ဆီးရီးယား အာဏာရှင် အာဆတ်ပြုတ်ကျထွက်ပြေးသွားသကဲ့သို့ မင်းအောင်လှိုင် အရှုံးပေးသွားရေး အလုပ်နှင့်သက်သေပြကြရန် NUG ယာယီသမ္မတ တိုက်တွန်း

by

in

ဆီးရီးယား အာဏာရှင် အာဆတ်ပြုတ်ကျထွက်ပြေးသွားသကဲ့သို့ မင်းအောင်လှိုင် အရှုံးပေးသွားရေး အလုပ်နှင့်သက်သေပြကြရန် NUG ယာယီသမ္မတ တိုက်တွန်း
ရန်ကုန်၊ ဒီဇင်ဘာ ၁၁

ဆီးရီးယားနိုင်ငံမှ အာဏာရှင် သမ္မတ ဘာရှားအာဆတ်ပြုတ်ကျပြီး နိုင်ငံမှ ထွက်ပြေးသွားသကဲ့သို့ မင်းအောင်လှိုင် အပါအဝင် အာဏာရှင်များ အရှုံးပေးသွားရေး အလုပ်နှင့်သက်သေပြကြရန် အမျိုးသားညီညွတ်ရေးအစိုးရ-NUG ယာယီသမ္မတ ဒူဝါလရှီးလ တိုက်တွန်း ဆော်ဩလိုက်သည်။
ယမန်နေ့ ပြုလုပ်ခဲ့သော အမျိုးသားညီညွတ်ရေးအစိုးရ၏ ၃၀ / ၂၀၂၄ အစိုးရအဖွဲ့အစည်းအဝေးတွင် ၎င်းက အထက်ပါအတိုင်း တိုက်တွန်း ဆော်ဩလိုက်ခြင်းဖြစ်သည်။
ဆီရီးယားတွင် အာဏာရှင် အာဆတ် ပြုတ်ကျသွားမှုက မြန်မာနိုင်ငံအတွက် အားတက်စရာဖြစ်ကြောင်း၊ စစ်မှန်ပြီး လက်တွေ့ကျသည့် တော်လှန်ရေးတိုင်းသည် အာဏာရှင်များကို အောင်ပွဲခံနိုင်သည်ကို ယုံကြည်ကြောင်း၊ အာရပ်နွေဦးတော်လှန်ရေးတွင် အာဏာရှင်ခေါင်း ဆောင်များ လက်မြှောက် အရှုံးပေးသွားခဲ့ကြရသည်ကို အားလုံး သိထားပြီးဖြစ်ကြောင်း ယာယီသမ္မတက ပြောဆိုသည်။
“အခု ကျနော်တို့ရဲ့ နွေဦးတော်လှန်ရေးမှာလည်း အာဏာရှင်‌ စစ်ကောင်စီခေါင်း ဆောင်တွေကို ပြည်သူလူထုဟာ အဆုံးသပ်နိဂုံးချုပ်ပေးနိုင်လိမ့်မယ်လို့ ကျနော် ယုံကြည်ပါတယ်။ ဆီးရီးယားနိုင်ငံမှာ အာဏာရှင်ခေါင်းဆောင်တစ်ယောက် အရှုံး ပေး ထွက်ပြေးရသလိုမျိုး၊ ကျနော်တို့ နိုင်ငံမှာလည်း အာဏာရှင်ခေါင်း ဆောင်တွေ လက်မြှောက် အရှုံးပေးသွားအောင် ကျနော်တို့ အစိုးရတစ်ဖွဲ့လုံးက အလုပ်နဲ့ သက်သေပြဖို့ လိုတယ်လို့ ယုံကြည်ပါတယ်” ဟု ယာယီသမ္မတ ဒူဝါလရှီးလက ပြောဆိုသည်။
ဆီရီးယားသမ္မတ အာဏာရှင် အာဆတ်သည် ဒီဇင်ဘာလ ၈ ရက်နေ့တွင် ဆီးရီးယားနိုင်ငံမှ ရုရှားနိုင်ငံသို့ ထွက်ပြေးသွားခဲ့ပြီး ၂၀၁၁ ခုနှစ်မှစတင်ခဲ့သော ဆီရီးယားတော်လှန်ရေးမှာ ၁၄ နှစ်အကြာတွင် အောင်မြင်စွာဖြင့် အဆုံးသတ်သွားခဲ့သည်။
အကြမ်းဖက်စစ်ကောင်စီက ၎င်းတို့၏ ဝါဒဖြန့် သတင်းစာများတွင် ဆီးရီးယားအာဏာရှင် အာဆတ် နိုင်ငံမှ ထွက်ပြေးသွားသည့် သတင်းများကို လုံး၀ ဖော်ပြခြင်းမပြုဘဲ သတင်းအမှောင်ချခဲ့ကြောင်း သိရှိရသည်။
ဓာတ်ပုံ- ဆီးရီးယားအာဏာရှင် အာဆတ်နှင့် အကြမ်းဖက် မင်းအောင်လှိုင်။

နွေဦးတော်လှန်ရေးလှိုင်းလုံးဟာ နိုင်ငံရဲ့ တော်လှန်ရေးသမိုင်းတွေထဲမှာ အကြီးမားဆုံးနဲ့ အကျယ်ပြန့်ဆုံး တော်လှန်ရေးလှိုင်းလုံးကြီးဖြစ်တယ်လို့ NUG ယာယီသမ္မတ ပြော…
ဒီဇင်ဘာ ၁၁ ၊ ၂၀၂၄
လက်ရှိနွေဦးတော်လှန်ရေးလှိုင်းလုံးဟာ မြန်မာနိုင်ငံရဲ့ တော်လှန်ရေး သမိုင်းတွေထဲမှာ အကြီးမားဆုံးနဲ့ အကျယ်ပြန့်ဆုံး တော်လှန်ရေး လှိုင်းလုံးကြီးဖြစ်တယ်လို့ အမျိုးသားညီညွတ်ရေးအစိုးရရဲ့ ၃၀ / ၂၀၂၄ အစိုးရအဖွဲ့အစည်းအဝေးမှာ ယာယီသမ္မတ ဒူဝါလရှီးလက ပြောကြားလိုက်ပါတယ်။
အကြီးမားဆုံးသော တော်လှန်ရေးလှိုင်းလုံးကြီးရဲ့ သဘော သဘာဝကို မျက်ခြေပျက်သွားတာနဲ့ အားလုံး စုပေါင်းလှော်ခတ်နေတဲ့ လှေကြီးက မြှုပ်သွားနိုင်တာကို သတိရှိကြဖို့ လိုတယ်လို့ NUG ယာယီသမ္မတက ထုတ်ပြန်ထားပါတယ်။
“အချိန်နဲ့ ဒီရေဟာ လူကို မစောင့်ဘူးဆိုတဲ့ စကားရှိပါတယ်။ တော်လှန်ရေး ဒီရေကလည်း ကျွန်တော်တို့ကို စောင့်နေမှာ မဟုတ်ပါဘူး။ လက်ရှိ နွေဦးတော်လှန်ရေးလှိုင်းလုံးဟာ ကျွန်တော်တို့ နိုင်ငံရဲ့ တော်လှန်ရေး သမိုင်းတွေထဲမှာ အကြီးမားဆုံးနဲ့ အကျယ်ပြန့်ဆုံးသော တော်လှန်ရေး လှိုင်းလုံးကြီးဖြစ်ပါတယ်။ အဲဒါကို ကျွန်တော်တို့အနေနဲ့ တင်းပြည့်ကျပ်ပြည့် ရှေ့ဆောင်ရှေ့ရွက် မပြုနိုင်ဘူးဆိုရင်၊ ကျွန်တော်တို့ဟာ လှိုင်းထဲမှာ မြှုပ်သွားတဲ့သူတွေ ဖြစ်သွားနိုင်ပါတယ်။ နွေဦးတော်လှန်ရေးလှိုင်းကြီးက အင်မတန် ကြီးမားပြင်းထန်တာကြောင့်၊ ကျွန်တော်တို့ဟာ လှိုင်းရဲ့ သဘော / သဘာဝကို မျက်ခြေပျက်သွားတာနဲ့ ကျွန်တော်တို့ အားလုံး စုပေါင်းလှော်ခတ်နေတဲ့ လှေကြီးက မြှုပ်သွားနိုင်တယ်ဆိုတာကို သတိရှိကြဖို့ အထူးလိုအပ်ပါတယ်။” လို့ ယာယီသမ္မတဒူဝါလရှီးလက ပြောကြားထားပါတယ်။
ဒါ့အပြင် ယာယီသမ္မတက တော်လှန်ရေးဆိုတာ ပြတ်သားသင့်တဲ့အချိန်မှာ ပြတ်ပြတ်သားသားလုပ်ရမှာ ဖြစ်သလို လုပ်သင့်လုပ်ထိုက်တာတွေကို ဆုံးဖြတ်ပြီးရင်လည်း လက်တွေ့ကျကျ ဖြစ်အောင် လုပ်ရမယ်လို့ ပြောကြားထားပါတယ်။
“တော်လှန်ရေးအလုပ်ဆိုတာဟာ ခြေတစ်ဖက်လှမ်းထားရုံနဲ့ မလုံလောက်ဘူးလို့ ပြောချင်ပါတယ်။ တော်လှန်ရေးအလုပ်မှာ ခြေစုံရပ် မြှုပ်နှံမှ – လူထုက အားကိုးထိုက်တဲ့ ခေါင်းဆောင် / တိုင်းပြည်နဲ့ လူ့အဖွဲ့အစည်းက အားကိုးထိုက်တဲ့ ခေါင်းဆောင်တွေဖြစ်နိုင်တယ်ဆိုတာ လုံးဝ မေ့လို့ မရပါဘူး။ ကျွန်တော်တို့ဟာ တချိန်ကျရင် နွေဦးတော်လှန်ရေးသမိုင်းအကြောင်း- ကျွန်တော်တို့ မြေးမြစ်တွေကို ပြန်ပြောပြတဲ့အခါမှာ “ငါတို့တတွေဟာ ဘယ်လောက် ယုံကြည်ချက် ပြင်းထန်ခဲ့ ကြောင်း / ငါတို့ဟာ ဘယ်လောက်အထိ ခြေစုံရပ် မြှုပ်နှံခဲ့သူတွေ ဖြစ်ကြောင်း” ပြန်ပြောပြပြီး ဂုဏ်ယူနိုင်ဖို့ လိုပါတယ်။ တော်လှန်ရေးအလုပ်ဆိုတာဟာ “တို့ကနန်း-ဆိတ်ကနန်း” လုပ်လို့ မရဘူးလို့ ပြောချင်ပါတယ်။ ပြတ်သားသင့်တဲ့အချိန်မှာ ပြတ်ပြတ်သားသားလုပ်ရမှာ ဖြစ်သလို၊ လုပ်သင့်လုပ်ထိုက်တာတွေကို ဆုံးဖြတ်ပြီးရင်လည်း လက်တွေ့ကျကျ ဖြစ်အောင် လုပ်ရမှာ ဖြစ်ပါတယ်။” လို့ ယာယီသမ္မတ ဒူဝါလရှီးလက ပြောကြားထားပါတယ်။