“နေပြည်တော်မှာရှိတဲ့ ဗိုလ်ချုပ်မှူးကြီး အပါအဝင် ခေါင်းဆောင်တွေအနေနဲ့ တပ်မတော်က လက်အောက် ငယ်သားတွေရဲ့ အသက်တွေ ဘ၀တွေကို ငဲ့ညှာသောအားဖြင့် ရခိုင်ပြည်နယ်မှာ စစ်ရှုံးနေတယ်ဆိုတာကို လက်ခံပေးပါ”
ရန်ကုန်၊ ဒီဇင်ဘာ ၂၇
ရခိုင်ပြည်၊ အနောက်ပိုင်းတိုင်းစစ်ဌာနချုပ်နှင့် တပ်စခန်းများကို AA တပ်များက ဒီဇင်ဘာလ ၂၀ ရက်နေ့တွင် တိုက်ခိုက်သိမ်းပိုက်ခဲ့ပြီး ယင်းသိမ်းပိုက်မှုတွင် ဒုတိယတိုင်းမှူး ဗိုလ်မှူးချုပ် သောင်းထွန်း၊ တိုင်းဦးစီးချုပ် ဗိုလ်မှူးချုပ် ကျော်ကျော်သန်းနှင့် ဗိုလ်မှူးချုပ် သူရိန်ထွန်းတို့ကို လက်ရ အရှင်ဖမ်းဆီးရရှိခဲ့သည်။ ယင်းတို့အနက်မှ စစ်သုံ့ပန်း ဗိုလ်မှူးချုပ် ကျော်ကျော်သန်းနှင့် အမေးအဖြေကို AA တရားဝင် ရိုက်ကူးထုတ်လွှင့်ထားသည်။
မေး။ ။ ဗိုလ်မှူးချုပ်ရဲ့ ကိုယ်ရေးအကျဉ်းလေးကို ပြောပေးပါဦး။
ဖြေ။ ။ ကျနော်ကတော့ အလုပ်သင်ဗိုလ်လောင်းသင်တန်းအပတ်စဉ် ၂၁ သင်တန်းဆင်း ဖြစ်ပါတယ်။ အနောက်ပိုင်းတိုင်းစစ်ဌာနချုပ်ကို ၂၀၂၀ ခုနှစ်မှာ တိုင်းဦးစီးချုပ်အဖြစ် ရောက်ရှိ တာဝန်ထမ်းဆောင်ခဲ့ပါတယ်။
မေး။ ။ ဗိုလ်မှူးချုပ်က ဘယ်နေရာကို ရောက်ရှိနေတာလဲ။ ဘာကြောင့် ရောက်ရှိနေတာလဲ။
ဖြေ။ ။ ကျနော်ကတော့ အာရက္ခတပ်တော်ရဲ့ ထိန်းချုပ်မှုအောက်မှာ ရောက်ရှိနေပါတယ်။ အာရက္ခတပ်တော်က အနောက်ပိုင်းတိုင်းစစ်ဌာနချုပ်ကို တိုက်ခိုက်စဉ် ၂၀၂၄ ခုနှစ်၊ ဒီဇင်ဘာလ ၂၀ ရက်နေ့ နေ့လယ် ၁၂ နာရီအချိန်ခန့်မှာ အာရက္ခတပ်တော်ရဲ့ ဖမ်းဆီး ထိန်းသိမ်းခြင်းကို ခံခဲ့ရပါတယ်။
မေး။ ။ အခုဆိုလို့ရှိရင် ရခိုင်ပြည်ရဲ့ အဓိက မြို့ကြီး ၁၇ မြို့အနက်က ၁၄ မြို့ကို အာရက္ခတပ်တော်က သိမ်းပိုက်ထားပြီးဖြစ်တယ်။ ကျန်တာက စစ်တွေ ကျောက်ဖြူ မာန်အောင် ဒီသုံးမြို့ပဲ ကျန်တော့တယ်။ ဆိုတော့ အဲဒီမြို့မှာရှိတဲ့ ဗိုလ်မှူးချုပ်တို့ရဲ့ လုပ်ဖောက်ကိုင်ဖက် တပ်မှူးစစ်သည်တွေကို ဘာတွေပြောချင်လဲ။ ဘာတွေပြောစရာရှိလဲ။
ဖြေ။ ။ လုပ်ဖော်ကိုင်ဖက် တပ်မှူး စစ်သည်တွေကို ရခိုင်ပြည်ရဲ့ ပထဝီဝင် အနေအထားအရ စစ်ကူတွေ အလွယ်တကူရောက်ရှိဖို့ ခက်ခဲတယ်ဆိုတာကို တိုက်ပွဲစဉ်တွေက သိရှိပြီးဖြစ်ပါတယ်။ မင်းတို့တွေအနေနဲ့ ခေါင်းဆောင်မှု မပီသူတွေရဲ့ အောက်မှာ အသေခံပြီး တာဝန်ထမ်းဆောင်ခြင်းမပြုကြဖို့နဲ့ အာရက္ခတပ်တော်နဲ့အမြန်ဆက်သွယ်ပြီး လက်နက်ချ အလင်းဝင်ကြပါ။ တိုက်ပွဲတွေမှာလည်း အမြန်ဆုံး အလံဖြူထောင်ပြီးတော့ လက်နက်ချကြပါ။ အာရက္ခတပ်တော်အနေနဲ့ လက်လွတ်စပယ် မလုပ်ပါဘူး။ ဥပဒေနဲ့အညီပဲ ဆက်ဆံပါတယ်။ အာရက္ခတပ်တော်က သုံ့ပန်းတွေကို သုံ့ပန်းဥပဒေနဲ့အတိုင်းထိန်းသိမ်းထားရှိပါတယ်။ သူတို့တွေဆီမှာရှိတဲ့ ရိက္ခာ ဆေးဝါးတွေနဲ့ အစားအစားအသောက်တွေကို အစွမ်းကုန် ပြုစု ထိန်းသိမ်းစောင့်ရှောက်ပေးပါတယ်။ အာရက္ခတပ်တော်နဲ့ ဆက်သွယ်ပြီး အမြန်ဆုံး လက်နက်ချ အလင်းဝင်ကြပါ အဲဒါဆိုရင် မင်းတို့တွေ အသက်ချမ်းသာရာရမှာဖြစ်ပါတယ်။
မေး။ ။ ဘာကြောင့် အနောက်ပိုင်းတိုင်းစစ်ဌာနချုပ် ကျဆုံးရတာလဲ။ ဘာကြောင့် ဗိုလ်မှူးချုပ်က အဖမ်းခံရတာပါလဲဆိုတာကို အမှန်တိုင်းသုံးသပ်ပေးပါဦး။
ဖြေ။ ။ အနောက်ပိုင်းတိုင်းစစ်ဌာနချုပ်ကျဆုံးရခြင်းက စစ်ကူစစ်ကြောင်းတွေ အချိန်မီ ရောက်ရှိလာခြင်းမရှိခြင်းနဲ့အတူ ရောက်ရှိလာတဲ့ စစ်ကူစစ်ကြောင်းတချို့ဟာလည်း အာရက္ခတပ်တော်ရဲ့ ၀ိုင်းပတ်ချေမှုန်းခြင်းကို ခံခဲ့ရပါတယ်။ နောက်ဆုံးကျန်ရှိတဲ့ အနောက်ပိုင်းတိုင်းစစ်ဌာနချုပ်ရဲ့ ရုံးကို အာရက္ခတပ်တော်က လေးဘက်လေးတန် ၀ိုင်းပတ်ထိန်းချုပ် တိုက်ခိုက်ခံနေရတဲ့အချိန်မှာ ကျနော်တို့တွေဟာ ရိက္ခာ ဆေးဝါး ခဲယမ်း ရေ ပြတ်တောက် လုံလောက်မှုမရှိတော့ဘဲနဲ့ ခုခံကာကွယ်ခဲ့ရပါတယ်။ အရာရှိ စစ်သည်များဟာလည်း ထိခိုက်ဒဏ်ရာရရှိမှု များပြားခဲ့ပါတယ်။ သောက်စရာ ရေမရှိတော့တဲ့အထိ မိမိတို့ဟာ အစွမ်းကုန် ခုခံကာကွယ်ခဲ့ရပါတယ်။
သို့သော်လည်း အာရက္ခတပ်တော်ရဲ့ တိုက်ခိုက်မှုပုံစံနဲ့ တိုက်စွမ်းရည်တွေကြောင့် အနောက်ပိုင်းတိုင်းစစ်ဌာနချုပ် ကျဆုံးခဲ့ရပြီး ကျနော်တို့တွေ အဖမ်းခံခဲ့ရခြင်းဖြစ်ပါတယ်။
မေး။ ။ ဗိုလ်မှူးချုပ်အနေနဲ့ နေပြည်တော်နဲ့ မိသားစုကို ပါးချင်တဲ့ သတင်းစကား ရှိပါသလား။ ရှိရင် ပြောပေးပါဦး။
ဖြေ။ ။ နေပြည်တော်မှာရှိတဲ့ ဗိုလ်ချုပ်မှူးကြီး အပါအဝင် ခေါင်းဆောင်တွေအနေနဲ့ တပ်မတော်က လက်အောက်ငယ်သားတွေရဲ့ အသက်တွေ ဘ၀တွေကို ငဲ့ညှာသောအားဖြင့် ရခိုင်ပြည်နယ်မှာ စစ်ရှုံးနေတယ်ဆိုတာကို လက်ခံပေးပါ။ ပြည်သူလူထုကို ဗုံးကျဲတာတွေ အကြမ်းဖက်တာတွေ ရပ်တန့်ပေးပါ။ ဆက်လက် လုပ်ဆောင်မယ်ဆိုရင် တပ်မိသားစုတွေနဲ့ ပြည်သူတွေရဲ့ အမုန်းတရားတွေကို နာကြည်းမှုတွေကိုပဲ မျိုးဆက်အလိုက် ရရှိခံစားရမယ်ဆိုတာကို သိစေချင်ပါတယ်။
မိသားစုအနေနဲ့ ကျနော်ဟာ အာရက္ခတပ်တော်ရဲ့ ထိန်းသိမ်းမှုအောက်မှာ ကျန်းကျန်းမာမာနဲ့ရှိနေပြီး စိတ်မပူဖို့ ပြောကြားလိုပါတယ်။ ကျနော်ပြောချင်တာ ဒီလောက်ပါပဲ။