စစ်ကောင်စီ‌ရွေးကောက်ပွဲကိုကူဖို့ အကြောင်းပြချက်နဲ့ ဗမာပြည်ကို ရုရှားလက်နက်ကိုင်တွေပို့ဖို့စီစဉ်

by

in

စစ်ကောင်စီ‌ရွေးကောက်ပွဲကိုကူဖို့ အကြောင်းပြချက်နဲ့ ဗမာပြည်ကို ရုရှားလက်နက်ကိုင်တွေပို့ဖို့စီစဉ်
၁၄ ဒီဇင်ဘာ ၊ ၂၀၂၄
မျိုးညီညီ

စစ်ကောင်စီလုပ်မယ့်ရွေးကောက်ပွဲအတွက်ကူမယ့် ရုရှားနိုင်ငံသားတွေနဲ့ အဲ့လူတွေကို ကာကွယ်မယ်ဆိုတဲ့အကြောင်းပြချက်နဲ့ လက်နက်ကိုင်အစောင့်ရှောက်တွေ ကို ရုရှားအစိုးရက ဗမာပြည်ထဲပို့ပေးဖို့စီစဉ်နေတယ်လို့ NUCC ကထုတ်ပြန်ထားပါတယ်။
ဒီလုပ်ရပ်ဟာ ပေါ်ပေါက်လာနိုင်ဖွယ်ရာရှိတဲ့ အကြမ်းမဖက် လူထူအုံကြွမှုတွေကို တိုက်ခိုက်ဖို့ကြိုတင်ကြံစည်ချက်ဖြစ်တဲ့အပြင် ဗမာပြည်ကို ကျူးကျော်တဲ့အစီစဉ်ဖြစ်တာကြောင့် အပြင်းအထန်ကန့်ကွက်ရှုတ်ချကြောင်း အမျိုးသားညီညွတ်ရေးအတိုင်ပင်ခံကောင်စီ NUCC ကဒီဇင်ဘာလ ၁၃ ရက်ညနေပိုင်းကထုတ်ပြန်လာပါတယ်။
ရုရှားနိုင်ငံက စစ်ကောင်စီရဲ့ရွေးကောက်ပွဲကို ကူညီမယ့်အကြောင်း ရုရှားနိုင်ငံ ဒူးမားလွှတ်တော် ဒုတိယဥက္ကဋ္ဌနဲ့ စစ်ကောင်စီရဲ့ ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင် ဥက္ကဋ္ဌတို့ နေပြည်တော်မှာ တွေ့ဆုံချိန် ဆွေးနွေးခဲ့ကြတယ်လို့ စစ်ကောင်စီရဲ့ပြန်ကြားရေးစာမျက်နှာတွေကနေ ဒီဇင်ဘာလ ၄ ရက် ကဖော်ပြထားခဲ့ပါတယ်။ အဲဒီနောက် အခုလို NUCC ရဲ့ကန့်ကွက်တဲ့ကြေညာချက်ထွက်ပေါ်လာတာပါ။
တချိန်တည်းမှာပဲ မြန်မာနဲ့လာအိုနိုင်ငံသားတွေကို ရုရှားယူကရိန်းစစ်ပွဲမှာ စစ်သားအဖြစ် ရုရှားကအသုံးပြုနေတယ်လို့ ယူကရိန်းနိုင်ငံခြားရေးဝန်ကြီးဌာနအကြံပေး အန်တွန် ဂရက်ရှန်ကိုက မကြာသေးခင်ကထုတ်ဖော်ပြောဆိုထားပါတယ်။ စစ်ကောင်စီနဲ့ ရုရှားဟာ စစ်ရေးအရပူးပေါင်းဆောင်ရွက်ရေးစာချုပ်တခုကို ၂၀၁၆ လောက်ကရေးထိုးခဲ့ဖူးပါတယ်။
ဒါ့အပြင်စစ်ကောင်စီကို နျူကလီးယားနည်းပညာ မိတ်ဆက်ထောက်ပံ့ပေးတဲ့ ရုရှားအစိုးရရဲ့လုပ်ရပ်ဟာ အာဆီယံ နဲ့ BIMSTEC အဖွဲ့နိုင်ငံတွေဖြစ်တဲ့ ဘင်္ဂလားဒေ့ရှ် ၊ အိန္ဒိယ ၊ မြန်မာ ၊ သီရိလင်္ကာ ၊ ထိုင်း ၊ နီပေါ နဲ့ ဘူတန် စတဲ့ ဒေသတွေအတွင်း စစ်ရေးအခြေပြုပြဿနာတွေဖြစ်လာအောင်လုပ်နေတာလို့ NUCC က ဝေဖန်ထားပါတယ်။
ရုရှားအစိုးရရဲ့အခုလိုလုပ်ရပ်တွေကို ကန့်ကွက်ရှုတ်ချပြီး စစ်ကောင်စီနဲ့ ရုရှား တရားမဝင်ချုပ်ထားတဲ့စာချုပ်တွေ နဲ့ သဘောတူညီချက်တွေအားလုံးကိုလည်း ဖက်ဒရယ်ပြည်ထောင်စုလက်ထက်မှာ ပယ်ဖျက်သွားမယ်လို့ NUCC ကသတိပေးထားပါတယ်။