ဂွမြို့အခြေစိုက်တပ်ရင်းကို AA ဝင်ရောက်တိုက်ခိုက်၍ ဂွမြို့မရဲစခန်းမှ ရဲများ ဧရာဝတီတိုင်းအတွင်း ထွက်ပြေး
ဧရာဝတီတိုင်းမ်
ဒီဇင်ဘာ ၁၅ ရက်.
ဂွမြို့အခြေစိုက် တပ်ရင်း နှစ်ခုအနက်မှ ခမရ ၅၆၃ကို AA က ဝင်ရောက်တိုက်ခိုက်နေချိန်တွင် မြို့တွင်းရှိ ရဲစခန်းမှ ရဲများ ထွက်ပြေး သွားကြကြောင်း သိရသည်။
ယမန်နေ့ ဒီဇင်ဘာ ၁၄ ရက် မနက်အစောပိုင်းအချိန်မှစ၍ ဂွမြို့ရှိ မြို့မရဲစခန်းမှ ရဲများ စခန်းကို စွန့်ခွာကာ ဧရာဝတီတိုင်းအတွင်း ထွက်ပြေးသွားကြောင်းသိရသည်။
“တနေ့က ညနေပိုင်း ဒရုန်းတွေနဲ့ ခမရ ၅၆၃ကို AA လာတိုက်တယ်။ ဒီနေ့မနက် ရဲစခန်းက ရဲတွေအကုန်ပြေးတာပဲ” ဟု ဂွဒေသခံတစ်ဦးက ဧရာဝတီတိုင်းမ်ကို ပြောသည်။
ဂွမြို့ မကျီးငူဘက်မှတောင်ဘက် ၁၀မိုင်ခန့်ဆင်းလျှင် ဧရာဝတီတိုင်း သာပေါင်းမြို့နယ်ထဲရောက်ရှိနိုင်ပြီး ချောင်းသာနှင့်အဖြောင့်တိုင်းလျှင် မိုင် ၄၀ခန့်သာကွာသည့်အတွက် ဂွမှာ တိုက်ခိုက်ခံရပါက စစ်ကောင်စီအတွက် ဆုတ်လမ်းများကြောင်း ဧရာဝတီတိုင်းမ်၏ သတင်းရင်းမြစ်တစ်ဦးက သုံးသပ်ပြောဆိုသည်။
စစ်ကောင်စီလက်အောက်ခံ ဌာနဆိုင်ရာများမှာ ကျိန္တလီမြို့ တိုက်ခိုက်ခံရချိန်ကတည်းက ဧရာဝတီတိုင်းအတွင်းပြောင်း ရွှေ့သွားကြပြီ ဖြစ်သည်။
ရဲစခန်းတွင်လည်း အင်အားအပြည့်မရှိတော့ဘဲ စစ်ကောင်စီတပ်ဖွဲ့ဝင်အချို့ဝင်ရောက်နေရာယူကာ လုံခြုံရေးယူထားကြောင်း သိရသည်။
ဂွမြို့တိုက်ပွဲများမှာ နေ့စဉ်နီးပါးရှိနေပြီး AAက စစ်ကောင်စီစခန်းချတပ်စွဲရာ ရွာစဉ်တစ်လျှောက်ကိုသိမ်းယူခဲ့ပြီး ဂွမြို့ပေါ်ထိတိုက်ပွဲရောက်လာခြင်း ဖြစ်သည်။
စစ်ကောင်စီက လက်ရှိတိုက်ပွဲဖြစ်နေသည့် ရဟိုင်းကွင်းနှင့် ရွှေနန်းခိုင်ကျေးရွာတို့ကို လေကြောင်းမှတိုက်ခိုက်နေပြီး ရေတပ်မှလည်း လက်နက်ကြီးများဖြင့် ပစ်ခတ်နေကြောင်း သိရသည်။
#ဂွ #စစ်ကောင်စီ #မြို့မရဲစခန်း #ရဲများ #ထွက်ပြေး #Ayeyarwaddy_Times