နိုင်ငံတစ်ဝန်း စစ်မှုထမ်းအပတ်စဉ် ၈ အတွက် လူပြည့်မီခြင်းမရှိသဖြင့် ဒီဇင်ဘာလလယ် အထိ စစ်သင်တန်း မစတင်နိုင်သေး၊ သာကေတမြို့နယ်တွင် ယမန်နေ့ညပိုင်း လူငယ် ၃၀ ကျော် ဖမ်းဆီးခံရ
ရန်ကုန်၊ ဒီဇင်ဘာ ၁၆
မြန်မာနိုင်ငံတစ်ဝန်းတွင် စစ်မှုထမ်း အပတ်စဉ် ၈ အတွက် လိုအပ်သော တပ် သားသစ်အရေအတွက် ရရှိခြင်းမရှိသဖြင့် ယခု ဒီဇင်ဘာလလယ်အထိ စစ်မှု ထမ်း သင်တန်း မစတင်နိုင်သေးကြောင်း ရန်ကုန်တိုင်းထွေ/အုပ် သတင်းရင်းမြစ် ထံမှ သိရှိရသည်။
ပုံမှန်အားဖြင့် ၂၀၂၄ ခုနှစ် မေလမှ စတင်ခဲ့သော စစ်မှုထမ်းသင်တန်းများကို လစဉ် ပထမအပတ်အတွင်း စတင်လေ့ရှိကြောင်း၊ သို့ရာတွင် ယခုအပတ် စဉ် ၈ တွင် လိုအပ်သော တပ်သားသစ်အရေအတွက် ရရှိခြင်းမရှိသဖြင့် ဒီဇင် ဘာလ ၁၅ ရက်နေ့ သင်တန်းစတင်နိုင်ခြင်းမရှိကြောင်း၊ သက်ဆိုင်ရာ ပြည်ထဲရေးနှင့် စစ်မှုထမ်းဆင့်ခေါ်ရေး ဗဟိုအဖွဲ့က အသက် ၁၈ နှစ်မှ အသက် ၃၅ နှစ်အတွင်း လူငယ်များကို စစ်မှုထန်းရန် လုံလောက်သော အရေအတွက် ရရှိသည်အထိ စုဆောင်းရန် ညွှန်ကြားချက်များ ထွက်ရှိထားကြောင်း သိရှိရသည်။
“ပုံမှန်ဆိုရင်တော့ လစဉ် ပထမအပတ်လောက်မှာ စစ်မှုထမ်းသင်တန်းသစ်တွေ စတင်ပါတယ်။ နောက်အကျဆုံးက ဒုတိယအပတ်ပဲ။ အခုကတော့ တတိယအပတ်ထဲ ဝင်လာပြီး မစတင်နိုင်သေးဘူး။ ရန်ကုန်တိုင်းအနေနဲ့တော့ လူမပြည့်မီသေးဘူး” ဟု ရန်ကုန်တိုင်းထွေ/အုပ် သတင်းရင်းမြစ်က ရန်ကုန်ခေတ် သစ်သတင်းဌာနထံသို့ ပြောဆိုသည်။
ရန်ကုန်တိုင်းအတွင်းတွင် ပေါ်တာဆွဲဖမ်းဆီးမှုများ ဖြစ်ပေါ်နေရာ သာကေတမြို့နယ် ၈ ရပ်ကွက်တွင် ယမန်နေ့ ညပိုင်း အလုပ်သွားအလုပ်ပြန်နှင့် ညပိုင်း လမ်းပေါ်တွင် သွားလာနေသော လူငယ် ၃၀ ကျော် ဖမ်းဆီးခံရကြောင်း ဖမ်းဆီးခံရသော လူငယ် ၁ ဦး၏ မိဘက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။
ယမန်နေ့ညပိုင်း ၎င်း၏ သားဖြစ်သူ ည ၁၀ နာရီအချိန်ကျော်အထိ အလုပ်မှ ပြန်မလာ၍ လိုက်လံစုံစမ်းရာမှ စစ်မှုထမ်းအဖြစ် စုဆောင်းခံရကြောင်း သိရှိရကြောင်း၊ ထို့ကြောင့် သက် ဆိုင်ရာ တပ်နယ်တာဝန်ရှိသူများနှင့် ဆက်သွယ်ရာ ယမန်နေ့ညပိုင်း သာကေတမြို့နယ်၊ ၈ ရပ်ကွက်အတွင်း အပါအဝင် လမ်းသွားလမ်းလာနှင့် အလုပ်သွား အလုပ်ပြန် လူငယ် ၃၀ ကျော် ဖမ်းဆီးခံရသည်ကို သိရှိရခြင်းဖြစ်ကြောင်း ပြောဆိုသည်။
” ပြန်ရွေးထုတ်လို့မရဘူး။ ငွေပေးလို့တော့ မရဘူး။ စစ်မှုထမ်းဖို့ မဖြစ်မနေ တာဝန်ထမ်းဆောင်ရမယ်ပြောတယ်။ လောလောဆယ်တော့ စစ်မှုထမ်းပါမယ်၊ ထွက်မပြေးပါဘူးဆိုတဲ့ မိဘက ခံဝန်လက်မှတ် ထိုးရင် အိမ်ခဏ ပြန်ခွင့်ပေးမယ်ပြောတယ် ။” ဟု ဖမ်းဆီးခံလူငယ်၏ မိဘက ရှင်းလင်းပြောဆိုသည်။
သာကေတမြို့နယ်မှ အမှတ် ၈ ရပ်ကွက်မှ လူငယ် တစ်ဦးကလည်း ယမန်နေ့ည ၈ နာရီ ဝန်းကျင်အချိန် စစ်တပ်နှင့်ရဲများ၏ ပေါ်တာဆွဲမှုကို ကိုယ်တိုင် မျက် မြင်ကြုံတွေ့ခဲ့ရကြောင်း ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။
“မနေ့ည ၈ နာရီ သာကေတမြို့နယ် ၈ ရပ်ကွက်မှာ အိမ်စီးကားနဲ့ စစ်သား၊ ရဲတွေက လူလတ်အပိုင်း အမျိူးသား ၃ ဦးကို ကားပေါ်ကို ဖမ်းပြီး ဆွဲတင်သွားပါတယ်။ကျနော်လည်း ဆေးဆိုင်ကဆေးဝယ်ပြီးအပြန် ကျနော့်ကိုပါ အဝေးကနေ ရပ်ဆိုပြီး ဖမ်းဖို့ လှမ်းတာ။ ကျနော်တော့ ပြေးလို့ လွတ်ခဲ့ပါတယ်။ ပါသွားတဲ့ လူငယ်တွေက အသက် ၃၀ ကျော် ဝန်းကျင်တွေရှိမယ်။ ထမင်းချိုင့်တွေနဲ့ အလုပ်သမားတွေ” ဟု အသက် ၂၅ နှစ်အရွယ် ယမန်နေ့ညပိုင်း ပေါ်တာဆွဲမှုမှ လွတ်မြောက်လာသော မျက်မြင်ကြုံတွေ့ရသူ လူငယ်က ရှင်းပြသည်။
အကြမ်းဖက်စစ်ကောင်စီလက်အောက်ခံ ရန်ကုန်တိုင်းထွေ/အုပ်က အသက် ၁၈ နှစ်မှ အသက် ၃၅ နှစ်အတွင်း လူငယ်မှန်သမျှ ကျန်းမာသန်းစွမ်းလျှင် နိုင်ငံ တော်ကာကွယ်ရေးအတွက် စစ်မှုထမ်းရန် တာဝန်ရှိပြီး ယင်းလူငယ်များကို မည် သည့်နေရာ၊ မည်သည့်အချိန်တွင်မဆို ခေါ်ယူ(ပေါ်တာဆွဲမှု)မှုသည် ပြည်သူ့ စစ်မှုထမ်းဥပဒေနှင့်ကိုက်ညီမှုရှိကြောင်း အသိပေး ညွှန်ကြားစာတစ်စောင်ကို ယခု ဒီဇင်ဘာလအတွင်း ထုတ်ပြန်ခဲ့သည်။
ဓာတ်ပုံ- ရန်ကုန်တွင် လုံခြုံရေးယူ ကင်းလှည့်နေသော စစ်တပ်နှင့်ရဲများ။ (ပုံအဟောင်းဖြစ်ပါသည်။)