ရန်ကုန်၊ မန္တလေး၊ ညောင်ဦးနှင့် အုတ်တွင်းမြို့အပါအဝင် မြို့နယ်များတွင် နေအိမ်များပေါ်အထိတက်၍ လူငယ်များကို စစ်တပ်က စစ်မှုထမ်းရန်အတွက် ပေါ်တာဆွဲ ဖမ်းဆီးမှုများ ဖြစ်ပွား

by

in

ရန်ကုန်၊ မန္တလေး၊ ညောင်ဦးနှင့် အုတ်တွင်းမြို့အပါအဝင် မြို့နယ်များတွင် နေအိမ်များပေါ်အထိတက်၍ လူငယ်များကို စစ်တပ်က စစ်မှုထမ်းရန်အတွက် ပေါ်တာဆွဲ ဖမ်းဆီးမှုများ ဖြစ်ပွား
ရန်ကုန်၊ ဒီဇင်ဘာ ၁၅
ရန်ကုန်၊ မန္တလေး၊ ညောင်ဦး၊ ပြည်မြို့၊ ကျုံပျော်၊ လပွတ္တာ အပါအဝင် မြို့နယ်များတွင် နေအိမ်များပေါ်အထိတက်၍ လူငယ်များကို စစ်တပ်က စစ်မှုထမ်းရန် ပေါ်တာဆွဲ ဖမ်းဆီးမှုများဖြစ်ပွားနေကြောင်း ဒေသပြည်သူများက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။
ယခုဒီဇင်ဘာလဆန်းပိုင်းမှစတင်ပြီး ရန်ကုန်တိုင်းအတွင်းရှိ မြို့နယ်များအားလုံးတွင် ရပ်ကွက်အုပ်ချုပ်ရေးအဖွဲ့များက စစ်မှုထမ်း အပတ်စဉ် ၈ ၊ ၉ ၊ ၁၀ အတွက် အသက် ၁၈ နှစ်မှ ၃၅ နှစ်အတွင်း လူငယ်များအားလုံး စစ်မှုထမ်းရမည်ဖြစ်ကြောင်း၊ စစ်မှုမထမ်းဘဲ ရှောင်ပြေးသူများပြားပါက လမ်းနှင့် ရပ်ကွက်များ၊ နေအိမ်များအတွင်းအထိပါ ဝင်ရောက်ဆွဲမည်ဟု တရားဝင် အသိပေးလာခဲ့ကြောင်း၊ ယင်းနောက် ဆက်တိုက်ဆိုသလို နေအိမ်ပေါ်တက်၍ လည်းကောင်း၊ လမ်းတွင်လည်းကောင်း လူငယ်များကို စစ်တပ်၊ ရဲနှင့် မြို့နယ်၊ ရပ်ကွက် အုပ်ချုပ်ရေးအဖွဲ့ များက ဖမ်းဆီးနေခြင်းဖြစ်ကြောင်း သိရှိရသည်။
ဒီဇင်ဘာလ ၁၃ ရက်နေ့ ည ၁၀ နာရီအချိန် သာကေတမြို့နယ် ၈ ရပ်ကွက်တွင် စစ်တပ်နှင့်ရဲများက အိမ်စီးကားများဖြင့် လမ်းများကို လှည့်လည်ပြီး ဖမ်းဆီးမှုများ လုပ်ဆောင်ခဲ့ရာ လူငယ် ၄ ဦးထက်မနည်း ဖမ်းဆီးခံရကြောင်း၊ သာကေတမြို့နယ်၊ ၈ ရပ်ကွက်၊ ၇ လမ်းမှ အမျိုးသားလူငယ် ၂ ဦးကိုလည်း လာရောက် ဖမ်းဆီးသွားခဲ့ကြောင်း သိရှိရသည်။
ဒီဇင်ဘာလ ၁၄ ရက်နေ့ ညပိုင်း မြောက်ဒဂုံ၊ တောင်ဒဂုံတို့တွင် စစ်တပ်နှင့် အုပ်ချုပ်ရေးအဖွဲ့များက ဧည့်စာရင်းစစ်မှုများ လုပ်ဆောင်ရင်းဖြင့် လူငယ် ၇ ဦးထက်မနည်းကို ဖမ်းဆီးသွားခဲ့ကြောင်း သိရှိရသည်။
“ဧရာ၀တီတိုင်းဘက်က အလုပ်လာလုပ်တဲ့ လူငယ် ၇ ဦး ဖမ်းဆီးခံရတယ်။ သူတို့က တောင်ဒဂုံစက်မှုဇုန်မှာ အလုပ်ဆင်းတာ။ ဧည့်စာရင်းတိုင်မထားဘူး။ အဲဒါ ထောင်မချဘူး။ စစ်မှုထမ်းရမယ်ဆိုပြီး ဖမ်းဆီးသွားတာ။ တောင်ဒဂုံ၊ ၁၉ ရပ်ကွက် ၊ မြရည်နန္ဒာလမ်းထဲမှာ အဆောင်နေကြတဲ့ လူငယ်လေးတွေပါ။ မနေ့ည ၁၁ နာရီလောက်မှာ စစ်ကားနဲ့ တင်ခေါ်သွားတယ်” ဟု ဒေသပြည်သူတစ်ဦးက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။
အလားတူ ဒီဇင်ဘာလ ၁၄ ရက်နေ့ ညပိုင်း ရွှေပြည်သာမြို့နယ်၊ ၆ ရပ်ကွက်နှင့် ၉ ရပ်ကွက်တို့တွင် ဧည့်စာရင်းစစ်ရင်းဖြင့် စစ်မှုထမ်းရန် အကျုံးဝင်သော လူငယ် ၆ ဦးကို စစ်တပ်နှင့် ရပ်ကွက်အုပ်ချုပ်ရေးအဖွဲ့များက ဖမ်းဆီးခေါ်ဆောင်သွားခဲ့ကြောင်း၊ စစ်ကားများဖြင့် တစ်ခါတည်း ကားပေါ်တင်ဆောင်သွားခဲ့ခြင်းဖြစ်ကြောင်း သိရှိရသည်။
ထို့အတူ ဒီဇင်ဘာလ ၁၁ ရက်နေ့ နံနက် ၅ နာရီအချိန် မန္တလေးတိုင်း၊ ညောင်ဦးမြို့နယ်၊ ကျောက်ပြင်ကန်ကျေးရွာနှင့် ကြအိုကျေးရွာမှ အမျိုးသား ၁၁ ဦးကို စစ်ကောင်စီတပ်သားများက စစ်မှုထမ်းရန် ဖမ်းဆီးခဲ့ပြီး ၄ ဦးကိုမူ ပြန်လည် လွှတ်ပေးခဲ့ကြောင်း သိရှီရသည်။
စစ်ကောင်စီက အင်အား ၄၀ ခန့်ပါ ကား ၅ စီးဖြင့် စစ်မှုထမ်းရန်အတွက် ပေါ်တာဆွဲရန် လိုက်လံ ဖမ်းဆီးခဲ့ခြင်းဖြစ်ပြီး ကျောက်ပြင်ကန်ရွာမှ အသက် ၂၁ နှစ်အရွယ် ကိုဖိုးချစ်၊ အသက် ၂၈ နှစ်အရွယ် ကိုကိုမောင် အပါအဝင် အမျိုးသား ၅ ဦး၊ ရွာအပြင်ဘက် အုတ်ဖိုလုပ်ငန်းခွင် အလုပ်လုပ်ကိုင်သူ အမျိုးသား ၅ ဦးနှင့် ကြအိုရွာမှ အသက် ၃၀ အရွယ် ကိုအောင်ကိုဝင်း (ခ) အောင်လှိုင်ဖြိုးတို့ ပေါ်တာဆွဲ ဖမ်းဆီးခံရကြောင်း သိရှိရသည်။
“အခုအဆွဲခံရတဲ့ ၁၁ ယောက်မှာ ၁ ယောက်သာ လမ်းပေါ်မှာ အဆွဲခံရတာ အခြားဆွဲခံရတဲ့သူတွေ အိမ်ထဲမှာအဆွဲခံရတာပါ။ တော်လှန်ရေးကို ကိုယ်နဲ့မဆိုင်ပါဘူး၊ ကိုယ်လုပ်မှ ကိုယ်လုပ်မှ ကိုယ်စားရမယ်တဲ့လူတွေလည်း စကစ ကအိမ်တံခါးကို လာခေါက်နေပြီဆိုတာသိစေချင်တယ်။ တတ်နိုင်တဲ့ဘက်က​နေ တော်လှန်ရေးအဖွဲ့တွေ ကူညီပေးကြဖို့လဲ လိုအပ်ပါတယ်” ဟု ညောင်ဦးအခြေစိုက် 21 BAGAN – People Defense Force မှတာဝန်ရှိသူ တစ်ဦးက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။
အလားတူ ဒီဇင်ဘာလ ၁၃ ရက်နေ့ ပဲခူးတိုင်း၊တောင်ငူခရိုင်၊ အုတ်တွင်းမြို့ အထွက်တွင် ပျူစောထီးနှင့် စစ်တပ်ပေါင်းပြီး စစ်မှုထမ်းအတွက် လမ်းသွားလမ်းလာ လူငယ်များကို ပေါ်တာဆွဲ ဖမ်းဆီးလျက်ရှိရာ ဒီဇင်ဘာလ ၁၃ ရက်နေ့ တစ်ရက်တည်းတွင်ပင် လူငယ် ၆ ဦးဖမ်းဆီးခံခဲ့ရကြောင်း၊ အဆိုပါ ဂိတ်တွင် လူငယ် စုစုပေါင်း ၄၅ ဦးကို စစ်မှုထမ်းအပတ်စဉ် ၈ အတွက် ပေါ်တာဆွဲ ဖမ်းဆီးခဲ့ကြောင်း သိရှိရသည်။
“ရွာတွေအတွင်းကိုလည်း ညအချိန်ဆို ပေါ်တာဝင်ဆွဲမှုတွေရှိနေပြီး ပတ်ဝန်ကျင်း ကျေးရွာအုပ်စုတွေမှာ အခက်တွေ့နေရပြီး စိုးရိမ်မှုတွေရှိနေကြရပါတယ်။ အရင်နေ့တွေကလည်း ရမ်းသမ်းလက်နက်ကြီးပစ်ခတ်မှုတွေကြောင့် လယ်ကွင်းတွေထဲကျရောက်ပေါက်ကွဲခဲ့ရပြီး နှလုံးရောဂါ‌သည်တစ်ဦး ထိတ်လန့်ကာ သေဆုံးခဲ့ရတဲ့ဖြစ်စဉ်လည်းရှိပါတယ်” ဟု ဒေသပြည်သူတစ်ဦးက ပြောဆိုသည်။
ထို့အတူ မန္တလေးမြို့၊ မဟာအောင်မြေမြို့နယ်တွင် ယခု ဒီဇင်ဘာလအတွင်း လူငယ် စုစုပေါင်း ၅၀ ကျော်ကို စစ်တပ်နှင့် ရပ်ကွက်အုပ်ချုပ်ရေးအဖွဲ့များက ပေါ်တာဆွဲ ဖမ်းဆီးခဲ့ကြောင်း မဟာအောင်မြေမြို့နယ် အုပ်ချုပ်ရေးအဖွဲ့ သတင်းရင်းမြစ်က အတည်ပြုပြောဆိုသည်။
“ညပိုင်း မှောင်ရိပ်ခိုမှုနဲ့ ဖမ်းတာက ၃၀ လောက်ပါတယ်။ အဲဒါတွေက ရဲစခန်းကနေတစ်ဆင့် စစ်မှုထမ်းအတွက် စာရင်းသွင်းပါတယ်။ နောက်ထပ် ၂၀ လောက်ကတော့ ဧည့်စာရင်းစစ်ရင်းမရှိတာ၊ လိုင်စင်မဲ့ ဆိုင်ကယ် စီးနင်းတာတွေကြောင့် ဖမ်းဆီးပါတယ်။ သူတို့လည်း စစ်မှုထမ်းအတွက်စာရင်းသွင်းခံရပါတယ်” ဟု မဟာအောင်မြေမြို့နယ် အုပ်ချုပ်ရေးအဖွဲ့ သတင်းရင်းမြစ်က ပြောဆိုသည်။
ဓာတ်ပုံ- ပဲခူးတိုင်းအတွင်း စစ်ဆေးမှုများ လုပ်ဆောင်နေသော အကြမ်းဖက်စစ်ကောင်စီတပ်ဖွဲ့ဝင်များ။ (ပုံအဟောင်းဖြစ်ပါသည်။)