ရှမ်းမြောက်ကို ပြန်လည်ထိုးစစ်ဆင်ရန် ဒုချုပ်ဦးဆောင် ဆင်ဖြူရှင်စစ်ဆင်ရေး ဖွဲ့စည်း

by

in

ရှမ်းပြည်နယ်မြောက်ပိုင်းကို ပြန်လည်ထိုးစစ်ဆင်ဖို့ စစ်ကောင်စီက ဆင်ဖြူရှင်စစ်ဆင်ရေးကို သြဂုတ် ၁၃ ရက်မှာ ဖွဲ့စည်းခဲ့ပြီး အဲ့ဒီစစ်ဆင်ရေးကို ဒုဗိုလ်ချုပ်မှူးကြီး စိုးဝင်း ကိုယ်တိုင် ဦးဆောင်မှာ ဖြစ်တယ်လို့ ကက(ကြည်း)ရုံးကနေ သိရပါတယ်။

ကာကွယ်ရေးဦးစီးချုပ်(ကြည်း)ရုံးမှာ သြဂုတ် ၁၃ ရက်က ဒုဗိုလ်ချုပ်မှူးကြီးစိုးဝင်းက စစ်ဆင်ရေးအထူးတပ်ဖွဲ့မှူးတွေ၊ ကာကွယ်ရေးဦးစီးချုပ်ရုံး(လေ)၊ တိုင်းမှူးတွေနဲ့ ဒရုန်းနည်းပညာတပ်မှူးတွေနဲ့ တွေ့ဆုံပြီး ဖွဲ့စည်းခဲ့တာလို့ ကက(ကြည်း)ရုံးနဲ့ နီးစပ်သူတဦး DVB ကို ပြောပါတယ်။

“စစ်ဆင်ရေးကို ဒုချုပ်ကဦ းဆောင်တာ ကစထ ၂ မှူးရယ်၊ တိုင်းမှူး ၄ ယောက်၊ လေတပ်က ဗိုလ် ချုပ် ၃ ယောက်၊ ဒရုန်းနဲ့နည်းပညာက ဗိုလ်ချုပ် ၁ ယောက်၊ ဗိုလ်မှူးချုပ် ၃ ယောက်ရယ်၊ အားလုံး ၁၃ ယောက်နဲ့ ဖွဲ့စည်းလိုက်တာ ဆင်ဖြူရှင်လိုပဲ ဘုရင့်နောင်စစ်ဆင်ရေးလည်း ဖွဲ့နေတယ်”လို့ ပြောပါတယ်။

မကြာသေးခင်က စစ်ဘက်ကိုပြောင်းလာတဲ့ အမှတ် ၂ ကစထမှူး ဒုဗိုလ်ချုပ်ကြီး နီလင်းအောင်နဲ့ ရပခတိုင်းမှူး ဗိုလ်ချုပ်ဇော်မင်းလတ်၊ တသခတိုင်းမှူး ဗိုလ်ချုပ်အောင်ဇော်ထွေး၊ ရလခတိုင်းမှူး ဗိုလ်ချုပ်မျိုးမင်းထွန်း၊ ရမခတိုင်းမှူး ဗိုလ်ချုပ်ကျော်မြင့်ထွန်းတို့ကို သြဂုတ် ၁၂ ရက်က ဒုချုပ်က ခေါ်တွေ့ခဲ့တယ်လို့ နပတတိုင်းစစ် ဌာနချုပ်နဲ့ နီးစပ်သူက ပြောပါတယ်။

“ရှမ်းမြောက်ကို အင်အားအကုန်ထုတ်သုံးမယ် ထင်တယ်။ နေပြည်တော်က တပ်တွေရော ပါတယ်။ လက်ရုံးတွေရော။ လက်ရှိလည်း ရှမ်းတောင်နဲ့ ရှမ်းမြောက်မှာ တိုက်ပွဲတွေ ဖြစ်နေတယ်။ စစ်ဆင်ရေးနှစ်ခု သွားမယ်လို့ ကြားတယ်။”

ရခိုင်၊ ကချင်၊ ချင်း ၊မန္တလေး၊ စစ်ကိုင်း၊ မကွေးတိုင်းအတွက် ဘုရင့်နောင်စစ်ဆင်ရေးကို ဖော်ဆောင်နေပြီး အသေးစိတ်ကိုမသိရသေးဘူးလို့လည်း သတင်းရင်းမြစ်က ပြောပါတယ်။

ဧပြီလအတွင်း စစ်ကောင်စီအနေနဲ့ ကရင်ပြည်နယ်၊ မြဝတီမြို့ကို ပြန်လည်ထိန်းချုပ်နိုင်ဖို့အတွက် အောင်ဇေယျစစ်ဆင်ရေးကို ဖော်ဆောင်ခဲ့ပေမဲ့ ဒုချုပ်ဗိုလ်ချုပ်မှူးကြီး စိုးဝင်းကိုယ်တိုင် Drop ဗုံးထိမှန်ပြီး ဒဏ်ရာရခဲ့သလို သေဆုံးသူအရာရှိ၊ စစ်သည် အများအပြား ရှိပါတယ်။