စစ်တောင်းမြစ်အရှေ့ခြမ်းတွင် နေပြည်တော် PDFပူးပေါင်းတပ်နှင့် စစ်ကောင်စီတပ် နှစ်ရက်ဆက်တိုက်ပွဲဖြစ် ◾️စစ်ကောင်စီတပ်အထိနာပြီး တပ်ဆုတ်သွားဟု နေပြည်တော် PDFစစ်ကြောင်းမှူးပြော

by

in

စစ်တောင်းမြစ်အရှေ့ခြမ်းတွင် နေပြည်တော် PDFပူးပေါင်းတပ်နှင့် စစ်ကောင်စီတပ် နှစ်ရက်ဆက်တိုက်ပွဲဖြစ်
◾️စစ်ကောင်စီတပ်အထိနာပြီး တပ်ဆုတ်သွားဟု နေပြည်တော် PDFစစ်ကြောင်းမှူးပြော
ကျော်ဇော/People’s Spring
ပဲခူးတိုင်း၊ ရေတာရှည်မြို့နယ် စစ်တောင်းမြစ်အရှေ့ခြမ်းရှိ ပိတောက်ကုန်းကျေးရွာဘက်သို့ စစ်ကြောင်းထိုးလာသော စစ်ကောင်စီတပ်အား နှစ်ရက်ဆက်တိုက်ခိုက်ခဲ့ရာ အထိနာ၍ တပ်ဆုတ်သွားကြောင်း နေပြည်တော် PDF စစ်ကြောင်း၊ တပ်ရင်း(၉၀၁)မှ တပ်ရင်းမှူးက ပြောသည်။
စစ်ကောင်စီအဖွဲ့ရှိရာ နေပြည်တော်နှင့် မိုင်(၅၀)ခန့်ကွာဝေးသော စစ်တောင်းမြစ်အရှေ့ဘက် ရွာသစ်‌ကျေးရွာတွင် အထိုင်ချထားသည့် စစ်ကောင်စီတပ်မှ အင်အား ၁၀၀ ခန့်သည် ပိတောက်ကုန်းကျေးရွာသို့ ဒီဇင်ဘာ ၁၂ ရက် ညနေ ၃နာရီခန့်၌ စစ်ကြောင်းထိုးလာစဉ် ပူးပေါင်းစစ်ဆင်ရေးအဖွဲ့က လက်ဦးမှုယူစောင့်ကြိုတိုက်ခိုက်ခဲ့ခြင်း ဖြစ်သည်။
စစ်ဆင်ရေးအတွင်း မိုင်းဆွဲ၍ လက်နက်ကြီး၊ လက်နက်ငယ်များဖြင့် ဦးစွာပစ်ခတ်ခဲ့ပြီး တိုက်ပွဲချိန် မိနစ်(၉၀)ခန့်ကြာမြင့်ပြီး စစ်ကောင်စီတပ်အထိနာကာ ပြန်လည်ဆုတ်ခွာသွားခဲ့ကြောင်း ပူးပေါင်းစစ်ဆင်ရေးအဖွဲ့တွင်ပါဝင်သည့် တပ်ရင်း(၉၀၁)က အသိပေးသည်။
ထို့နောက် ဒီဇင်ဘာ ၁၂ ရက် ညနေ ၆ နာရီတွင် စစ်ကောင်စီတပ်က ဒုတိယအကြိမ် ထပ်မံဝင်ရောက်လာရာ နှစ်ဘက်တိုက်ပွဲဖြစ်ပွား၍ တိုက်ပွဲချိန်(၂)နာရီကြာမြင့်ခဲ့သည်ဟု တပ်ရင်း(၉၀၁)မှ တပ်ရင်းမှူးက ပြောသည်။
စစ်ကောင်စီတပ်မှာ ပြန်လည်ဆုတ်ခွာခြင်းမရှိဘဲ ပိတောက်ကုန်းကျေးရွာအတွင်း ဆက်ရှိနေပြီး တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့များနှင့် တစ်ညလုံးစစ်ဆိုင်ထားခဲ့သည်ဟု ၎င်းက ဆက်ပြောသည်။
ထို့ကြောင့် စစ်တပ်ဖြန့်ထားရာနေ ရာများသို့ တော်လှန်ရေးတပ်များက လက်နက်ကြီးများဖြင့် တစ်ညလုံးနီးပါး ပစ်ခတ်ထားပြီး(ဒီဇင်ဘာ ၁၃ ရက်)နံနက် ၃နာရီကျော်တွင် ရှေ့တိုးလာသော စစ်ကောင်စီတပ်အား ထပ်မံတိုက်ခိုက်ရာ ပြန်ဆုတ်သွားရကြောင်း ပူးပေါင်းအဖွဲ့က အသိပေးသည်။
အထက်ပါ တိုက်ခိုက်မှုများအတွင်း စစ်ကောင်စီမှ ၃၀ ဦးခန့်ထိခိုက်မှုရှိခဲ့ပြီး ၁၂ဦးသေဆုံးကြောင်း ပူး ပေါင်းတပ်ဖွဲ့တွင်ပါဝင်သည့် တပ်ရင်း(၉၀၁)မှ တပ်ရင်းမှူးက ပြောသည်။
“ပိတောက်ကုန်းတိုက်ပွဲဖြစ်စဉ် နောက်ဆက် တွဲသတင်းများအရ စကစ(၁၂)ကောင်ကျ ကျတယ်လို့ အခုပဲသတင်းရပါတယ်”ဟု ယနေ့(ဒီဇင်ဘာ ၁၄ ရက်)ညပိုင်း ဆက်သွယ်မေးမြန်းမှုအား တပ်ရင်းမှူးက ပြန်လည်ဖြေကြားသည်။
လက်ရှိအခြေအနေတွင် ပိတောက်ကုန်းအပါ အဝင် ကျေးရွာအချို့မှ ဒေသခံပြည်သူများမှာ ဘေးလွတ်ရာရှောင်တိမ်းနေရပြီး စစ်ကောင်စီတပ်များ ပြန်လည်ဆုတ်ခွာသည့် ကျေးရွာနှင့် ၎င်းတို့ အထိုင်ချထားသော ရွာသစ်ကျေးရွာမှာ တစ်မိုင်ခန့်သာကွညဝေး၍ တိုက်ပွဲများအချိန်မရွေးဖြစ်ပေါ်လာနိုင်ကြောင်း အသိပေးထားသည်။
စစ်တောင်းမြစ်ဝှမ်း-ရေတာရှည်စစ်ဆင်ရေးပူးပေါင်းအဖွဲ့ကို နေပြည်တော် PDF စစ်ကြောင်း တပ်ရင်း (၉၀၁)၊ တပ်ရင်း (၃၅၀၂) ကီးကူစစ်ကြောင်း၊ တော်ဝင်လျှပ်စီး (RTC) စစ်ကြောင်းတို့ ပူးပေါင်း၍ စစ်ဆင်ရေးများ ဖော်ဆောင်နေခြင်း ဖြစ်သည်။
(နေပြည်တော် PDF စစ်ကြောင်း၊ တပ်ရင်း(၉၀၁)မှ ရဲဘော်များအား တွေ့ရစဉ်။ ဓာတ်ပုံ − Nay Pyi Taw PDF-Battalion 901)