လာဘ်စား၍ ကြွယ်ဝလာသည့်ငွေကြေးနှင့်ပစ္စည်းများ သိမ်းဆည်းမည် ဟု စစ်ခေါင်းဆောင် ပြော

by

in

လာဘ်စား၍ ကြွယ်ဝလာသည့်ငွေကြေးနှင့်ပစ္စည်းများ သိမ်းဆည်းမည် ဟု စစ်ခေါင်းဆောင် ပြော
ဧရာဝတီ၊ ဒီဇင်ဘာ ၁၀၊ ၂၀၂၄

အဂတိလိုက်စားမှုကျူးလွန်သူများကို တရားစွဲဆိုအရေးယူရုံသာမက အဂတိလိုက်စားမှုကြောင့် ကြွယ်ဝချမ်းသာလာသည့် ငွေကြေးနှင့်ပစ္စည်းများကို ပြည်သူ့ဘဏ္ဍာအဖြစ် သိမ်းမည်ဟု ဒီဇင်ဘာ ၉ ရက်က နေပြည်တော်၌ ပြုလုပ်သည့်အပြည်ပြည်ဆိုင်ရာ အဂတိလိုက်စားမှု တိုက်ဖျက်ရေးနေ့ အခမ်းအနားတက်ရောက်စဉ် စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ပြောသည်။
ထို့ပြင် အဂတိလိုက်စားမှုမှာ လာဘ်ပေးလာဘ်ယူမှုဟုသာ ထင်မှတ်ကြသော်လည်း အမှန်တကယ်မှာ လူ့ဘောင်လောကတွင် ကျယ်ပြန့်နက်ရှိုင်းသည့် မကောင်းမှုကြီးဖြစ်ကြောင်း၊ ခြိမ်းခြောက်ငွေညှစ်ခြင်း၊ လိမ်လည်ခြင်း၊ နိုင်ငံတော်ဘဏ္ဍာနှင့်ပစ္စည်းများကို အလွဲသုံးစားလုပ်ခြင်း၊ ပြည်သူပိုင်ပစ္စည်းငွေကြေးများကို ကိုယ်ကျိုးအတွက် မသင့်မလျော် သုံးစွဲခြင်း၊ မလျော်ဩဇာသုံးပြီး ကိုယ်ကျိုးအတ္တရယူခြင်းစသည်တို့သည် အဂတိမှုများပင်ဖြစ်ကြောင်း ၎င်းက ဆိုသည်။
အဂတိလိုက်စားမှုကြောင့် ရာဇဝတ်မှုများ ကျူးလွန်ခြင်း၊ အကြမ်းဖက်တိုက်ခိုက်မှုများကို အားပေးခြင်းများဖြစ်ပေါ် လာစေကြောင်း၊ တရားဥပဒေစိုးမိုးရေးနှင့် ဒီမိုကရေစီစနစ် ထိခိုက်စေခြင်းတို့ ဖြစ်စေခြင်းကြောင့် ကမ္ဘာလုံးဆိုင်ရာ ပြဿနာ၊ ရောဂါဆိုးကြီးတခု ဖြစ်သည်ဟုလည်း စစ်ခေါင်းဆောင်က ပြောဆိုသည်။
ထိုသို့ ပြောဆိုနေသော်လည်း ၎င်း ယုံကြည်အားထားပြီးအရေးပါသည့် စီးပွာရေးကော်မတီများ ကိုင်တွယ်ခဲ့ရသူ ဒု ဗိုလ်ချုပ်ကြီး မိုးမြင့်ထွန်းကို အဂတိလိုက်စားမှုစွဲချက်များဖြင့် ထောင်ချထားသလို မိသားစု စီးပွားရေးလုပ်ငန်းများနှင့် ပတ်သက်၍ တိုင်ကြားစိစစ်ခံနေရသူ ဒုဗိုလ်ချုပ်ကြီး စိုးထွဋ်ကိုလည်း စစ်ကောင်စီက န.စ.က အဖွဲ့ဝင်အဖြစ်မှ ဖယ်ရှားကာ စစ်ဘက် မူလတာဝန်များ ပြန်လည်ထမ်းဆောင်စေခြင်းများပြုလုပ်ထား သည်။
နိုင်ငံရေးလေ့လာသူတဦးက “အဂတိလိုက်စားမှုကတော့ သူတို့အားလုံး မလွတ်ပါဘူး။ မင်းအောင်လှိုင်ကိုယ်တိုင် အဂတိမှုတွေ ရှိနေတာ အားလုံး သိနေပေမယ့် အာဏာကို ချုပ်ကိုင်ထားတော့ ဘယ်သူမှ ထုတ်ဖော်မပြောရဲကြတာ၊ ထင်သာမြင်သာအောင် ဥပမာတခုအနေနဲ့ ပြရမယ်ဆိုရင် မင်းအောင်လှိုင်ရဲ့ အာဏာစက်နဲ့ သူ့သား အောင်ပြည်စုံက နိုင်ငံတွင်းက စီမံကိန်းလုပ်ငန်းတွေကို တဦးတည်းရရှိနေတာကို ကြည့်ရင် သိနိုင်တယ်” ဟု ပြောသည်။
စစ်တပ်အာဏာသိမ်းပြီးနောက် ပြဋ္ဌာန်းခဲ့သည့် စစ်မှုထမ်းဥပဒေသည်လည်း အောက်ခြေရပ်/ကျေးအဆင့်များအထိ အဂတိလိုက်စားမှုများကိုဖြစ်ပေါ်စေပြီး လက်ရှိအချိန်ထိ စစ်ကောင်စီထောက်တိုင် အောက်ခြေ ရပ်/ကျေးအဆင့်များက ပြည်သူများကို အဓမ္မဖမ်းဆီးကာ ခြိမ်းခြောက်ငွေညှစ်တောင်းခံခြင်းများ ပြုလုပ်နေကြောင်း သိရသည်။
ဓာတ်ပုံ- MOI