ပေါက်ခေါင်း၊ လက်ပံတန်းနှင့် အုတ်ဖိုတွင် လူငယ်များကို စစ်တပ်က ဖမ်းဆီးပြီး ၁ ဦးလျှင် ငွေကျပ် သိန်း ၁၀၀ ကျော်ဖြင့် ပြန်ရွေးခိုင်း၊ ပေါက်ခေါင်းတွင် စစ်ကားကို ဟွန်းတီးမိသည့် အမျိုးသမီး ၁ ဦးကို စစ်တပ်က ပါးရိုက်

by

in

ပေါက်ခေါင်း၊ လက်ပံတန်းနှင့် အုတ်ဖိုတွင် လူငယ်များကို စစ်တပ်က ဖမ်းဆီးပြီး ၁ ဦးလျှင် ငွေကျပ် သိန်း ၁၀၀ ကျော်ဖြင့် ပြန်ရွေးခိုင်း၊ ပေါက်ခေါင်းတွင် စစ်ကားကို ဟွန်းတီးမိသည့် အမျိုးသမီး ၁ ဦးကို စစ်တပ်က ပါးရိုက်
ရန်ကုန်၊ ဒီဇင်ဘာ ၁၆
ပဲခူးတိုင်း၊ ပေါက်ခေါင်းမြို့နယ်၊ လက်ပံတန်းမြို့နယ်နှင့် အုတ်ဖိုမြို့နယ်တို့တွင် အကြမ်းဖက် စစ်တပ်က လူငယ် ၇ ဦးကို ပေါ်တာဆွဲ ဖမ်းဆီးပြီး ၁ ဦးလျှင် ငွေကျပ် သိန်း ၁၀၀ ကျော်ဖြင့် ပြန်ရွေးခိုင်းကြောင်း ဒေသ ပြည်သူများက ရန်ကုန်ခေတ်သစ် မီဒီယာသို့ ပြောဆိုသည်။
အုတ်ဖိုမြို့နယ်၊ အေးမြသာယာမြို့ ပျူစောထီး ခေါင်းဆောင် ဝဏ္ဏ ဦးဆောင်သော ပျူစောထီးများနှင့် စစ်သားများက ရွာသစ်ကျေးရွာအနီးရှိ ကားလမ်းပိုင်း၌ ပြည်သူများကို ပေါ်တာဆွဲဖမ်းဆီး၍ ငွေညှစ်မှုများ လုပ်ဆောင်ခဲ့ကြောင်း၊ ဒီဇင်ဘာလ ၉ ရက်နေ့ အုတ်ဖိုမြို့နယ်၊ စဥ့်ကူးရွာသား ကိုဇော်ဝင်းသူကို စစ်သားများက ဖမ်းဆီးပြီး ငွေကျပ် သိန်း ၁၀၃ ဖြင့် ပြန်လည် ရွေးထုတ်ခဲ့ရကြောင်း ၊ ဒီဇင်ဘာလ ၁၀ ရက်နေ့တွင်လည်း အုတ်ဖိုမြို့နယ်၊ ကုက္ကိုကုန်းရွာမှ ကိုဇော်လင်းကို အကြမ်းဖက် စစ်ကောင်စီ တပ်သားများက ဖမ်းဆီးပြီး ငွေကျပ် ၉၂ သိန်း ၅ သောင်း ဖြင့် ပြန်လည် ရွေးထုတ်ခဲ့ရကြောင်း သိရှိရသည်။
ဒီဇင်ဘာလ ၁၂ ရက်နေ့တွင် လက်ပံတန်းမြို့နယ်၊ ဂုံညင်းတန်းကျေးရွာ လမ်းဆုံရှိ ရန်ကုန်-ပြည် ကားပိုင်းတွင် လူငယ် ၄ ဦးကို ပျူစောထီး ခေါင်းဆောင် စိုးမင်း ဦးဆောင်သော ပျူစောထီးများနှင့် စစ်သားများက ဖမ်းဆီးခဲ့ကြောင်း၊ ဒီဇင်ဘာလ ၁၃ ရက်နေ့ ညနေပိုင်းကလည်း ပေါက်ခေါင်းမြို့နယ်၊ ကုန်းတန်းကျေးရွာမှ လူငယ် ၁ ဦးကို အကြမ်းဖက် စစ်ကောင်စီ တပ်သားများက ပေါ်တာဆွဲ ဖမ်းဆီးခဲ့ကြောင်း သိရသည်။
ထို့ပြင် ပဲခူးတိုင်း၊ ပေါက်ခေါင်းမြို့နယ်တွင်လည်း စစ်ကောင်စီ တပ်သားများ လိုက်ပါလာသည့် ကား ၁ စီးကို အမျိုးသမီး ၁ ဦးက ဟွန်းတီးမိ၍ စစ်သားများက ပါးရိုက်ပြီး သေနတ်ဒင်ဖြင့်ထုသွားကြောင်း ဒေသပြည်သူများက ရန်ကုန်ခေတ်သစ် မီဒီယာသို့ ပြောဆိုသည်။
ဒီဇင်ဘာလ ၁၃ ရက်နေ့တွင် ပေါက်ခေါင်းမြို့နယ်၊ ဒွရွာ ကျေးရွာမှ အမျိုးသမီးတစ်ဦးသည် ဒွရွာ‌ကျေးရွာ ရွာလမ်းတွင် အကြမ်းဖက် စစ်ကောင်စီတပ်သားများ လိုက်ပါလာသော ကား ၁ စီးကို ဆိုင်ကယ်ဖြင့် ဟွန်းတီးမိ၍ စစ်သားများက ကားပေါ်က ဆင်းပြီး ပါးရိုက်ကာ သေနတ်ဒင်ဖြင့် ထုသွားကြောင်း သိရသည်။
“စစ်ခွေးအဖွဲ့တွေ စီးလာတဲ့ အိမ်စီးကား ရပ်ထားတာကို စစ်ခွေးမှန်း မသိဘဲ နောက်ကနေ ဆိုင်ကယ် ဟွန်းတီး လို့ဆိုပြီး စစ်ခွေးတွေက ကားပေါ်ကဆင်းလာပြီး အဲအမျိုးသမီးကို ပါးတွေရိုက် သေနတ်ဒင်နဲ့ ထုထောင်းသွားတယ်” ဟု ဒေသပြည်သူတစ်ဦးက ပြောဆိုသည်။
ဓာတ်ပုံ- ရန်ကုန်လမ်းများပေါ်တွင် စစ်ဆေးမှုများ လုပ်ဆောင်နေသော အကြမ်းဖက်စစ်သားများ။ (ပုံအဟောင်းဖြစ်ပါသည်။)