MNDAA ၊ TNLA ၊ AA အပါအဝင် တိုင်းရင်းသားများ လက်နက်ကိုင်လမ်းစဉ်ကို စွန့်လွှတ်ကြရန် စစ်ခေါင်းဆောင် မင်းအောင်လှိုင်က ပြော

by

in

MNDAA ၊ TNLA ၊ AA အပါအဝင် တိုင်းရင်းသားများ လက်နက်ကိုင်လမ်းစဉ်ကို စွန့်လွှတ်ကြရန် စစ်ခေါင်းဆောင် မင်းအောင်လှိုင်က ပြော
ရန်ကုန်၊ ဒီဇင်ဘာ ၁၅
MNDAA ၊ TNLA ၊ AA အပါအဝင် တိုင်းရင်းသားများ လက်နက်ကိုင်လမ်းစဉ်ကို စွန့်လွှတ်ကြရန် အကြမ်းဖက် စစ်ခေါင်းဆောင် မင်းအောင်လှိုင်က ပြောဆိုလိုက်သည်။
ယနေ့ နှစ် ၅၀ ရခိုင်ပြည်နယ်နေ့ အဖြစ် မင်းအောင်လှိုင်က ထုတ်ပြန်သော သဝဏ်လွှာတွင် အထက်ပါအတိုင်း ပြောဆိုထားခြင်းဖြစ်သည်။
၂၀၂၃ ခုနှစ် အောက်တိုဘာလက စတင်ခဲ့သည့် MNDAA, TNLA, AA တို့ကြောင့် ပြည်သူများ၏ လူမှုစီးပွားအခြေနေ ပိုမိုဆိုးရွာစေခဲ့ပြီး နိုင်ငံရေးကို အကြောင်းပြပြီး လွဲမှားသော အယူအဆများဖြင့် အကြမ်းဖက်လုပ်ရပ်များကို လုပ်ဆောင်နေကြခြင်းဖြစ်သည်ဟု မင်းအောင်လှိုင်က ပြောသည်။
လက်ရှိကာလတွင် ရခိုင်ပြည်နယ် အပါအဝင် နိုင်ငံအတွင်း တည်ငြိမ်အေးချမ်းမှုမရှိသည်ကို အခွင်ကောင်းယူ၍ မိမိနိုင်ငံ၏ ပထဝီနိုင်ငံရေးအရ အင်အားကြီးနိုင်ငံတချို့မှ ဩဇာလွှမ်းမိုး ချုပ်ကိုင်လိုသည့်အတွက် ပြည်တွင်းမတည်မငြိမ်ဖြစ်အောင် ဖန်တီးပုံဖော်နေခြင်းကို မြင်တွေ့ရကြောင်း၊ ခေတ်အဆက်ဆက် လက်နက်ကိုင်တိုက်ခိုက်မှုများသည် နိုင်ငံရေးကို အကြောင်းပြပြီး လွဲမှားသော အယူအဆများဖြင့် လုပ်ဆောင်နေကြခြင်းဖြစ်ကြောင်း ၎င်းက ဆိုသည်။
MNDAA ၊ TNLA နှင့် AA တို့ အနေဖြင့် ပါတီစုံ ဒီမိုကရေစီလမ်းကြောင်းပေါ်တွင် လျှောက်လှမ်းပြီး ပြည်ထောင်စုကြီးကို အတူတကွ တည်ဆောက်ရန်ထက် တသီးတခြားရပ်တည်လိုစိတ်ကိုသာ ရှေ့တန်းတင်လာသည်ကို တွေ့ရှိရကြောင်း၊ လူငယ်လူရွယ်များကို မူးယစ်ဆေးဝါးဖြင့် သိမ်းသွင်းမြှူဆွယ်ပြီး စစ်ပွဲထဲ အတင်းအဓမ္မ ရောက်ရှိစေခဲ့ကြကြောင်း၊ လက်နက်ကိုင်အကြမ်းဖက်နည်းဖြင့် မိမိတို့ လိုလားချက်ကို တောင်းဆို၍ မရဘဲ နိုင်ငံရေးစားပွဲ၀ိုင်းသို့ ရောက်လာပြီး ငြိမ်းချမ်းစွာ ဖြေရှင်းသောနည်းဖြင့်သာ ပဋိပက္ခ များကို ပြေလည်စေမည်ဖြစ်သည်ကို သိရှိကြပြီး လက်နက်ကိုင်လမ်းစဉ်ကို စွန့်လွှတ်ပြီး လမ်းကြောင်းမှန်ပ​ေါ် ရောက်ရှိကြရေး မင်းအောင်လှိုင်က တိုက်တွန်းသည်။
ငြိမ်းချမ်းရေးအတွက် NCA လမ်းကြောင်းအတိုင်း လျှောက်လှမ်းခြင်းသာလျှင် မိမိတို့အားလုံး မျှော်လင့်ထားသည့် အေးချမ်းသာယာသော နိုင်ငံတော်ကြီးကို တည်ဆောက်နိုင်မည်ဖြစ်ကြောင်း မင်းအောင်လှိုင်က ပြောဆိုထားသည်။
နိုဝင်ဘာလနှောင်းပိုင်းနှင့် ဒီဇင်ဘာလဆန်းပိုင်းတွင် TNLA နှင့် ကိုးကန့် MNDAA တပ်ဖွဲ့က တရုတ်၏ ကြားဝင်စေ့စပ်မှုဖြင့် အကြမ်းဖက် စစ်ကောင်စီနှင့်တွေ့ဆုံဆွေးနွေးရေး နိုင်ငံ ရေး နည်းလမ်းဖြင့် ဖြေရှင်းမည်ဖြစ်ကြောင်း ထုတ်ပြန်ပြောဆိုထားကြသည်။
ကိုးကန့်တပ် MNDAA ၏ ဒီဇင်ဘာလ ၃ ရက်နေ့ ထုတ်ပြန်ချက်တွင်မူ အာဏာသိမ်း စစ်ကောင်စီနှင့် စစ်ရေးကို နိုင်ငံရေးနည်းလမ်းဖြင့် ဖြေရှင်းလိုကြောင်း ၊ စစ်ဘေးဒုက္ခဒဏ်ကို ပြင်းထန်စွာခံစားနေရသည့် အပြစ်မဲ့ပြည်သူလူထု၏ အကျိုးအကို ငဲ့ညှာထောက်ထားခြင်း၊ တရုတ်-မြန်မာနယ်စပ် တည်ငြိမ်အေးချမ်းလိုခြင်းနှင့် ပြည်တွင်းစစ်ရေးပဋိ ပက္ခများကို လက်တွေ့ကျကျဖော်ဆောင်နိုင်ရေးအတွက်ဖြစ်ကြောင်း၊ မြန်မာပြည်ထဲမှ ခွဲထွက်ပြီး နိုင်ငံတော်သစ်ထူထောင်ခြင်းကို ပြုလုပ်မည်မဟုတ်ဘဲ စစ်မှန်သော ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသကို တောင်းဆိုခြင်းသာဖြစ်ကြောင်း MNDAA က ဆိုသည်။
တရုတ်အစိုးရ၏ ကြားဝင်စေ့စပ်ကြိုးပမ်းဆောင်ရွက်မှုအောက်တွင် လားရှိုးအပါ အဝင် သက်ဆိုင်ရာကိစ္စရပ်များကို တွေ့ဆုံဆွေးနွေးသော နည်းလမ်းဖြင့်ဖြေရှင်းနိုင်မည်ဟု MNDAA က မျှော်လင့်ကြောင်း၊တရုတ်အစိုးရ၏ ကြားဝင်စေ့စပ် ကြိုးပမ်းဆောင်ရွက်ပေးမှုအတိုင်း တက်တက်ကြွကြွ ပူး ပေါင်းဆောင်ရွက်သွားမည်ဖြစ် ကြောင်း၊ သို့သော်လည်း အာဏာသိမ်း စစ်ကောင်စီက မြန်မာနိုင်ငံနေရာအနှံ့တွင် ဖော်ဆောင်နေသော ဝေဟင်နှင့် မြေပြင် ထိုး စစ်ဆင်တိုက်ခိုက်နေမှုများကို ရပ်ဆိုင်းပေးရမည်ဖြစ်ကြောင်း MNDAA က တောင်းဆိုထားသည်။
နိုဝင်ဘာလ ၂၅ ရက်နေ့ TNLA ၏ ထုတ်ပြန်ချက်တွင် တရုတ်အစိုးရ၏ နယ်စပ်တည်ငြိမ်ရေးနှင့် တိုက်ပွဲရပ်စဲရေး ကြိုးပမ်းမှု နှင့် စစ်ဘေးဒဏ် ဆိုးရွားစွာခံစားနေရသည့် ပြည်သူများ၏ အကျိုးကို ငဲ့ညှာထောက်ထား၍ နှစ်ဖက်စစ်ရေး ပဋိပက္ခများ အဆုံးသတ်နိုင်ရန် တွေ့ဆုံဆွေးနွေးရန် အဆင်သင့်ရှိကြောင်း တအာင်း TNLA က သတင်းထုတ်ပြန်ခဲ့သည်။