နောင်ချိုတွင် တိုက်ပွဲပြင်းထန်ပြီး စစ်ကောင်စီတပ် အထိနာနေ

by

in

နောင်ချိုတွင် တိုက်ပွဲပြင်းထန်ပြီး စစ်ကောင်စီတပ် အထိနာနေ
ဒီးဒီ/People’s Spring

ရှမ်းပြည်နယ်မြောက်ပိုင်း၊ နောင်ချိုမြို့နယ်တွင် စစ်ကောင်စီတပ်နှင့် တော်လှန်ရေးတပ်များ တိုက်ပွဲပြင်းထန်နေပြီး စစ်ကောင်စီတပ် အထိနာနေသည်။
နောင်ချိုမြို့နယ်တောင်ဘက် မိုင်(၂၀)ခန့်ကွာဝေးသော တောင်းခမ်းကျေးရွာရှိ စစ်ကောင်စီ၏ အမြောက်တပ်ရင်းများတွင် တိုက်ပွဲဆက်လက်ဖြစ်ပွားနေသည်။ တောင်းခမ်းကျေးရွာတောင်ဘက် (၂၄)မိုင်ခန့်ကွာဝေးသော ရှမ်းပြည်နယ်တောင်ပိုင်း ရပ်စောက်မြို့နယ်ရှိ ကျောက်ဆုံကျေးရွာတွင်လည်း တိုက်ပွဲဖြစ်ပွားခဲ့သည်။
ဒီဇင်ဘာ ၈ရက်တွင် တောင်းခမ်းကျေးရွာရှိ စစ်ကောင်စီ၏ အမြောက်စခန်းကွပ်ကဲမှုဌာနချုပ် (မစခ-၉၀၂)နှင့် အမတ(၄၀၆)တပ်ရင်းတို့တွင် တိုက်ပွဲဖြစ်ပွားခဲ့သည်ဟု နောင်ချိုမြို့ သတင်းရင်းမြစ်များက ပြောသည်။
ထို့အပြင် ဒီဇင်ဘာ ၉ရက်က ရပ်စောက်မြို့မှ တောင်းခမ်းသို့ စစ်ကူပို့လာသော စစ်ကောင်စီတပ်အား တိုက်ခိုက်ရာ စစ်ကောင်စီတပ်သား ရုပ်အလောင်း ၁၅လောင်း နှင့် လက်နက်ခဲယမ်းများ သိမ်းဆည်းရရှိခဲ့ကြောင်း သတင်းရရှိသည်။ အဆိုပါ တိုက်ပွဲများတွင် တအာင်းတပ်မတော်(TNLA)နှင့် ဓနုပြည်သူ့လွတ်မြောက်ရေးတပ်တော်(DPLA) ပူးပေါင်းတပ်များက တိုက်ခိုက်ခဲံခြင်း ဖြစ်သည်။
တောင်းခမ်းအမြောက်တပ် အမတ (၃၅၄) တပ်ရင်းတွင်လည်း စစ်ကောင်စီတပ်သား နှစ်ဦးအား လက်နက်ခဲယမ်းနှင့်အတူ တော်လှန်ရေးတပ်များက အရှင်ဖမ်းဆီးရမိခဲ့သည်။
တိုက်ပွဲဖြစ်နေသော နောင်ချိုမြို့နယ် တောင်းခမ်းကျေးရွာသို့ စစ်ကူပို့လာသော စစ်ကောင်စီတပ်နှင့် ရပ်စောက်မြို့နယ် ကျောက်ဂူဒေသတွင် ၁၀ရက်ကြာတိုက်ပွဲဖြစ်ပွားခဲ့ကြောင်း ဓနုပြည်သူ့လွတ်မြောက်ရေးတပ်တော်(DPLA)မှ ပြောရေးဆိုခွင့်ရှိသူက ပြောသည်။
” တောင်းခမ်းကို စစ်ကူပို့တဲ့စစ်ကြောင်းနဲ့ ဗထူးကနေ စစ်ကြောင်းထိုးလာတဲ့ စစ်ကောင်စီတပ်တွေနဲ့ တိုက်ပွဲဖြစ်တာ”ဟု DPLA ပြောရေးဆိုခွင့်ရှိသူက ပြောသည်။
ရှမ်းပြည်နယ်တောင်ပိုင်း၊ ရပ်စောက်မြို့နယ်၊ ကျောက်ဂူဒေသရှိ ကျောက်ဆုံကျေးရွာတွင် နိုဝင်ဘာ ၃၀ရက်က စတင်ခဲ့သည့် ၁၀ရက်ကြာတိုက်ပွဲအတွင်း စစ်ကောင်စီတပ်မှ ၅၀ကျော်သေဆုံးကာ လက်နက်ခဲယမ်းအများအပြားများသိမ်းဆည်းရမိကြောင်း ဓနုပြည်သူ့လွတ်မြောက်ရေးတပ်တော်(DPLA)က ထုတ်ပြန်သည်။
ကျောက်ဂူဒေသမှ စစ်ကောင်စီနယ်မြေခံတပ်များဖြစ်သည့် ကျောက်ဂူအမြောက်တပ်(အမတ −၃၄၉)၊ နောင်ဝိုးတပ် (ခလရ −၂၉၂)နှင့် ရှမ်းပြည်နယ်မြောက်ပိုင်း၊ နောင်ချိုမြို့နယ် တောင်းခမ်းသို့ ရပ်စောက်မှ စစ်ကူသွားသည့်စစ်ကောင်စီတပ်များအား နိုဝင်ဘာ ၃၀ရက်က စတင်တိုက်ပွဲဖြစ်ပွားခဲ့သည်။
တောင်းခမ်းဒေသ၌ လက်ရှိတွင်လည်း တိုက်ပွဲဖြစ်နေသည်ဟု DPLAက ပြောသည်။
တိုက်ပွဲဖြစ်ပွားနေသော နောင်ချိုမြို့နယ် တောင်းခမ်းကျေးရွာနှင့် ရပ်စောက်မြို့နယ် ကျောက်ဂူဒေသမှာ လမ်းပိုင်းတစ်စပ်တည်းရှိသည်။ ထို့ကြောင့် စစ်ကောင်စီတပ်သည် ရပ်စောက်မြို့မှတဆင့် တောင်းခမ်းတိုက်ပွဲအား စစ်ကူပို့ရန် ရပ်စောက် − တောင်းခမ်းလမ်းပိုင်းအား အဓိကအသုံးပြုနေခြင်း ဖြစ်သည်။
ထို့အပြင် နောင်ချိုမြို့မှ ပြင်ဦးလွင်မြို့သို့ သွားရာလမ်းပိုင်းရှိ ဂန့်ဂေါကျေးရွာတွင်လည်း ဒီဇင်ဘာ ၈ရက်က တိုက်ပွဲဖြစ်ပွားခဲ့သည်။
စစ်တက္ကသိုလ်များရှိရာ ပြင်ဦးလွင်မြို့နှင့် (၁၆)မိုင်ခန့်သာဝေးသော ဘန့်ဘွေးကျေးရွာဘေးရှိ ဂန့်ဂေါကျေးရွာတွင် စစ်ကောင်စီတပ်နှင့် TNLAအပါအဝင် ပြည်သူ့ကာကွယ်ရေးတပ်မတော်(မန္တလေး)နှင့် ပူးပေါင်းတပ်များ တိုက်ပွဲဖြစ်ပွားနေသည်မှာ ရက်အတော်ကြာပြီဖြစ်သည်။
နောင်ချိုမြို့နယ် ဘန့်ဘွေးကျေးရွာအုပ်စုရှိ ဂန့်ဂေါကျေးရွာအနီးတွင်မူ တအာင်းတပ်မတော်(TNLA)၊မန္တလေး PDF ပူးပေါင်းတပ်များနှင့် စစ်ကောင်စီတပ်တို့သည် အောက်တိုဘာ ၁၉ရက်ကတည်းက စတင်တိုက်ပွဲ ဖြစ်ပွားခဲ့သည်။ တိုက်ပွဲများဆက်တိုက်ဖြစ်ပြီးနောက် စစ်ကောင်စီတပ်က တဖြည်းဖြည်းရှေ့တိုးလာခဲ့ခြင်းဖြစ်သည်။
တော်လှန်ရေးတပ်ဖွဲ့များသည် ပြီးခဲ့သည့်ရက်ပိုင်းအထိ ရှမ်းပြည်နယ်မြောက်ပိုင်း နောင်ချိုမြို့နယ်၊ အုမ္မသီးကျေးရွာလမ်းခွဲဝန်းကျင်၌သာ ရှိနေရာ ဒီဇင်ဘာ ၂ရက်နှင့် ၃ရက် နှစ်ရက်ဆက်တိုက်ပွဲဖြစ်ပြီးနောက် အုမ္မသီးကျေးရွာမှ ဘန့်ဘွေးကျေးရွာအနီးတွင်ပါ တိုက်ပွဲများဖြစ်ပွားလာခြင်းဖြစ်သည်ဟု ဘန့်ဘွေးရွာခံများက ပြောသည်။
ဘန့်ဘွေးနှင့် အုမ္မသီးကျေးကျေးရွာသည် သုံးမိုင်​ကျော်ကွာ​ဝေးပြီး မန္တလေး−လားရှိုးလမ်းမကြီးဘေးတွင်ရှိသည်။
လက်ရှိတွင် တော်လှန်ရေးတပ်များက ဘန့်ဘွေးနှင့် ဂန့်ဂေါကျေးရွာအနီး ရှေ့တိုးလာပြီး အဆိုပါနေရာများတွင် တိုက်ပွဲများဖြစ်ပွားနေခြင်း ဖြစ်သည်။
” စကစဘက်က အတော်လေးထိတယ်။ အထိများလို့ ပြင်ဦးလွင်ဘက်ကနေ လက်နက်ကြီးနဲ့ ပစ်နေတာ”ဟု ဘန့်ဘွေးရွာဒေသခ့တစ်ဦးက ပြောသည်။
နောင်ချိုမြို့နယ်ရှိ တိုက်ပွဲအခြေအနေများနှင့်ပတ်သက်ပြီး စစ်ကောင်စီဝါဒဖြန့် တယ်လီဂရမ်ချန်နယ်က “တောင်းခမ်းအခြေအနေ ထိုးစစ်လည်းရပ်သွားပြီ၊ စစ်ကူစစ်ကြောင်းတွေလည်း ၄၃မလုပ်နိုင်တော့ဘူး။ တောင်းခမ်းလည်း ရန်သူလက်ကျမှာပါပဲ၊ အုမ္မတီးဘက်လည်းမကျော်နိုင်ဘူး၊ နောင်ချိုပြန်ရဖို့မဖြစ်နိုင်တော့ဘူး၊ မိုးနတ်မင်းကြီးလည်းမနိုင်ဘူး၊ သာကောလည်းမနိုင်ဘူး”ဟု ယနေ့(ဒီဇင်ဘာ ၁၀ရက်)တွင် ရေးသားထားသည်။