပ်သူတွေ၊ အစဉ် အလာကြီးသူတွေကိုပဲ ခန့်တာပါ။ တကယ်သာ ဂွတိုက်ပွဲမှာ သူ ကျသွားတာဆိုရင်တော့ တပ်အတွက်တော့ အင်မတန်မှ ကြီးတဲ့ ဆုံးရှုံးမှုကြီးတယ်လို့ ပြောရနိုင်တယ်” ဟု တပ်သတင်းရင်းမြစ်က ဆိုသည်။
တပ်မ ၁၁ သည် ရန်ကုန်တိုင်း၊ အင်းတိုင် တွင်တည်ရှိသည့် ခြေမြန်တပ်မဌာန ချုပ် တစ်ခု ဖြစ်ပြီး နေပြည်တော်စစ်ရုံး(ကက-ကြည်း)၏ တိုက်ရိုက်အုပ်ချုပ်မှုအောက်တွင် ရှိသော တိုက်ခိုက်ရေးတပ်မတစ်ခုလည်းဖြစ်သည်။
AA က ဒီဇင်ဘာလ ၁၅ ရက်နေ့မှ စတင်ပြီး ဂွအခြေစိုက်တပ်ရင်းနှစ်ရင်းဖြစ်ကြသော ခမရ ၅၆၂ နှင့် ခမရ ၅၆၃ တပ်ရင်းတို့ကို ထိုးစစ်ဆင်တိုက်ခိုက်ခဲ့ပြီး ဒီဇင်ဘာလ ၂၉ ရက်နေ့၊ မွန်းတည့် ၁၂ နာရီအချိန်တွင် အဆိုပါ ဂွအခြေစိုက်တပ်ရင်းနှစ်ရင်းစလုံးအား ရှေ့ဆင့် နောက်ဆင့် တစ်ရက်တည်း၌ သိမ်းပိုက်ကာ ဂွမြို့နယ်တစ်ခုလုံးကို သိမ်းပိုက်ရရှိခဲ့ခြင်းဖြစ်သည်။