အာရှလမ်းပိုင်းအချို့မှာ အကြမ်းဖက်စစ်တပ် မြေပြင်စစ်ရေး မလှုပ်ရှားနိုင်ဘဲ မိုင်းထောင်တာနဲ့ ဒရုန်းဗုံးကြဲတာသာ လုပ်ဆောင်နေ

by

in

အာရှလမ်းပိုင်းအချို့မှာ အကြမ်းဖက်စစ်တပ် မြေပြင်စစ်ရေး မလှုပ်ရှားနိုင်ဘဲ မိုင်းထောင်တာနဲ့ ဒရုန်းဗုံးကြဲတာသာ လုပ်ဆောင်နေ
ဒီဇင်ဘာ၂၅၊ ၂၀၂၄
ကရင်ပြည်နယ် မြဝတီ-ကော့ကရိတ် အာရှလမ်းပိုင်းမှာ အကြမ်းဖက်စစ်တပ်ရဲ့ စစ်ရေးလှုပ်ရှားမှု ပြုလုပ်ရာ နေရာတွေကို KNLA ဦးဆောင်တဲ့ တော်လှန်ရေးတပ်ဖွဲ့တွေက ပိတ်ဆို့တိုက်ခိုက်မှုတွေ လုပ်နေတာကြောင့် အကြမ်းဖက်စစ်တပ်က မိုင်းထောင်တာတွေ၊ ဒရုန်းနဲ့ဗုံးကြဲတာတွေ ပိုမိုလုပ်ဆောင်လာတယ်လို့ သိရပါတယ်။
အကြမ်းဖက်စစ်တပ်ဟာ မြေပြင်မှာ စစ်ရေးလှုပ်ရှားမှုတွေ သိပ်မလုပ်နိုင်တော့ဘဲ အာရှလမ်းပိုင်းတလျှောက် မိုင်းထောင်တာနဲ့ ဒရုန်းဗုံးကြဲတာသာ လုပ်ဆောင်နေတယ်လို့ တော်လှန်ရေးတပ်ဖွဲ့တွေဆီက သိရပါတယ်။
“ဒရုန်းနဲ့ ဗုံးကြဲတာကတော့ ရိုးနေပြီ။ သူတို့စစ်ကြောင်းတွေက ဟန်ပြလောက်ပဲ မြေပြင်မှာလှုပ်ရှားနိုင်တော့တယ်။ တက်သမျှသေ ပိုသမျှကုန်ဖြစ်နေတော့ လမ်းတွေမှာ လူမသိသူမသိ နင်းမိုင်း တိုက်မိုင်းတွေ လိုက်ထောင်တယ်။ ပြီးတော့ မထင်ရင်မထင်သလို ဒရုန်းတွေနဲ့ ဗုံးကြဲတာ။ ရိက္ခာပို့တာကိုပဲ လုပ်နေတော့တယ်” လို့ KNLA ပူးပေါင်းတော်လှန်ရေးတပ်ဖွဲ့ဝင်တစ်ယောက်က မောင်းကိုပြောပါတယ်။
“ကရင်ပြည်နယ်တပ်မဟာ ၆ နယ်မြေထဲရှိတဲ့ အနန်းကွင်းဗျူဟာကုန်းဆိုရင်လည်း ကျနော်တို့တော်လှန်ရေးတပ်ဖွဲ့ဘက်က အပြင်းပြေ ဒရုန်းဗုံးသီးစမ်းသပ်နေတဲ့နေရာလို ဖြစ်နေပြီ။ ဘန်ကာတွေ အခိုင်အမာလုပ်ထားပြီး အပြင်မထွက်ရဲတဲ့ ကောင်တွေဖြစ်နေတယ်။ ဒရုန်းကတော့ ၂၀၂၄ ခုနှစ်နောက်ပိုင်း ပိုသုံးလာတာတွေ့ရတယ်။ စစ်ကြောင်းလိုက် စစ်ရေးလှုပ်ရှားတော့မယ်ဆိုရင် သူတို့ဘက်က ကင်းထောက်ဒရုန်းအပြင် အဝေးက လက်နက်ကြီးပစ်ခတ်ပြီးမှ စစ်ရေးလှုပ်ရှားရဲတော့တာ တွေ့နေရတယ်” လို့လည်း အထက်ပါတော်လှန်ရေးတပ်ဖွဲ့ဝင်က ဆက်ပြောပါတယ်။
ကော့ကရိတ်မြို့နယ်အတွင်း တိုက်ပွဲဖော်ဆောင်ဖို့ အကြမ်းဖက်စစ်တပ်က အင်အားဖြည့်တင်းမှုတွေ လုပ်နေပေမယ့် တော်လှန်ရေးတပ်ဖွဲ့တွေက ကြားဖြတ်တိုက်ခိုက်မှုတွေ လုပ်နေတာကြောင့် စစ်ရေးမဖော်ဆောင်နိုင်ဘဲ စစ်ရေးပစ်မှတ်မဟုတ်တဲ့ နေရာတွေမှာသာ စစ်ကြောင်းထိုးလှုပ်ရှားမှုတွေ လုပ်ဆောင်နေတယ်လို့ သိရပါတယ်။
ပုံစာ – အာရှလမ်းပိုင်းမှာ တော်လှန်ရေးတပ်ဖွဲ့တွေ တိုက်ခိုက်သိမ်းပိုက်ထားတဲ့ စစ်တပ်ယာဥ် (ပုံဟောင်း)