တပ်သားသစ်လိုအပ်ချက် များပြားနေတဲ့ စစ်တပ်က စစ်ကိုင်းနဲ့ မန္တလေးမှာ လူငယ်လူရွယ်တွေကို အလုံးအရင်းနဲ့ ဖမ်းဆီးနေ
ဒီဇင်ဘာ ၁၅၊ ၂၀၂၄
စစ်ကိုင်းတိုင်း၊ ကလေး၊ ကလေးဝနဲ့ မန္တလေးတိုင်း ညောင်ဦး၊ မြင်းခြံ မြို့နယ်တွေမှာ တပ်သားသစ်လိုအပ်ချက်များပြားနေတဲ့ အကြမ်းဖက်စစ်တပ်က လူငယ်တွေကို အလုံးအရင်းနဲ့ဖမ်းဆီးနေတယ်လို့သတင်းရင်းမြစ်တွေဆီက သိရပါတယ်။
ပြီးခဲ့တဲ့ နိုဝင်ဘာလလောက်ကစလို့ ကလေးမြို့နယ်အတွင်း အရပ်သားလူငယ်တွေ ဖမ်းဆီးခံရမှုတွေရှိခဲ့ပြီး အရေအတွက်အားဖြင့် တစ်ရာကျော်အထိရှိနေပြီလို့ ဒေသတွင်းစစ်ရေးသတင်းရင်းမြစ်တစ်ခုက ပြောပါတယ်။
ဒေသကွပ်ကဲမှုစစ်ဌာနချုပ်ရှိရာ ကလေးမြို့မှာ တပ်သားသစ်လိုအပ်ချက် မြင့်တက်နေတာကြောင့် အခုလို ပေါ်တာဆွဲဖမ်းဆီးခံရမှုတွေ မြင့်တက်နေတာလို့လည်း သိရပါတယ်။
“ပြီးခဲ့တဲ့ ၅ပတ်လောက်က စဆွဲတာ။ ဆွဲတာကအစုံပဲ။ လူပိုသိကြတဲ့ အရက်ဆိုင်မှာ ဆွဲခံရတာတွေလည်းပါတယ်။ အဓိကကတော့ ကလေး ဒကစ မှာ အင်အား အတော်နည်းနေပြီ။ အရင် ကချင်ဘက်က ပွဲတွေနဲ့ ရခိုင်ဘက်ကပွဲတွေမှာ ဒကစ လက်အောက်ခံ ၃ရင်းလောက် တပ်ရင်းလိုက် သေဆုံး လက်နက်ချလိုက်ရတာတွေ ရှိတယ်။ ပြီးတော့ ချင်းတောင်ပေါ်က ဖလမ်း ဟားခါး ပွဲတွေဘက်ကိုလည်း တပ်တွေထုတ်ထားရတယ်..ပြီးတော့ ကလေးဝမြို့ကို ကာကွယ်ဖို့လည်း အင်အား ၂၀၀ကျော်လောက်ပို့ထားတာရှိတယ်။ ဆိုတော့ ကလေးမြို့နဲ့ ဒကစ ကာကွယ်ရေးအတွက် အရေးပေါ်အနေနဲ့ တွေ့တဲ့လူဖမ်းပြီး လက်နက်ကိုင်ခိုင်းနေတဲ့ သဘောလို့မြင်တယ်ဗျ” လို့ ဒေသတွင်း စစ်ရေးသတင်းရင်းမြစ်တစ်ခုက မောင်းကိုပြောပါတယ်။
ဒါ့အပြင် ကလေးဝမြို့နယ်မှာလည်း ဒေသအခေါ် တန်ပိုလာဆိုတဲ့ လောင်းကစားဝိုင်းတွေက တဆင့် လူငယ်အယောက်၂၀နီးပါး ဖမ်းဆီးခံရပြီး မိန်းကလေးဖြစ်သူတွေ ငွေပေးပြန်လွတ်မြောက်လာပေမယ့် ယောကျာ်းလေးတွေကိုတော့ တပ်သားသစ်အဖြစ် စစ်မှုထမ်းခိုင်းကြောင်း သိရပါတယ်။
မန္တလေးတိုင်း မြင်းခြံမြို့နယ်မှာလည်း ဒီဇင်ဘာလအတွင်း စစ်မှုထမ်းပေါ်တာဆွဲတာတွေ များလာတာကြောင့် မြင်းခြံလူထုလှုပ်ရှားမှု ကော်မတီကသတိပေးထုတ်ပြန်ထားပါသေးတယ်။
မြင်းခြံမြို့နယ်အတွင်း စစ်ကောင်စီဘက်က စစ်မှုထမ်း ပေါ်တာဆွဲခြင်းမရှိကြောင်း ငြင်းဆိုထားပေမယ့်လည်း ၃ရက်အတွင်း ဖမ်းဆီးခံရတဲ့အမျိုးသား ၂၃ယောက်အထိ ရှိနေပြီလို့ သိရပါတယ်။
ဒါ့အပြင် မန္တလေးတိုင်း၊ ညောင်ဦးမြို့နယ်အတွင်းမှာလည်း ပြီးခဲ့တဲ့ ဒီဇင်ဘာ ပထမပတ်ထဲ လူအင်အား ရာနဲ့ချီ ဖမ်းဆီးခံရပြီး မိတ္ထီလာစစ်တပ်အတွင်း ပေါ်တာဆွဲသင်တန်းပေးခံရကာ ရှမ်းမြောက်စစ်မျက်နှာတွေကို ပို့ဆောင်ခံရဖို့ရှိနေတယ်လို့လည်း ဒေသတွင်း စစ်ရေးသတင်းရင်းမြစ်တွေက ပြောပါတယ်။
ဒါ့အပြင် ဒီဇင်ဘာ ၁၁ရက်နေ့ မနက်အစောပိုင်းကလည်း ညောင်ဦးမြို့နယ် ကျောက်ပြင်ကန် နဲ့ ကြအိုကျေးရွာတွေမှာရှိတဲ့ အမျိုးသား ၁၁ယောက် ဖမ်းဆီးခံရပြီး ၄ယောက်ပဲပြန်လည်လွတ်မြောက်လာတယ်လို့ သိရပါတယ်။
နိုင်ငံနဲ့တဝှမ်း စစ်မျက်နှာစုံဖွင့်ထားရတဲ့ အကြမ်းဖက်မင်းအောင်လှိုင်ရဲ့ စစ်တပ်မှာ တပ်သားသစ်လိုအပ်ချက် တစ်နေ့ထက်တစ်နေ့ မြင့်တက်လာတာကြောင့် အခုလိုပေါ်တာဆွဲဖမ်းဆီးတာတွေ တစ်နေ့တစ်ခြား ဆိုးဝါးလာတာဖြစ်ပြီး အခြေခံလူတန်းစားတွေပဲ အများစု ဖမ်းဆီးခံနေရတဲ့အပေါ် စစ်အုပ်စုထောက်ခံသူတွေကပါ ပြင်းပြင်းထန်ထန် ဝေဖန်လာကြတာဖြစ်တယ်။