ဂွမြို့ကို တင့်ကားနှင့် စစ်ကူများပို့ထားသော်လည်း ခမရ ၅၆၂ မှ စစ်ကောင်စီ အရာရှိများ စတင်ထွက်ပြေး

by

in

ဂွမြို့ကို တင့်ကားနှင့် စစ်ကူများပို့ထားသော်လည်း ခမရ ၅၆၂ မှ စစ်ကောင်စီ အရာရှိများ စတင်ထွက်ပြေး
ဧရာဝတီတိုင်းမ်
ဒီဇင်ဘာ ၂၅ရက်
စစ်ကောင်စီ တပ်ရင်းတစ်ခုသာကျန်ရှိတော့သည့် ဂွကို တင့်ကားနှင့် စစ်အင်အားဖြည့်တင်းထားသော်လည်း ကျန်ရှိသည့်တပ်ရင်းမှ စစ်ကောင်စီတပ်အရာရှိများ စတင်ဆုတ်ခွာနေပြီဖြစ်ကြောင်း သိရသည်။
ယနေ့ ဒီဇင်ဘာ ၂၅ရက် နံနက်ပိုင်းမှစတင်ပြီး ဂွရှိ ခမရ ၅၆၂တပ်ရင်းမှ စစ်အရာရှိများ စတင်ဆုတ်ခွာနေကြပြီး မြို့ကို အာရက္ခတပ်တော် (AA) က ပိတ်ဆို့ထားကြောင်း သိရသည်။
ပြီးခဲ့သည့် ဒီဇင်ဘာ ၂၃ရက် ညပိုင်းအချိန်တွင် စစ်ကောင်စီက တင့်ကားနှင့် စစ်ကားအစီးရေ ၂၀ ပါဝင်သည့် စစ်ကြောင်း ကို ဂွ-ငသိုင်းချောင်းလမ်းမှတစ်ဆင့် ဂွမြို့ကို အင်အားဖြည့်တင်းခဲ့ကြောင်း သိရသည်။
ထို့အပြင် အမြောက်တပ် ၃၄၄တွင်လည်း ရဟတ်ယာဉ်ကွင်းများပြင်ဆင်ဆောက်လုပ်နေပြီး တင့်ကား သုံးစီးကို အဆင်သင့်ပြင်ထားကြောင်း သိရသည်။
“အမတ ၃၄၄မှာ ဟန့်တားစစ်ပြင်ထားတယ်။ အသေခံ ခံစစ်မဟုတ်ဘူး။ ဟန့်စစ်လောက်ပဲ။ AAက ငါးသိုင်းချောင်းကို တောက်လျောက်မဖောက်ဘဲ ပြည်-ပန်းတောင်းကနေဖောက်ဝင်မယ် ဆိုပြီး ငါးသိုင်းချောင်း အမြောက်တပ်ကို ဟန့်စစ်သဘောထားနေတာ” ဟု ရခိုင်သတင်းရင်းမြစ်က ဧရာဝတီတိုင်းမ်ကိုပြောသည်။
ဂွသို့ ပို့ဆောင်ထားသည့် တင့်ကားများ ယမန်နေ့ညက အမတ ၃၄၄ထံ ပြန်လည်ဆုတ်ခွာလာရပြီး လက်နက်ကြီးများဖြင့်သာ ဂွမြို့ကို ပစ်ကူပေးလျက်ရှိသည်ဟု ဧရာဝတီတိုင်းမ်၏ အခြားသတင်းရင်းမြစ်က အသိပေးပြောကြားသည်။
ပြီးခဲ့သည့် ဒီဇင်ဘာ ၂၀ရက်နေ့က ဂွမြို့ရှိ ခမရ ၅၆၃ကို AA က သိမ်းယူထားပြီး ခမရ ၅၆၂ကိုပိတ်ဆို့တိုက်ခိုက်နေရာ ပိတ်ဆို့ခံထားရသည့် ခမရ ၅၆၂မှ စစ်ကောင်စီ ၆၀ခန့် လက်နက်ချခဲ့ကြပြီး အချို့မှာလည်း ထွက်ပြေးကြကြောင်း သိရသည်။
ခမရ ၅၆၂မှ ပြန်လည်တိုက်ခိုက်နေသူများနှင့် AAတို့ ဆက်လက်တိုက်ပွဲပြင်းထန်နေပြီး ယနေ့ ဒီဇင်ဘာ ၂၅ ရက်
နံနက်ပိုင်းတွင် အရာရှိစစ်သည်တချို့ စတင်ထွက်ပြေးမှုများရှိကြောင်း သိရသည်။
#ဂွ #ခမရ၅၆၂ #တင့်ကားစစ်ကူပို့ #အရာရှိများ #ထွက်ပြေး #Ayeyarwaddy_Times