စစ်တပ်ဆယ်လီ ဒုတပ်ကြပ် ရာဇာထက် လက်နက်ခဲယမ်းနှင့် အလင်းဝင်

by

in

စစ်တပ်ဆယ်လီ ဒုတပ်ကြပ် ရာဇာထက် လက်နက်ခဲယမ်းနှင့် အလင်းဝင်
ဧရာဝတီတိုင်းမ်
ဒီဇင်ဘာ ၂၄ ရက်

ဖေ့စ်ဘွတ်ပေါ်တွင် လူသိများသည့် စစ်တပ်ဆယ်လီ ဒုတပ်ကြပ် ရာဇာထက်သည် လက်နက်ခဲယမ်းနှင့်အတူ ဒီဇင်ဘာ ၁၇ ရက်နေ့က အလင်းဝင်ရောက်လာခဲ့ကြောင်း CDF CDM SIYIN တာဝန်ရှိသူထံက သိရှိရသည်။
ဒုတပ်ကြပ် ရာဇာထက်သည် ၎င်းတာဝန်ထမ်းဆောင်သည့် ချင်းပြည်နယ်၊ တီးတိန်မြို့အခြေစိုက် စစ်ကောင်စီတပ်၏ ခလရ ၂၆၉ တပ်ရင်းမှ ဒီဇင်ဘာလ ၁၇ရက်နေ့တွင် CDF CDM SIYIN ထံ အလင်းဝင်ရောက်လာခြင်းဖြစ်သည်။
ဒုတပ်ကြပ် ရာဇာထက်သည် စစ်ကောင်စီတပ်ထဲတွင် တာဝန်ထမ်းဆောင်စဥ် ဟာသဗွီဒီယို အတိုလေးများ ရိုက်ကူးပြီး ၎င်းအသုံးပြုသည့် ဖေ့စ်ဘွတ်အကောင့် နှင့် YouTube ပေါ်တွင် တင်ကာ ကြည့်ရှူသူများပြားလာပြီး လူသိများလာသူဖြစ်သည်။
ထို့အပြင် ၎င်းအသုံးပြုသည့် ဖေ့စ်ဘွတ်အကောင့်ကလည်း ဖော်လိုဝါး သုံးသောင်းကျော်ရှိပြီး တင်ထားသည့် ဟာသဗွီဒီယိုရုပ်ဖိုင်ကို ကြည့်ရှူ့သူ တစ်သိန်းနှင့်အထက်တွင်ရှိသည်။
တီးတိန်မြို့ ခလရ ၂၆၉ တပ်ရင်းမှ ဒုတပ်ကြပ် ရာဇာထက် အပါအဝင် နှစ်ဦးနှင့် တီးတိန် မြို့မရဲစခန်းမှ ရဲတပ်ဖွဲ့ဝင် နှစ်ဦးတို့သည် ဒီဇင်ဘာလ ၁၇ ရက်နေ့က CDF CDM SIYIN ထံ ဆက်သွယ်ပြီး လက်နက်ခဲယမ်းအချို့နှင့် အလင်းဝင်ရောက်လာကာ ၎င်းတို့ကို​ ဆုငွေများ ချီးမြင့်ခဲ့ကြောင်း သိရှိရသည်။
“အလင်းဝင်လာတုန်းက ဆယ်လီ ရာဇာထက် ဆိုတာ မသိဘူး။ နောက်မှ ကျွန်တော်တို့ သူ့ဖုန်း စစ်တော့ ဆယ်လီဆိုတာ သိရတာပါ။ သူတို့ကို ကောင်းကောင်းမွန်မွန် စောင့်ရှောက်ပေးထားပါတယ်” ဟု CDF CDM SIYIN တာဝန်ရှိသူတစ်ဦးက ဧရာဝတီတိုင်းမ်ကို ပြောသည်။
ဒုတပ်ကြပ် ရာဇာထက်သည် စစ်တပ်အာဏာသိမ်းပြီးနောက် တီးတိန်မြို့ ခလရ ၂၆၉ တပ်ရင်းတွင် ပြောင်းရွှေ့တာဝန်ကျသူဖြစ်သည်။
“ရာဇာထက်က သူဘာသာသူ ဟာသတွေ ရိုက်တယ်။ ဖေ့စ်ဘွတ်ပေါ် တင်တယ်။ ယူကျူ့မှာ တင်တယ်။ တခြား စစ်တပ်ဆယ်လီတွေလို မဟုတ်ဘူး။ PDF မကောင်းကြောင်း၊ NLD မကောင်းကြောင်းလည်း မပြောဘူး။ လူမျိုးရေး၊ ဘာသာရေးလည်း မကောင်းကြောင်း မပြောဘူး” ဟု ဒုတပ်ကြပ် ရာဇာထက်အကြောင်း သိရှိသူတစ်ဦးက ဧရာဝတီတိုင်းကို ပြောသည်။
ပြီးခဲ့သည့် ၂၀၂၃ ခုနှစ်၊ နိုဝင်ဘာလတုန်းကလည်း တီးတိန်မြို့နယ်၊ ကနေဒီတောင် တပ်စခန်းသိမ်း တိုက်ပွဲတွင် စစ်တပ်ဆယ်လီ ဝေယံမိုးသက်ကိုလည်း PDF Zoland က စစ်သုံ့ပန်းအဖြစ် ဖမ်းဆီးခဲ့သည်။
#စစ်တပ်ဆယ်လီ #ဒုတပ်ကြပ် #ရာဇာထက် #လက်နက်ခဲယမ်းနှင့်အလင်းဝင် #Ayeyarwaddy_Times