မန္တလေးမြို့က စစ်မှုထမ်းပါသွားတဲ့ လူငယ်တစ်ဦး တိုက်ပွဲမှာ သေဆုံးပြီး စစ်အုပ်စုက အကြောင်းမကြားလို့ ဝိဉာဉ် ပူးကပ်ကာ မိသားစုကို ပြော၊
ဒေါ်လာ/MFP ၊ ဒီဇင်ဘာ – ၁၄
မန္တလေးမြို့၊ မဟာအောင်မြေမြို့နယ်၊ အောင်ချမ်းအေးရပ်ကွက်မှာ နေထိုင်တဲ့ လူငယ်တစ်ဦး လွန်ခဲ့တဲ့ ခြောက်လခန့်က စစ်သားသစ် စုဆောင်းခံရပြီးနောက် ရှေ့တန်း စစ်မြေပြင် ပို့လွှတ်ခံရကာ တိုက်ပွဲအတွင်း သေဆုံးခဲ့ပေမယ့် စစ်အုပ်စုက အကြောင်း မကြားလို့ ဒီဇင်ဘာလ ၈ရက်က ဝိဉာဉ်ပူးကပ်ကာ မိသားစုကို အသိပေး အကြောင်းကြားတယ်လို့ သတင်းရရှိပါတယ်။
မန္တလေးမြို့၊ မြို့လယ်ပိုင်း၊ မဟာအောင်မြေမြို့နယ်၊ ၇၂လမ်း၊ ၃၆လမ်းနဲ့ ၃၇လမ်းကြားမှာ နေထိုင်တဲ့ ဦးခင်မောင်တင်ရဲ့ သားဖြစ်သူ အရပ်အခေါ် မောင်ကြွက်နီဟာ လွန်ခဲ့တဲ့ ခြောက်လလောက်က စစ်သားသစ်အဖြစ် စုဆောင်း ခံရတာလို့ ဆိုပါတယ်။
အဲ့ဒီနောက် ဗန်းမော်မြို့ဘက် ပို့ဆောင်ခံရပြီး ရှေ့တန်းစစ်မြေပြင်မှာ သေဆုံးခဲ့ပေမယ့် စစ်အုပ်စုက အသိပေးအကြောင်းကြားတာ မရှိတဲ့အတွက် ဒီဇင်ဘာလ ၈ရက်က ရပ်ကွက်ထဲက အမျိုးသမီးငယ် တစ်ဦးကို ပူးကပ်ပြီး မိသားစုကို အသိပေးပြောဆိုတာလို့ မန္တလေးမြေပြင်ကင်းထောက် Vomdy က ဖော်ပြပါတယ်။
“ကြွက်နီသည် စကစ၏ မတရားသဖြင့် စစ်မှုထမ်းခိုင်းကာ ဗန်းမော် ရှေ့တန်းသို့ ပို့ဆောင်ခြင်းကြောင့် ရှေ့တန်းတွင်ပင် သေဆုံးသွားခဲ့ကြောင်း ထိုသူနဲ့ နီးစပ်သူများထံမှ သိရှိရသည်။ ဒီဇင်ဘာလ ၈ရက် မနက်တွင် ၄င်းပတ်ဝန်းကျင်ရှိ အမျိုးသမီးငယ်တစ်ဦးအား ဝင်ပူးစွဲကပ်ကာ စစ်ခွေးများ၏ ယုတ်မာကြောင်းနှင့် မတရား အနိုင်ကျင့် ဗိုလ်ကျမှုများကို ပြောကြားခဲ့သည်ဟု ရပ်ကွက်သတင်းများအရ သိရှိရသည်” လို့ မန္တလေး မြေပြင်ကင်းထောက် Vomdy က ဆိုပါတယ်။
အဲ့ဒီ ရပ်ကွက်က စစ်အုပ်စုခန့် ရပ်ကွက်အုပ်ချုပ်ရေးမှူးနဲ့ ရာအိမ်မှူးတွေဟာ စစ်အုပ်စုက တောင်းခံတဲ့ခွဲတမ်းအတိုင်း ရပ်ကွက်ခံ လူငယ်တွေကို စစ်သားသစ် စုဆောင်းပေးနေပြီး ရပ်ကွက်မှာ လူကယ်လူရွယ် မကျန်တော့သလောက် ဖြစ်နေတယ်လို့လည်း ဆိုပါတယ်။
စစ်အုပ်စုဟာ မတ်လကစလို့ နိုင်ငံတဝန်းက လူငယ်လူရွယ်တွေကို စစ်သားသစ် စုဆောင်းနေတာ ဖြစ်ပြီး ကနဦးက မြို့နယ်အလိုက် ရပ်ကွက်နဲ့ကျေးရွာအလိုက် ခွဲတမ်းနဲ့ စစ်သားသစ် စုဆောင်းခဲံာ သင်္ကြန်ကာလပြီး ကတည်းက ခွဲတမ်းနဲ့ မဟုတ်တော့ဘဲ တွေ့သမျှလူကို ပေါ်တာဆွဲကာ စစ်သားသစ် စုဆောင်းနေတာ ဖြစ်ပါတယ်။
မန္တလေးမြို့ အပါအဝင် မန္တလေးတိုင်းအတွင်းက စစ်သားသစ် စုဆောင်းထားသူတွေကို ကနဦးက စဉ့်ကူးမြို့နယ်ရှိ အမှတ် ၂ စစ်အခြေခံ လေ့ကျင့်ရေးတပ်နဲ့ ရမည်းသင်းမြို့ရှိ အမှတ် ၃ စစ်အခြေခံ လေ့ကျင့်ရေးတပ် တို့မှာ စစ်သင်တန်း ပေးခဲ့ပြီး အဲ့ဒီ စဉ့်ကူးမြို့က စခန ၂ကို ပြည်သူ့ကာကွယ်ရေး တပ်မတော် (မန္တလေး) ဦးဆောင်တဲ့ တော်လှန်ရေး တပ်တွေက ဇူလိုင်လမှာ သိမ်းယူပြီးနောက် စစ်အုပ်စုက မန္တလေးတိုင်းအတွင်း စစ်သားသစ် စုဆောင်းလို့ ရသမျှ လူငယ်တွေကို ရမည်းသင်းမြို့က စခတ ၃ ကို ပို့ကာ သင်တန်း ပေးနေတာ ဖြစ်ပါတယ်။
လက်ရှိမှာ စစ်အုပ်စုက အမှတ်စဉ် ၇ စစ်သင်တန်း ဖွင့်လှစ်ထားပြီး အမှတ်စဉ် ၈ စစ်သင်တန်းအတွက် ဆက်လက် ပေါ်တာဆွဲ လူသစ်စုနေတာလည်း ဖြစ်ပါတယ်။
ပြီးခဲ့တဲ့ မတ်လက စစ်သားသစ် စုဆောင်းထားသူတွေကို စစ်အုပ်စုက မန္တလေးမြို့မှာ ကြိုဆိုပွဲ လုပ်ပြီး သပိတ်ကျင်း – စဉ့်ကူး မြို့ဘက် ပို့လွှတ်နေစဉ်/Photo – စစ်အုပ်စု