မြန်မာပြဿနာသည် စိတ်ပူရသည့်အခြေအနေရောက်နေပြီဟု တရုတ်နိုင်ငံခြားရေးဝန်ကြီးသတိပေး

by

in

မြန်မာပြဿနာသည် စိတ်ပူရသည့်အခြေအနေရောက်နေပြီဟု တရုတ်နိုင်ငံခြားရေးဝန်ကြီးသတိပေး
——–
မြန်မာ့အရေးအတွက် တရုတ်ဘက်ကတားထားသည့် စည်းသုံးစည်းအကြောင်းထုတ်ဖော်ပြောဆို
Myanmar Now

စစ်ကောင်စီလက်အောက်တွင် ကြုံတွေ့နေရသည့် မြန်မာနိုင်ငံ၏ လက်ရှိအခြေအနေသည် စိတ်ပူပန်ရကြောင်း တရုတ်နိုင်ငံခြားရေးဝန်ကြီးက ယနေ့တွင်သတိပေးလိုက်သည်။
တရုတ်အစိုးရသည် အခြားနိုင်ငံ၏ ပြည်တွင်းရေးကို ဝင်ရောက်မစွက်ဖက်ရေးမူဝါဒကို ကိုင်စွဲကြောင်း မကြာခဏ ထုတ်ဖော်ပြသလေ့ရှိပြီး တရုတ်အစိုးရ၏ အဆင့်မြင့်အရာရှိသည် မြန်မာနိုင်ငံနှင့်ပတ်သက်ပြီး ရှားရှားပါးပါးဝေဖန်ခဲ့ခြင်းဖြစ်သည်။
တရုတ်ကွန်မြူနစ်ပါတီ ဗဟိုကော်မတီ နိုင်ငံရေးဗျူရိုအဖွဲ့ဝင်နှင့် နိုင်ငံခြားရေးဝန်ကြီးဝမ်ယိသည် ထိုင်းနိုင်ငံ ချင်းမိုင်မြို့တွင် သြဂုတ် ၁၆ ရက်နေ့က လာအို၊ ထိုင်းနှင့် စစ်ကောင်စီနိုင်ငံခြားရေးဝန်ကြီးများနှင့် အလွတ်သဘောဆွေးနွေးတွင် ယင်းကဲ့သို့မှတ်ချက်ပေးခြင်းဖြစ်ကြောင်း ရန်ကုန်အခြေစိုက် တရုတ်သံရုံးက သတင်းထုတ်ပြန်ခဲ့သည်။
တရုတ်နိုင်ငံခြားရေးဝန်ကြီးသည် မြန်မာ့အရေးအတွက် စည်းသုံးစည်းဆိုသည့် စကားကို ထုတ်ဖော်ပြောဆိုခဲ့ပြီး အဆိုပါကန့်သတ်ချက်များကို “ခိုင်မာစွာထိန်းသိမ်းထားရမည်” ဟုသတိပေးခဲ့သည်ဟု တရုတ်သံရုံးထုတ်ပြန်ချက်ကဆိုသည်။
ဝမ်ယိရည်ညွှန်သည့် စည်းသုံးစည်းမှာ
(၁)မြန်မာနိုင်ငံတွင် ပြည်တွင်း မတည်မငြိမ်ဖြစ်မှုနှင့် ပြည်တွင်းစစ်ဖြစ်ပွား၍မရခြင်း
(၂)အာဆီယံမိသားစု၏ လမ်းကြောင်းမှ ကင်းကွာသွား၍မရခြင်း
(၃) ပြင်ပအင်အားစုများ ထင်သလိုစိမ့်ဝင်၍ ဝင်ရောက်စွက်ဖက်မှုကို ခွင့်မပြုခြင်း
စသည်တို့ဖြစ်သည်ဟု တရုတ်သံရုံးကဆိုသည်။
အဆိုပါအစည်းအဝေးတွင် မြန်မာ့အကျပ်အတည်း ပြေလည်စေရန် တွေ့ဆုံဆွေးနွေးကြရန်လည်း ၎င်းကတိုက်တွန်းသည်။
ထိုင်းနိုင်ငံတွင် ၉ ကြိမ်မြောက်ကျင်းပမည့် လန်ချန်း-မဲခေါင် ပူးပေါင်းဆောင်ရွက်ရေး နိုင်ငံခြားရေးဝန်ကြီးများအစည်းလာတက်သည့် တရုတ်နိုင်ငံခြားရေးဝန်ကြီးသည် ပြီးခဲ့သည့် ဗုဒ္ဓဟူးနေ့က နေပြည်တော်သို့ရောက်လာပြီး စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်နှင့် အာဏာရှင်ဟောင်း ဗိုလ်ချုပ်သန်းရွှေတို့နှင့် တွေ့ဆုံခဲ့သည်။
ထိုခရီးစဉ်အတွင်း တိုင်းရင်းသားလက်နက်ကိုင်များ၏ ရှမ်းပြည်နယ်မြောက်ပိုင်းမှ မြို့ရွာများအပေါ်တိုက်ခိုက်မှုများကို ဆန့်ကျင်ပြီး စစ်ကောင်စီက ကျင်းပမည်ဟု ကြွေးကြော်ထားသည့် ရွေးကောက်ပွဲကို ထောက်ကြောင်း တရုတ်နိုင်ငံခြားရေးဝန်ကြီးက ပြောဆိုခဲ့သည်ဟု စစ်ကောင်စီက သတင်းထုတ်ပြန်ခဲ့သည်။
သို့သော်တရုတ်ဘက်က သတင်းထုတ်ပြန်ချက်တွင် ထိုအချက်များမပါဝင်ပါ။
တရုတ်ဘက်က တောင်းဆိုမှုသည် တရုတ်ဆန့်ကျင်ရေးလုပ်ငန်းများအဆုံးသတ်ရန်၊ တရုတ်-မြန်မာ ရေနံနှင့်သဘာဝဓာတ်ငွေ့ပိုက်လိုင်းအပါအဝင် ၎င်းတို့၏ ပိုင်ဆိုင်မှုများကို ကာကွယ်ပေးရန်တို့လည်း ပါဝင်သည်ဟု တရုတ်အစိုးရဘက်က သတင်းထုတ်ပြန်သည်။
တရုတ်နိုင်ငံခြားရေးဝန်ကြီး မြန်မာ-တရုတ် နယ်စပ်ကိုးကန့်ဒေသမှ မိုင်၈၀ ခန့်ကွာဝေးသည့် ရှမ်းပြည်နယ်မြောက်ပိုင်းမြို့တော် လားရှိုးမြို့အထိ ကိုးကန့်တပ် MNDAA ကသိမ်းပိုက်ပြီးနောက် သတင်းပတ်အနည်းငယ်အကြာတွင် နေပြည်တော်သို့ ရောက်လာခဲ့ခြင်းဖြစ်သည်။
လက်ရှိအချိန်တွင် မြန်မစစ်တပ်သည် ၎င်းတို့သမိုင်းတလျှောက် အကြီးမားဆုံးစစ်ပွဲများနှင့် ရင်ဆိုင်နေရပြီး လားရှိုးမှ အရှေ့မြောက်တိုင်းစစ်ဌာနချုပ်ကိုပါ စွန့်လွှတ်ထားရသည်။