မြန်မာနိုင်ငံ၏သမ္မတ နှင့် နိုင်ငံခြား​ရေးဝန်ကြီးအဖြစ် ဦးဝင်းမြင့် နှင့်ဒေါ်အောင်ဆန်းစုကြည်တို့ကို ကုလသမဂ္ဂ ဆက်လက်တရားဝင်အသိအမှတ်ပြု ▪︎“ပြည်သူလူထုရဲ့အောင်မြင်မှုကြီးဖြစ်သလို အကြမ်းဖက်စစ်အုပ်စုရဲ့ ရင်ညွှန့်ကို ဖနောင့်နဲ့ ပေါက်ကန်ထုတ်တာ ခံရတဲ့ အနေအထားလည်းဖြစ်တယ်” – NUG သမ္မတရုံးပြောခွင့်ရပုဂ္ဂိုလ်

by

in

မြန်မာနိုင်ငံ၏သမ္မတ နှင့် နိုင်ငံခြား​ရေးဝန်ကြီးအဖြစ် ဦးဝင်းမြင့် နှင့်ဒေါ်အောင်ဆန်းစုကြည်တို့ကို ကုလသမဂ္ဂ ဆက်လက်တရားဝင်အသိအမှတ်ပြု
▪︎“ပြည်သူလူထုရဲ့အောင်မြင်မှုကြီးဖြစ်သလို အကြမ်းဖက်စစ်အုပ်စုရဲ့ ရင်ညွှန့်ကို ဖနောင့်နဲ့ ပေါက်ကန်ထုတ်တာ ခံရတဲ့ အနေအထားလည်းဖြစ်တယ်” – NUG သမ္မတရုံးပြောခွင့်ရပုဂ္ဂိုလ်
▪︎“နွေဦးတော်လှန်ရေး လမ်းကြောင်းဟာ ဘယ်
လောက်ပဲ ခက်ခဲတယ်၊ ကြမ်းတမ်းတယ်၊ အချိန်တွေ ကြာမြင့်နေတယ်လို့ ပြောနေပေမယ့် သေချာ
ပေါက် အောင်မြင်ဖို့အတွက် မှန်ကန်သော ကံကြမ္မာနဲ့ အားအင်တစ်ရပ်အဖြစ် တည်ရှိနေမယ်လို့ ယုံကြည်မိပါတယ်” – CDM သံတမန်တစ်ဦး
အီယိုရီ/People’s Spring
စစ်အာဏာသိမ်းမှု ၄နှစ်နီးပါးရှိလာချိန်အထိ ကုလသမဂ္ဂသည် စစ်ကောင်စီကို ယနေ့အထိအသိအမှတ်ပြုခြင်းမရှိဘဲ ရွေးကောက်ပွဲအရပ်သားအစိုးရခေါင်းဆောင်များဖြစ်သည့် နိုင်ငံတော်သမ္မတဦးဝင်းမြင့်၊ နိုင်ငံခြားရေးဝန်ကြီးဒေါ်အောင်ဆန်းစုကြည်တို့ကို တရားဝင်အသိအမှတ်ပြုထားသည်။
ကုလသမဂ္ဂအဖွဲ့ဝင်နိုင်ငံများ၏ နိုင်ငံ့ခေါင်းဆောင်များ၊ အစိုးရခေါင်းဆောင်များ၊ နိုင်ငံခြားရေးဝန်ကြီးများကို တရားဝင်အသိအမှတ်ပြုမှတ်တမ်းတင်ထားသော ကုလသမဂ္ဂ Blue Book တွင် မြန်မာနိုင်ငံ၏ နိုင်ငံ့ခေါင်းဆောင်အဖြစ် သမ္မတဦးဝင်းမြင့်၊ နိုင်ငံခြားရေးဝန်ကြီးအဖြစ် နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်ဒေါ်အောင်ဆန်းစုကြည်တို့ကို ဖော်ပြထားခြင်းဖြစ်သည်။ ကုလသမဂ္ဂက ဒီဇင်ဘာ ၆ရက်တွင်ထုတ်ပြန်သော Blue Book တွင် ထို့သို့ ဖော်ပြထားခြင်းလည်းဖြစ်သည်။
ပြည်သူလူထုရွေးချယ်တင်မြှောက်ခံအရပ်သားအစိုးရခေါင်းဆောင်များကို ကုလသမဂ္ဂက တရားဝင်အသိအမှတ်ပြုထားခြင်းမှာ မြန်မာပြည်သူလူထုအတွက် အားတက်စရာဖြစ်ပြီး အကြမ်းဖက်စစ်အုပ်စု၏ တရားဝင်မှုကို လုံးဝပယ်ချထားခြင်းဖြစ်ကြောင်း အမျိုးသားညီညွတ်ရေးအစိုးရ NUG သမ္မတရုံးပြောရေးဆိုခွင့်ရှိသူ ဦးကျော်ဇော်က People’s Spring ကို ပြောသည်။
“မြန်မာပြည်သူလူထု ရွေးချယ်တင်မြှောက်ထားတဲ့ တရားဝင်အစိုးရ ဦးဝင်းမြင့်နဲ့ ဒေါ်အောင်ဆန်းစုကြည်တို့ကို ဆက်လက်အသိအမှတ်ပြုထားတာ ပြည်သူလူထုရဲ့အောင်မြင်မှုကြီးဖြစ်သလို အကြမ်းဖက်စစ်အုပ်စုရဲ့ ရင်ညွှန့်ကို ဖနောင့်နဲ့ ပေါက်ကန်ထုတ်တာ ခံရတဲ့ အနေအထားလည်းဖြစ်တယ်။ ဒါဟာ မြန်မာပြည်သူလူထုရဲ့ အသံ၊ မြန်မာပြည်သူလူထုရဲ့ ကိုယ်စားပြုကို ကုလသမဂ္ဂက ဆက်လက်ပြီးတော့ အသိအမှတ်ပြုနေတယ်ဆိုတာ ရှင်းရှင်းလင်းလင်းကြီး တရားဝင်ဖော်ပြတာဖြစ်ပါတယ်” ဟု ဦးကျော်ဇော်က ပြောသည်။
ကုလသမဂ္ဂ၏ Blue Book တွင် နိုင်ငံတော်သမ္မတဦးဝင်းမြင့်၊ နိုင်ငံခြားရေးဝန်ကြီး ဒေါ်အောင်ဆန်းစုကြည်တို့၏ အမည်များကို ဆက်လက်ရှိထားခြင်းမှာ ကုလသမဂ္ဂအနေဖြင့် မြန်မာနိုင်ငံ၏ တရားဝင်အစိုးရအဖြစ် အရပ်သားအစိုးရကိုသာ အသိအမှတ်ပြုကြောင်း ပြသနေခြင်းသာဖြစ်ပြီး လက်ရှိမြန်မာ့နိုင်ငံရေးအခြေအနေများနှင့်ပတ်သက်၍ ကုလသမဂ္ဂ၏ သဘောထားကို ဖော်ပြနေသည့် အရေးကြီးသည့် အချက်ဖြစ်ကြောင်း ဂျပန်နိုင်ငံဆိုင်ရာမြန်မာသံရုံးပထမအတွင်းဝန်အဖြစ် တာဝန်ထမ်းဆောင်ခဲ့သူ ဦးအောင်စိုးမိုး(CDM)က မှတ်ချက်ပြုသည်။
“အကြမ်းဖက်စစ်ကောင်စီအနေနဲ့ အချို့သော နိုင်ငံအနည်းအကျဥ်းရဲ့ ရပ်တည်ပေးမှုနဲ့ သူတို့ရဲ့ အုပ်ချုပ်မှုကို တရားဝင်ဖြစ်အောင် ကြိုးစားလိုနေပေမယ့် ကုလသမဂ္ဂမျက်နှာစာမှာတော့ ဘယ်နည်းနဲ့မှ တိုးမပေါက်နိုင်ဘဲဖြစ်နေတာဟာ သံတမန်ရေးအရ ရှုံးနိမ့်နေတယ်ဆိုတာကို ဘယ်လိုမှ ငြင်းမရတဲ့အချက်ဘဲဖြစ်ပါတယ်” ဟု အကြမ်းမဖက်အာဏာဖီဆန်ရေးလှုပ်ရှားမှုတွင် ပါဝင်ခဲ့သူ CDM ဦးအောင်စိုးမိုးက ပြောသည်။
လက်ရှိအချိန်တွင် စစ်ကောင်စီသည် စစ်ရေးအရသာမက သံတမန်ရေးအရ၊ စီးပွားရေးအရ အဖက်ဖက်မှ ရှုံးနိမ့်နေသည့်အတွက် မကြာမီတွင် မြန်မာနိုင်ငံတွင် အာဏာရှင်စနစ်ချုပ်ငြိမ်းပြီး မြန်မာပြည်သူအများစုလိုလားသော လွတ်လပ်ခြင်း၊ တရားမျှတခြင်းနှင့် လူ့အခွင့်အရေးများ ပြန်လည်ရရှိကာ ဖက်ဒရယ်ဒီမိုကရေစီကို အခြေခံသော မြန်မာနိုင်ငံသစ်ကို ရောက်ရှိတက်လှမ်းနိုင်တော့မည်ဟု အားကောင်းမောင်းသန်ယုံကြည်ကြောင်း ၎င်းက ဆက်ပြောသည်။
ထို့အပြင် ကုလသမဂ္ဂဆိုင်ရာမြန်မာအမြဲတမ်းကိုယ်စားလှယ် သံအမတ်ကြီးဦးကျော်မိုးထွန်း လက်ရှိရာထူးတာဝန်အတိုင်းဆက်လက်ရှိနေစေမည့် အရည်အချင်းစစ်ကော်မတီ(Credentials Committee)၏ အစီရင်ခံစာအား ဒီဇင်ဘာ ၆ရက်တွင် ကျင်းပခဲ့သော ကုလသမဂ္ဂ အထွေထွေညီလာခံ မျက်နှာစုံညီအစည်းအဝေးက မဲမခွဲဘဲ တူညီဆန္ဒဖြင့် အတည်ပြုချမှတ်ခဲ့သည်။
ကုလသမဂ္ဂတွင် လက်ရှိတာဝန်များကို ဆက်လက်ထမ်းဆောင်ရန် Credentials Committee က ဆုံးဖြတ်လိုက်ခြင်းမှာ ပြည်သူ့အောင်ပွဲတစ်ရပ်အဖြစ် သတ်မှတ်ရနိုင်သကဲ့သို့ ကုလသမဂ္ဂတွင် စစ်ကောင်စီက ကိုယ်စားပြုရန် ကြိုးစားနေမှုကို ဆက်လက်တားဆီးနိုင်မည်လည်းဖြစ်ကြောင်း CDM သံတမန် ဦးအောင်စိုးမိုးက သုံးသပ်သည်။
“ကျွန်တော်တို့သံတမန်တွေအတွက် ကုလသမဂ္ဂရဲ့ စာမျက်နှာက အရေးကြီးပါတယ်။ ဘာကြောင့်လဲဆိုတော့ မိမိနိုင်ငံအတွက် ကိုယ်စားပြုပြီး နိုင်ငံတကာနဲ့ ရင်ဘောင်တန်းနိုင်ဖို့က ကုလသမဂ္ဂကလည်း အဓိကကျတဲ့ မျက်နှာစာတစ်ခုလို့ ဆိုနိုင်ပါတယ်။ ဒါ့ကြောင့်လည်း ၂၀၂၁ ဖေဖော်ဝါရီလ စစ်အာဏာသိမ်းပြီးကတည်းက စစ်ကောင်စီဟာ ကုလသမဂ္ဂမှာ သူတို့ကို ကိုယ်စားမပြုတဲ့ သံအမတ်ကြီး ဦးကျော်မိုးထွန်းကို ဖယ်ရှားပြီး သူတို့ကို ကိုယ်စားပြုသူတွေနဲ့ အစားထိုးခန့်အပ်နိုင်ဖို့ တစိုက်မတ်မတ်လုပ်ဆောင်နေတာပါ။ ကျွန်တော်တို့ မြန်မာပြည်သူတွေအတွက်ကတော့ ကုလသမဂ္ဂမျက်နှာစာမှာ သံအမတ်ကြီးဦးကျော်မိုးထွန်း ဆက်လက်ရှိနေဖို့ မဖြစ်မနေလိုအပ်ပါတယ်။ ဒါမှ မြန််မာပြည်သူတွေရဲ့အသံကို ကိုယ်စားပြုပြီး နိုင်ငံတကာကို မြန်မာနိုင်ငံရဲ့အခြေအနေ၊ အဖြစ်မှန်တွေကို ပြောကြားခွင့်၊ တောင်းဆိုခွင့်တွေ ရှိနေမှာပါ” ဟု ဦးအောင်စိုးမိုးက ပြောသည်။
ဆက်လက်ပြီး ၎င်းက “နွေဦးတော်လှန်ရေးစတင်ကတည်းက ဖြစ်စဥ်တွေကို ပြန်စဥ်းစားကြည့်ရင် ပထမဆုံးဦးဆုံး ကုလသမဂ္ဂမျက်နှာစာမှာ မြန်မာပြည်သူတွေကို ကိုယ်စားပြုပေမယ့် ဦးကျော်မိုးထွန်းလို လူတစ်ယောက်ပေါ်ထွက်လာခဲ့တယ်။ လက်ရှိမှာလည်း မြန်မာပြည်သူတွေရဲ့ အသံ၊ ဆန္ဒတွေကို ကမ္ဘာက သိအောင် ပြောနေတယ်။ အခုလည်း ကုလသမဂ္ဂမှာ ပြည်သူ့ကိုယ်စားပြုသူတစ်ဦး ဆက်လက်ရပ်တည်ခွင့်ရလာခဲ့ပြန်ပြီဆိုတော့ နွေဦးတော်လှန်ရေး လမ်းကြောင်းဟာ ဘယ်လောက်ပဲ ခက်ခဲတယ်၊ ကြမ်းတမ်းတယ်၊ အချိန်တွေ ကြာမြင့်နေတယ်လို့ ပြောနေပေမယ့် သေချာပေါက် အောင်မြင်ဖို့အတွက် မှန်ကန်သော ကံကြမ္မာနဲ့ အားအင်တစ်ရပ်အဖြစ် တည်ရှိနေမယ်လို့ ယုံကြည်မိပါတယ်” ဟု ပြောသည်။
ကုလသမဂ္ဂတွင် သံအမတ်ကြီးဦးကျော်မိုးထွန်း ဆက်လက်တာဝန်ထမ်းဆောင်ခွင့်ရခဲ့ခြင်းမှာ နွေဦးတော်လှန်ရေး၊ ပြည်သူ့တော်လှန်ရေး၏ အောင်မြင်မှုတစ်ခုဖြစ်ပြီး အကြမ်းဖက်စစ်အုပ်စု၏ ကျရှုံးမှုတစ်ခုလည်းဖြစ်ကြောင်း NUG သမ္မတရုံးပြောရေးဆိုခွင့်ရှိသူ ဦးကျော်ဇော်က သုံးသပ်သည်။
( နိုင်ငံ​တော်၏ အတိုင်ပင်ခံ ပုဂ္ဂိုလ် ၊ နိုင်ငံခြား​ရေးဝန်ကြီး ​ဒေါ်​အောင်ဆန်းစုကြည် နှင့် သမ္မတ ဦးဝင်းမြင့် ။ဓါတ်ပုံ-ရိုက်တာ)