တံတားဦးနဲ့ စဉ့်ကိုင်မှာ စစ်အုပ်စုက နှစ်ရက်ဆက် ပေါ်တာဆွဲ လူသစ်စု၊

by

in

တံတားဦးနဲ့ စဉ့်ကိုင်မှာ စစ်အုပ်စုက နှစ်ရက်ဆက် ပေါ်တာဆွဲ လူသစ်စု၊
တေဇ/MFP ၊ ဩဂုတ် – ၁၈

မန္တလေးတိုင်း၊ တံတားဦးနဲ့ စဉ့်ကိုင်မြို့နယ်မှာ စစ်အုပ်စုက ဩဂုတ်လ(၁၆)နဲ့ (၁၇)၊ နှစ်ရက်ဆက် လူငယ်တွေကို ဖမ်းဆီး ပေါ်တာဆွဲပြီး စစ်သားသစ် စုဆောင်းနေတယ်လို့ ဒေသခံတွေက MFP ကို ပြောပါတယ်။
တံတားဦးမှာ စစ်အုပ်စုက ဖမ်းဆီးပေါ်တာဆွဲနေလို့ တံတားဦးမြို့ အနောက်ဘက် ကျေးရွာတွေက လူငယ်လူရွယ်တွေ အိမ်အပြင်၊ ရွာအပြင် မထွက်ဝံ့ဘဲ ပုန်းအောင်းနေရတယ်လို့ ဆိုပါတယ်။
“တံတားဦးမြို့ အနောက်ဘက်က ရွာအတော် အများများက လူငယ်တွေ ရွာအပြင်ကို အိမ်အပြင် မထွက်ဘဲ စခ တွေ ကြောက်လို့ ပုန်းနေရပါတယ်” လို့ ဒေသခံတစ်ဦးက MFP ကို ပြောပါတယ်။
စစ်အုပ်စုဟာ ဩဂုတ်လ(၁၆)ရက်က တံတားဦးမြို့ အနောက်ဘက်အထွက်၊ တံတားဦး – မြို့သာလမ်းမှာ တွေ့သမျှလူကို ကားပေါ်ဆွဲတင်ကာ ဖမ်းဆီး ပေါ်တာဆွဲခဲ့ပြီး ဩဂုတ်လ(၁၇)ရက် မနေ့ကလည်း တံတားဦးမြို့ တောင်ဘက် အထွက်၊ အဝိုင်းပတ်မှာ တွေ့သမျှလူကို ဖမ်းဆီး ပေါ်တာဆွဲတယ်လို့ ဆိုပါတယ်။
ဩဂုတ်(၁၆)ရက် မနက်ပိုင်းက တံတားဦးမြို့အဝင် ပေါ်တာဆွဲမှုမှာ လူဦးရေ ရာနဲ့ချီ ပါသွားပြီး မနေ့က ပေါ်တာဆွဲခံရသူ အရေအတွက်ကိုတော့ မသိရသေးဘူးလို့ ဒေသခံတွေက ပြောပါတယ်။
စစ်အုပ်စုက မနက်ပိုင်းနဲ့ ညနေပိုင်း အလုပ်သွား၊ အလုပ်ပြန်ချိန်မှာ စောင့်ဆိုင်းကာ ပေါ်တာဆွဲတာ ဖြစ်ပြီး ငွေပေးနိုင်သူကို ငွေညှစ်ပြီး ပြန်လွှတ်ကာ ငွေမပေးနိုင်သူကိုတော့ စစ်သားသစ် စုဆောင်းတာလို့ ဆိုပါတယ်။
“တချို့ရွာက လူတွေတော့ ငွေအများပေးပြီး လာဘ်ထိုးတဲ့သူတွေကတော့ မနေ့က ပြန်လွှတ်လာတယ်။ ငွေမထိုးနိုင်တဲ့ သူတွေကတော့ အတင်းအဓမ္မ ပေါ်တာ အဆွဲခံရတာပေါ့။ တကယ်တော့ အကြမ်းဖက် စစ်အုပ်စုက အနုကြမ်း စီးသလိုမျိုး ဖြစ်နေတာ။ ဖမ်းခံရသူ အများအပြားက သာမန် လက်လုပ်လက်စား၊ နေ့စားသမားတွေ များတယ်။ ငွေပေးရင် ပြန်လွှတ်ပေးတယ်၊ ငွေမပေးနိုင်ရင် ပြန်မလွှတ်ပါဘူး။ ပြန်ပေးဆွဲသလိုမျိုးပါ” လို့ ဒေသခံ တစ်ဦးက ပြောပါတယ်။
စဉ့်ကိုင်မြို့နယ်၊ ရွာဘိုရွာ လမ်းဆုံမှာလည်း စစ်အုပ်စုက နှစ်ရက်ဆက် တွေ့သမျှလူ ပေါ်တာဆွဲ ဖမ်းဆီးနေပြီး ဩဂုတ်လ(၁၆)ရက်က ရွာဘိုရွာသားနဲ့ မုံပင်းရွာသား၊ စုစုပေါင်း ရှစ်ယောက် ထက်မနည်း ပါသွားတယ်လို့ ဒေသခံတစ်ဦးက ပြောပါတယ်။
စစ်အုပ်စုဟာ မန္တလေးမြို့ပေါ်မှာလည်း ပေါ်တာဆွဲ စစ်သားသစ် စုဆောင်းတာတွေ လုပ်နေပြီး အဓိကအားဖြင့် စစ်ဘေးရှောင် ပြည်သူတွေ လာရောက် ခိုလှုံနေထိုင်တဲ့ ရပ်ကွက်တွေကို ပစ်မှတ်ထားကာ ဧည့်စာရင်း စစ်ရင်း ဖမ်းဆီးငွေညှစ်တာ၊ စစ်သားသစ် စုဆောင်းတာတွေ လုပ်နေတာလို့ မြို့ခံတွေက ပြောပါတယ်။
မန္တလေးတိုင်းအတွင်း စစ်သားသစ် စုဆောင်းခံရသူတွေကို မတ်လအတွင်းက တွေ့ရစဉ်/Photo – စစ်အုပ်စု
#Mandalay_Free_Press_MFP