မောင်တောဒေသကို ပြန်ရဖို့ စစ်သင်္ဘောများဖြင့် ချီတက်လာသည့် စစ်ကောင်စီ၏ တပ်မ ၂၂ တပ်မမှူး သေဆုံး

by

in

မောင်တောဒေသကို ပြန်ရဖို့ စစ်သင်္ဘောများဖြင့် ချီတက်လာသည့် စစ်ကောင်စီ၏ တပ်မ ၂၂ တပ်မမှူး သေဆုံး
ဧရာဝတီတိုင်းမ်
ဒီဇင်ဘာ ၁၅ ရက်
မောင်တောဒေသတစ်ခုလုံး ဆုံးရှုံးရပြီး နယ်စပ်တစ်လျှောက် လုံခြုံရေးကိုပါ စွန့်လွှတ်လိုက်ရချိန်တွင် စစ်ကောင်စီက မောင်တောဒေသကို ပြန်လည်ရရှိရန်အတွက် တပ်မ (၂၂) တပ်မမှူးကို ဦးဆောင်စေကာ ပြန်လည်ချီတက်စေခဲ့ကြောင်း သိရသည်။
ယမန်နေ့ ဒီဇင်ဘာ ၁၄ရက်နေ့တွင် အလယ်သံကျော်ကမ်းခြေမှတဆင့် ARSA၊ ARA၊ RSOအဖွဲ့များကို စစ်ကောင်စီနေဗီများတွင် တင်ဆောင်ကာ မောင်တောသို့ပြန်လည် ချဉ်းကပ်လာသည့် စစ်ကောင်စီ ပူးပေါင်းတပ်ကို အာရက္ခတပ်တော် (AA) က တိုက်ခိုက်ခဲ့ရာ တပ်မ (၂၂) တပ်မမှူး သေဆုံးသွားကြောင်း သိရသည်။
“ညမိုးချုပ်ကြီးမှ စစ်သင်္ဘောတွေနဲ့ ကပ်လာတယ်။ အကျိူးတူပူးပေါင်းနေတာ ARSAနဲ့ ။ လက်နက်တွေ အပြည့်ထောက်ပံ့ပြီး မောင်တောကိုပြန်တိုက်ဖို့ လုပ်နေကြတာပါ” ဟု ရခိုင်သတင်းရင်းမြစ်က ဧရာဝတီတိုင်းမ်ကို ပြောသည်။
တပ်မ (၂၂) တပ်မမှူး ဗိုလ်မှူးကြီး အောင်နေမျိုး (DSA ၄၁) ဆင်းနှင့် ပူးပေါင်းတပ်သည် ပြီးခဲ့သည့် ဒီဇင်ဘာ ၁၃ရက်နေ့ ည ၉ နာရီခန့်က စစ်ကောင်စီနေဗီများဖြင့် အလယ်သံကျော်ကမ်းခြေ၌ ကမ်းကပ်ပြီး မောင်တောကို ပြန်လည်ရယူရန်တက်လာစဉ် AA ၏ စောင့်ကြိုတိုက်ခိုက်ခြင်းကို ခံလိုက်ရကြောင်း သိရသည်။
စစ်ကောင်စီသည် ဘင်္ဂလားဒေ့ရှ် နယ်စပ်မျဉ်းတစ်လျှောက် ပြန့်ကြဲထွက်ပြေးနေသည့် မူဆလင် လက်နက်ကိုင်အဖွဲ့များနှင့် နယ်စပ်တစ်လျှောက်တွင်နေထိုင်နေသည့် လက်နက်ကိုင်အဖွဲ့များကို စုစည်း ကာ မောင်တောကို ပြန်လည်ရယူရန် ကြိုးစားနေခြင်း ဖြစ်သည်။
ထို့ကြောင့် တိုက်ပွဲများ ဆက်လက်ရှိနေနိုင်သည့်အတွက် နတ်မြစ်ပတ်ဝန်းကျင်ကို ဒေသခံများအနေဖြင့် အသုံးမပြုကြရန် ဒီဇင်ဘာလ ၁၀ရက်နေ့တွင် AAက ထုတ်ပြန်ထားသည်။
မောင်တော အမှတ်(၅)နယ်ခြားစောင့်ရဲစခန်း (နခခ-၅)၊ မြို့သူကြီး တိုက်ပွဲတွင် စစ်ကောင်စီတပ်ဖွဲ့ဝင် ၄၅၀ ကျော်သေဆုံးကာ ၃၀၀ ကျော်ဖမ်းဆီးခံခဲ့ရပြီး နှစ်နိုင်ငံ ကူးသန်းရောင်းဝယ်ရေးနှင့် လုံခြုံရေး ဆိုင်ရာတို့ကိုပါ ဆုံးရှုံးလိုက်ရ၍ စစ်ကောင်စီသည် မူဆလင်လက်နက်ကိုင်များနှင့် ပူးပေါင်းကာ မောင်တောကို ပြန်လည်ရယူရေး ချီတက်လာနေခြင်းဖြစ်သည်။
#မောင်တော #စစ်ကောင်စီ #ပြန်တိုက် #တပ်မ၂၂တပ်မမှူး #သေဆုံး #Ayeyarwaddy_Times