အနောက်ပိုင်းတိုင်းစစ်ဌာနချုပ်ကို သိမ်းပိုက်ရာတွင် “ရန်သူ့လက်နက် ကိုယ့်လက်နက်” အဖြစ် စစ်တပ်ထံမှ သိမ်းဆည်းရရှိသော တင့်ကား၊ အမြောက်၊ စက်လက်နက်များ အပါအဝင် လက်နက်ခဲယမ်းများ အသုံးပြု တိုက်ခိုက်ဟု AA က ထုတ်ပြန် (ရုပ်/သံ)
ရန်ကုန်၊ ဒီဇင်ဘာ ၂၇
ရခိုင်ပြည်၊ အမ်းမြို့နယ်ရှိ အနောက်ပိုင်းတိုင်းစစ်ဌာနချုပ်ကို သိမ်းပိုက်ရာတွင် “ရန်သူ့လက်နက် ကိုယ့်လက်နက်” အဖြစ် စစ်တပ်ထံမှ သိမ်းဆည်းရရှိသော တင့်ကား၊ အမြောက်၊ စက်လက်နက်များ အပါအဝင် လက်နက်ခဲယမ်းများ အသုံးပြု တိုက်ခိုက်သိမ်းပိုက်နိုင်ခဲ့ကြောင်း AA က ဗီဒီယိုနှင့်တကွ ထုတ်ပြန်သည်။
အနောက်ပိုင်းတိုင်းစစ်ဌာနချုပ်ကို ဝိုင်းဝန်းပိတ်ဆို့ပြီး တိုက်ခိုက်ရာတွင် စစ်ကောင်စီတပ်ထံမှ သိမ်းဆည်းရရှိထားသော တင့်ကားများ၊ အမြောက်များ၊ ပွိုင့်ဖိုက်များ၊ စက်လက်နက်များကို ပြန်လည်အသုံးပြုခဲ့သည်ကို ဓာတ်ပုံ ဗီဒီယိုများနှင့်တကွ ထုတ်ပြန်ထားသည်။
စစ်ကောင်စီအနေဖြင့် အနောက်ပိုင်းတိုင်းစစ်ဌာနချုပ်ကို လက်လွှတ်ဆုံးရှုံးရခြင်းမှာ စစ်ကူစစ်ကြောင်းများ အချိန်မီ မရောက်ရှိခြင်းနှင့် AA ၏ တိုက်ခိုက်ရေး ကောင်းမွန်မှုတို့ကြောင့် ဖြစ်ကြောင်း စစ်သုံ့ပန်း ဗိုလ်မှူးချုပ် ကျော်ကျော်သန်းက ထုတ်ဖော်ပြောဆိုထားသည်။
“အနောက်ပိုင်းတိုင်းစစ်ဌာနချုပ်ကျဆုံးရခြင်းက စစ်ကူစစ်ကြောင်းတွေ အချိန်မီ ရောက်ရှိလာခြင်းမရှိခြင်းနဲ့အတူ ရောက်ရှိလာတဲ့ စစ်ကူစစ်ကြောင်းတချို့ဟာလည်း အာရက္ခတပ်တော်ရဲ့ ၀ိုင်းပတ်ချေမှုန်းခြင်းကို ခံခဲ့ရပါတယ်။ နောက်ဆုံးကျန်ရှိတဲ့ အနောက်ပိုင်းတိုင်းစစ်ဌာနချုပ်ရဲ့ ရုံးကို အာရက္ခတပ်တော်က လေးဘက်လေးတန် ၀ိုင်းပတ်ထိန်းချုပ် တိုက်ခိုက်ခံနေရတဲ့အချိန်မှာ ကျနော်တို့တွေဟာ ရိက္ခာ ဆေးဝါး ခဲယမ်း ရေ ပြတ်တောက် လုံလောက်မှုမရှိတော့ဘဲနဲ့ ခုခံကာကွယ်ခဲ့ရပါတယ်။ အရာရှိ စစ်သည်များဟာလည်း ထိခိုက်ဒဏ်ရာရရှိမှု များပြားခဲ့ပါတယ်။ သောက်စရာ ရေမရှိတော့တဲ့အထိ မိမိတို့ဟာ အစွမ်းကုန် ခုခံကာကွယ်ခဲ့ရပါတယ်။ သို့သော်လည်း အာရက္ခတပ်တော်ရဲ့ တိုက်ခိုက်မှုပုံစံနဲ့ တိုက်စွမ်းရည်တွေကြောင့် အနောက်ပိုင်းတိုင်းစစ်ဌာနချုပ် ကျဆုံးခဲ့ရပြီး ကျနော်တို့တွေ အဖမ်းခံခဲ့ရခြင်းဖြစ်ပါတယ်” ဟု ၎င်းက ဆိုသည်။
ရခိုင်ပြည်နယ်၊ အမ်းမြို့နယ်ရှိ အနောက်ပိုင်းတိုင်းစစ်ဌာနချုပ်ကို ဒီဇင်ဘာလ ၂၀ ရက်နေ့တွင် AA က အပြီးသတ် တိုက်ခိုက်သိမ်းပိုက်ရရှိခဲ့ခြင်းဖြစ်သည်။
အနောက်ပိုင်းတိုင်းစစ်ဌာနချုပ် (နပခ) အား တိုက်ခိုက်သိမ်းပိုက်သည့် ရုပ်သံမှတ်တမ်း
****************
ရခိုင်ပြည်နယ်၊ အမ်းမြို့နယ်အခြေစိုက် အနောက်ပိုင်းတိုင်းစစ်ဌာနချုပ် (နပခ) ကို ဒီဇင်ဘာ ၂၀ ရက်တွင် AA က အပြီးသတ်သိမ်းပိုက်လိုက်ပြီး ဒုတိုင်းမှူးအပါအဝင် စစ်ကောင်စီတပ်သားများကို လက်ရဖမ်းမိခဲ့သည်။
နပခဒုတိုင်းမှူး ဗိုလ်မှူးချုပ်သောင်းထွန်းနှင့် နပခ တိုင်းစစ်ဦးစီးမှူး ဗိုလ်မှူးချုပ် ကျော်ကျော်သန်း တို့ကို အရှင်ဖမ်းမိခဲ့သည်ဟု AA က ဆိုသည်။
စက်တင်ဘာကတည်းက စတင်သော အမ်းမြို့နယ်တိုက်ပွဲများအတွင်း စစ်ဌာနချုပ်၊ လေဆိပ်အပါအဝင် စစ်စခန်း ၃၀ ကျော်ကို တိုက်ခိုက်သိမ်းပိုက်နိုင်ခြင်း ဖြစ်သည်။
စစ်ကောင်စီသည် ရှမ်းပြည်နယ်မြောက်ပိုင်းတွင် အရှေ့မြောက်တိုင်းစစ်ဌာနချုပ် (ရမခ) ကို ကိုးကန့်တပ် (MNDAA) ထံ လက်လွှတ်လိုက်ရပြီးနောက် ရခိုင်းနှင့်ချင်း စစ်ဒေသများအတွက် အရေးပါသော တိုင်းစစ်ဌာန ချုပ် နောက်တစ်ခုကိုပါ လက်လွှတ်လိုက်ရခြင်းလည်းဖြစ်သည်။
အမ်းမြို့နယ် သိမ်းပိုက်နိုင်ရေးအတွက် SAF, PIA ကျောင်းသားတပ်ဖွဲ့ ၂ ဖွဲ့က AA နှင့်အတူ တိုက်ခိုက်နေသလို မကွေးတိုင်းအခြေစိုက် မဟာမိတ်တပ်ဖွဲ့များကလည်း အမ်း-ပဒါန်းလမ်းပိုင်းတွင် ကူညီတိုက်ခိုက်ပေးခဲ့ကြသည်။
လက်ရှိတွင် ဂွမြို့၌ တိုက်ပွဲပြင်းထန်နေပြီး ရခိုင် ၁၇ မြို့နယ်အနက် မြေပုံ၊ မင်းပြား၊ မြောက်ဦး ၊ ကျောက်တော်၊ ပေါက်တော၊ ပုဏ္ဏားကျွန်း၊ ရသေ့တောင်၊ ဘူးသီးတောင်၊ ရမ်းဗြဲ၊ သံတွဲ၊ မောင်တောမြို့၊ တောင်ကုတ်၊ အမ်း စသည့် ၁၃ မြို့တို့ အပြင် ချင်းပြည်နယ် ပလက်ဝမြို့ကို AA က သိမ်းပိုက်ထားသည်။
အဆိုပါ နပခဌာနချုပ်အား သိမ်းပိုက်ခဲ့သည့် ရုပ်သံမှတ်တမ်းကို AA က ဒီဇင်ဘာ ၂၆ ညပိုင်း၌ ထုတ်ပြန်လာခြင်းဖြစ်ပြီး ဗိုလ်မှူးချုပ် ကျော်ကျော်သန်း ပြောဆိုချက်များလည်း ပါဝင်သည်။
၂၀၂၀ တွင် နပခသို့ပြောင်းလာခဲ့သည့် ဗိုလ်မှူးချုပ်ကျော်ကျော်သန်းက အဆိုပါရုပ်သံတွင် အမြန်ဆုံး လက်နက်ချရန် တိုက်တွန်းခဲ့သည်ကို တွေ့ရသည်။
“ နေပြည်တော်မှာရှိတဲ့ ဗိုလ်ချုပ်မှူးကြီးအပါအဝင် ခေါင်းဆောင်တွေအနေနဲ့ တပ်မတော်က လက်အောက်ငယ်သားတွေရဲ့ အသက်တွေ၊ ဘဝတွေကို ငဲ့ညှာသောအားဖြင့် ရခိုင်ပြည်နယ်မှာ စစ်ရှုံးနေတယ်ဆိုတာကို လက်ခံပေးပါ။ ပြည်သူလူထုကို ဗုံးကြဲနေတာတွေ အကြမ်းဖက်တာတွေ ရပ်တန့်ပေးပါ။ ဆက်လက်လုပ်ဆောင်မယ်ဆိုရင် တပ်မိသားစုတွေရဲ့ ပြည်သူတွေရဲ့ အမုန်းတရားတွေ ၊ နာကျည်းမှုတွေကိုပဲ မျိုးဆက်လိုက် ရရှိခံစားရလိမ့်မယ်ဆိုတာကို သိစေချင်ပါတယ်” ဟု ၎င်းက ဆိုသည်။
သုံ့ပန်းအဖြစ် ဖမ်းဆီးခံထားရသည့် အဆိုပါ စစ်ကောင်စီအရာရှိ ခြိမ်းခြောက်ခံထားရခြင်း ရှိမရှိ မသိရပေ။
ရုပ်သံ- AA Info Desk