ပင်လည်ဘူးနဲ့ အင်းတော်မှာ မြို့သိမ်းတိုက်ပွဲ ဆက်ဖြစ်၊ မြို့တွေကို သိမ်းနိုင်ပါက တော်လှန်ရေးအဖွဲ့တွေ မြို့နယ်နှစ်ခုလုံး ရမယ်၊

by

in

ပင်လည်ဘူးနဲ့ အင်းတော်မှာ မြို့သိမ်းတိုက်ပွဲ ဆက်ဖြစ်၊
မြို့တွေကို သိမ်းနိုင်ပါက တော်လှန်ရေးအဖွဲ့တွေ မြို့နယ်နှစ်ခုလုံး ရမယ်၊
သက်တန့်/ MFP ၊ ဩဂုတ် ၁၇

စစ်ကိုင်းတိုင်း အထက်ပိုင်း ကချင်ပြည်နယ်အစပ် ကောလင်းခရိုင်၊ ပင်လည်ဘူးမြို့နဲ့ ကသာခရိုင်၊ အင်းတော်မြို့တွေကို တော်လှန်ရေးတပ်တွေ မြို့သိမ်းတိုက်ပွဲ ဆင်နွှဲနေတာ သုံးရက်မြောက် ရှိလာပြီ ဖြစ်ပြီး ဒီနေ့ ဩဂုတ်လ(၁၇)ရက်မှာလည်း တိုက်ပွဲတွေ ဆက်လက် ဖြစ်ပွားနေတယ်လို့ ဒေသခံ သတင်းရင်းမြစ်တွေက MFP ကို ပြောပါတယ်။
ပင်လည်ဘူး မြို့သိမ်းတိုက်ပွဲကို တော်လှန်ရေး အဖွဲ့တွေက ဩဂုတ်လ(၁၅)ရက် မနက်ပိုင်းမှာ စတင်ခဲ့ပြီး မြို့ထဲကို ဝင်ရောက် တိုက်ခိုက်နေကာ အင်းတော်မြို့ကိုတော့ ဩဂုတ်လ(၁၆)ရက် မနက်ပိုင်းက စတင်ပြီး စီးနင်း ဝင်ရောက် တိုက်ခိုက်နေတာလို့ ဆိုပါတယ်။
အင်းတော်မြို့ကို တော်လှန်ရေးတပ်တွေ စီးနင်းဝင်ရောက် တိုက်ခိုက်ပြီး မကြာခင် စစ်အုပ်စုက လေကြောင်း ပစ်ကူခဲ့ပြီး ပင်လည်ဘူးမြို့ကိုတော့ ဒီမနက်ပိုင်းအထိ စစ်အုပ်စုရဲ့ လေကြောင်းပစ်ကူ မရောက်လာသေးဘူးလို့ ပင်လည်ဘူးမြို့နယ် စစ်ရေးသတင်းရင်းမြစ်တစ်ဦးက ပြောပါတယ်။
“ခုချိန်ထိ (လေကြောင်း) တိုက်ကူတာ မရှိသေးပါဘူးဗျ။ ပွဲကတော့ မနား‌ပါဘူး။ ဆက်ပြီး သိမ်းနိုင်ဖို့ တိုက်နေပါတယ်”လို့ သူက ပြောပါတယ်။
အင်းတော်နဲ့ ပင်လည်ဘူးမှာ စစ်အုပ်စုက မြို့ထဲ တစ်နေရာသာ ကျန်ရှိတော့တာကြောင့် တော်လှန်ရေး အဖွဲ့တွေ အနေနဲ့ ပင်လည်ဘူးနဲ့ အင်းတော်မြို့တွေကို သိမ်းပိုက်ရရှိခဲ့ပါက မြို့နယ်နှစ်ခုလုံးကို အပြီးအပြတ် သိမ်းပိုက်ရရှိမှာ ဖြစ်ပါတယ်။
အင်းတော်မြို့နယ်ထဲက ကချင်ပြည်နယ်နဲ့ အနီးဆုံး မော်လူးမြို့ဆိုရင်လည်း ၁၀၂၇ ပထမလှိုင်း ၂၀၂၃ နိုဝင်ဘာလ ကတည်းက တော်လှန်ရေးတပ်တွေက သိမ်းပိုက်ထားတာ ဖြစ်ပါတယ်။
စစ်ကိုင်းတိုင်းမှာ အင်းတော်မြို့နယ်ထဲက မော်လူးမြို့၊ ဟုမ္မလင်းမြို့နယ်ထဲက ရွှေပြည်အေးမြို့နဲ့ တမူးမြို့နယ်ထဲက ခါမ်းပတ်မြို့တွေကို တော်လှန်ရေးတပ်တွေက ၁၀၂၇ ပထမလှိုင်း ကတည်းက သိမ်းပိုက် ထားပြီး ဖြစ်ပါတယ်။
အင်းတော်နဲ့ ပင်လည်ဘူးမြို့ (ပုံဟောင်း)/Photo – CJ
#Mandalay_Free_Press_MFP