မောင်တော နခခ ၅ စခန်းသိမ်းတိုက်ပွဲတွင် စစ်ကောင်စီဘက်မှ ရာပေါင်းများစွာသော စစ်သားများ အလံဖြူထောင် လက်နက်ချ (ရုပ်/သံ)

by

in

မောင်တော နခခ ၅ စခန်းသိမ်းတိုက်ပွဲတွင် စစ်ကောင်စီဘက်မှ ရာပေါင်းများစွာသော စစ်သားများ အလံဖြူထောင် လက်နက်ချ (ရုပ်/သံ)
ရန်ကုန်၊ ဒီဇင်ဘာ ၁၁

ရခိုင်ပြည်တွင် နှစ်လကျော်​ကြာ တိုက်ခိုက်သိမ်းပိုက်ခဲ့ရသော မောင်တော နခခ ၅ စခန်းသိမ်းတိုက်ပွဲတွင် စစ်ကောင်စီတပ်ဘက်မှ ရာပေါင်းများစွာသော စစ်သားများ အလံဖြူထောင် လက်နက်ချ အလင်းဝင်ခဲ့ကြောင်း AA ၏ ထုတ်ပြန်ချက်အရ သိရှိရသည်။
မောင်တောမြို့တွင် နောက်ဆုံးလက်ကျန်စခန်းတစ်ခု ဖြစ်သော အမှတ် ၅ နယ်ခြားစောင့် ရဲတပ်ဖွဲ့ခွဲ (နခခ-၅) စခန်းကို ဒီဇင်ဘာလ ၈ ရက်နေ့၊ နံနက် ၉ နာရီ ၃၀ မိနစ်အချိန် အာရက္ခတပ်တော်က အပြီးသတ်ချေမှုန်းတိုက်ခိုက်နိုင်ခဲ့ကြောင်း၊ နခခ ၅ စခန်းသည် မောင်တောမြို့၏ မြို့သူကြီးရပ်ကွက်တွင်တည်ရှိပြီး စစ်အင်အား ၇၀၀ ကျော် စခန်းချတပ်စွဲထားသော စခန်းကြီးတစ်ခုဖြစ်ကြောင်း၊ စခန်းပတ်ပတ်လည်အား သံဆူးကြိုး ၂ ထပ်ဖြင့် ကာရံထားပြီး တစ်ခုနှင့်တစ်ခုအကြားတွင် သတ်ကွင်းများကို ကောင်းစွာပြင်ဆင်ထားကြောင်း၊ အချို့နေရာများ၌ ပေ ၂၀ ခန့်ကျယ်သော ရေမြောင်းများကို ဖောက်လုပ်ထားပြီး ဆူးချွန်များ ထောင်ထားကြောင်း၊ လေးဖက်လေးတန်တွင် အခိုင်အမာ တည်ဆောက်ထားသော ဘန်ကာ ၂၀ ကျော်၊ ဘန်ကာအသေး၊ Overhead စုစုပေါင်း ၁၀၀ ကျော်ရှိကာ စခန်းအတွင်း၌ ခိုင်ခံ့ထူထပ်သော အဆောက်အအုံကြီး ၃၀ ကျော်လည်း ပါဝင်ကြောင်း သိရှိရသည်။
AA က နခခ ၅ စခန်းကို လွန်ခဲ့သော နှစ်လခန့်ကတည်းကပင် ဝိုင်းရံပိတ်ဆို့ထားကာ အောက်တိုဘာလ ၁၄ ရက်နေ့တွင်မှ စတင်ထိုးစစ်ဆင်တိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း၊ ထိုးစစ်ရက်ပေါင်း (၅၅) ရက် ခန့်ကြာမြင့်ခဲ့ကြောင်း၊ ရာချီသော လက်နက်ကိုင်တပ်ဖွဲ့ဝင်များကို စစ် သုံ့ပန်းများအဖြစ် ဖမ်းဆီးရမိခဲ့ပြီး လက်နက်ခဲယမ်းများနှင့် စစ်အသုံးအဆောင်ပစ္စည်းများကိုလည်း သိမ်းဆည်းရမိခဲ့ကြောင်း သိရှိရသည်။