မင်းအောင်လှိုင်က ညိုစော၊ အောင်လင်းဒွေးနှင့် ရဲဝင်းဦးတို့ကို ဗိုလ်ချုပ်ကြီးရာထူးများ တိုးမြှင့်ပေးပြီးနောက် ဒုစစ်ခေါင်း ဆောင် စိုးဝင်း၏ တာဝန်များ လျှော့ချခံရသည့်အပြင် ရုံးခန်း ၂ ခု ပါ ပြောင်းရွှေ့

by

in

မင်းအောင်လှိုင်က ညိုစော၊ အောင်လင်းဒွေးနှင့် ရဲဝင်းဦးတို့ကို ဗိုလ်ချုပ်ကြီးရာထူးများ တိုးမြှင့်ပေးပြီးနောက် ဒုစစ်ခေါင်း ဆောင် စိုးဝင်း၏ တာဝန်များ လျှော့ချခံရသည့်အပြင် ရုံးခန်း ၂ ခု ပါ ပြောင်းရွှေ့
ရန်ကုန်၊ ဩဂုတ် ၁၉


အကြမ်းဖက် စစ်ခေါင်းဆောင် မင်းအောင်လှိုင်က ညိုစော၊ အောင်လင်းဒွေးနှင့် ရဲဝင်းဦးတို့ကို ဗိုလ်ချုပ်ကြီးရာထူးများ တိုးမြှင့်ပေးပြီးနောက် ဒုစစ်ခေါင်း ဆောင် စိုးဝင်း၏ တာဝန်များ လျှော့ချခံရသည့်အပြင် ရုံးခန်းပါ ပြောင်းရွှေ့ မှုများရှိနေကြောင်း နေပြည်တော်စစ်ဘက်သတင်းရင်းမြစ်က ပြောဆိုသည်။
ဒုတိယဗိုလ်ချုပ်ကြီးများဖြစ်သည့် စစ်ကောင်စီ၏ အတွင်းရေးမှူး အောင်လင်းဒွေး၊ တွဲဘက်အတွင်းရေးမှူး ရဲဝင်းဦးနှင့် စစ်ခေါင်းဆောင် မင်းအောင်လှိုင်၏ အကြံပေး ညိုစောတို့ကို ဗိုလ်ချုပ်ကြီးအဆင့် ရာထူးများကို ဩဂုတ်လ ၁၅ ရက်နေ့တွင် တိုးမြှင့်ပေးလိုက်ကြောင်း၊ အောင်လင်းဒွေးသည် အသက် ၆၂ နှစ်ရှိနေပြီဖြစ်ပြီး စစ်တက္ကသိုလ် အပတ်စဉ် ၂၅ ကျောင်းဆင်းဖြစ်ကြောင်း၊ ရဲဝင်းဦးသည် အသက် ၅၈ နှစ်ရှိနေပြီဖြစ်ပြီး ဗိုလ်သင်တန်း (OTS) အပတ်စဉ် ၇၇ မှဆင်းသူ ဖြစ်ကြောင်း၊ ညိုစောမှာမူ စစ်တက္ကသိုလ် အပတ်စဉ် ၂၃ ကျောင်းဆင်းဖြစ်ကြောင်း သိရှိရသည်။
ထိုသို့ ဒုတိယဗိုလ်ချုပ်ကြီး ၃ ဦးကို ရာထူးတိုးမြင့်ပြီးနောက် စစ်ခေါင်းဆောင် မင်းအောင်လှိုင်က ၎င်း၏ အရပ်ဘက်နှင့် စစ်ဘက် တာဝန်များကို အဆိုပါ ဗိုလ်ချုပ်ကြီး ၃ ဦးထံသို့ လွှဲပြောင်းသည့်အပြင် ဒုစစ်ခေါင်းဆောင် စိုးဝင်း ၏ အရပ်ဘက်နှင့် စစ်ဘက် တာဝန်တချို့ကိုလည်း ထိုဗိုလ်ချုပ်ကြီး ၃ ဦးထံသို့ တာဝန်လွှဲပြောင်းပေးမှုများ ရှိကြောင်း သိရှိရသည်။
အခြားတစ်ဖက်တွင်လည်း ဒုစစ်ခေါင်းဆောင် စိုးဝင်း၏ စစ်ရုံးမှ ရုံးခန်းနှင့် သမ္မတအိမ်တော်ရှိ စစ်ကောင်စီ ဒုတိယဥက္ကဋ္ဌ ရုံးခန်းတို့မှာလည်း ပြောင်းရွှေ့ခံရကြောင်း သိရှိရသည်။
“စစ်ရုံးမှာ ဒုတပ်ချုပ်နဲ့ တပ်ချုပ်က ​ တပ်မတော်(ကြည်း) စစ်ဆင်​ရေးအထပ်မှာ တစ်ထပ်တည်း မလှမ်းမကမ်းရှိကြတာ။ အခု ဒုတပ်ချုပ်ရုံးခန်းကို ​အောက်ထပ်​​ပြောင်းခိုင်းတယ်။ အထပ်မတူတော့ဘူး။ ပြီးတော့ သမ္မတအိမ်တော်မှာရှိတဲ့ နစကဒုတိယဥက္ကဋ္ဌရုံးခန်းက အရင်က နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ရုံးခန်းပါ။ အခုတော့ နစက ဒုတိယဥက္ကဋ္ဌရုံးခန်းကို ဒုသမ္မတဟင်နရီဗန်ထီးယူရုံးခန်းကို ပြောင်းခိုင်းတယ်။ ဒုသမ္မတဟင်နရီဗန်ထီးယူ ရုံးခန်းက သမ္မတအိမ်တော် အပြင်ဘက်မှာ သီးခြားတည်ရှိနေတဲ့ရုံးပါ” ဟု နေပြည်တော်စစ်ဘက်သတင်းရင်းမြစ်က ဆိုသည်။
ထို့ပြင် စစ်ရုံးတွင် ရုံးတက်ချိန်နှင့် အစည်းအဝေးအချိန်များသို့ ဒုစစ်ခေါင်းဆောင် စိုးဝင်းနှင့် စစ်ဗိုလ်ချုပ်များအားလုံး လာရောက်သည့်အခါ ကိုယ်ရံတော်တပ်များကို စစ်ရုံးပြင်ပ၊ သီးခြားအဆောင်တွင်ပင် ထားရှိခဲ့ရကြောင်း၊ စစ်ရုံးအတွင်းတွင် ရုံးတက်ချိန်နှင့် အစည်းအဝေးများ ပြုလုပ်ချိန် လုံခြုံရေးကို စစ်ခေါင်းဆောင် မင်းအောင်လှိုင်၏ ကိုယ်ရံတော် တပ်များကသာ တာဝန်ယူထားကြောင်း သိရှိရသည်။