AA က အနောက်ပိုင်းတိုင်းစစ်ဌာနချုပ် အပါအဝင် ရခိုင်ပြည်တစ်ခုလုံးကို သိမ်းနေသည့် အပေါ် မင်းအောင်လှိုင်ကို တပ်တွင်း အပြင်း အထန် ဝေဖန်နေပြီး လက်အောက်ငယ်သားများ၏ ဘ၀နှင့်အသက်များကို ရင်း၍ အာဏာတည်မြဲရေး ချနင်းနေဟုဆို

by

in

AA က အနောက်ပိုင်းတိုင်းစစ်ဌာနချုပ် အပါအဝင် ရခိုင်ပြည်တစ်ခုလုံးကို သိမ်းနေသည့် အပေါ် မင်းအောင်လှိုင်ကို တပ်တွင်း အပြင်း အထန် ဝေဖန်နေပြီး လက်အောက်ငယ်သားများ၏ ဘ၀နှင့်အသက်များကို ရင်း၍ အာဏာတည်မြဲရေး ချနင်းနေဟုဆို
ရန်ကုန်၊ ဒီဇင်ဘာ ၉

AA က အနောက်ပိုင်းတိုင်းစစ်ဌာနချုပ် အပါအဝင် ရခိုင်ပြည်တစ်ခုလုံးကို သိမ်းပိုက်နိုင်တော့မည့်အပေါ် မင်းအောင်လှိုင်ကို တပ်တွင်း အပြင်းအထန် ဝေဖန်နေပြီး လက်အောက်ငယ်သားများ၏ဘ၀နှင့်အသက်ကို ရင်း၍ အာဏာတည်မြဲရေး မင်းအောင်လှိုင် ချနင်းနေသူအဖြစ် မကျေမနပ်ဖြစ်နေကြကြောင်း နေပြည်တော်တပ်တွင်းသတင်းရင်းမြစ်၊ အမျိုးသားအရေးအစွန်းအရောက်အသိုင်းအ၀ိုင်းနှင့် စစ်လော်ဘီ တယ်လီဂရမ်ချန်နယ်များထံမှ သိရှိရသည်။
ဒီဇင်ဘာလ ၈ ရက်နေ့ မောင်တောမြို့၏ နောက်ဆုံး လက်ကျန် စစ်စခန်းဖြစ်သော နခခ ၅ ကို AAက သိမ်းပိုက်လိုက်ခြင်း၊ နခခ ၅ မှ အရာရှိနှင့်စစ်သည်များ၏ နောက်ဆုံးအချိန် ငိုယို အကူအညီတောင်းသည့် ဗီဒီယိုထွက်ပေါ်လာခြင်း၊ အမ်းမြို့ရှိ အနောက်ပိုင်းတိုင်းစစ်ဌာနချုပ်ကို AA တပ်များက ဝိုင်းဝန်း ပိတ်ဆို့ တိုက်ခိက်နေခြင်းများကြောင့် မင်းအောင်လှိုင်အပေါ် ယုံကြည်စရာ မရှိတော့သည့် စစ်ခေါင်းဆောင်အဖြစ် ဝေဖန်ကြကာ တပ်မတော်နှင့်နိုင်ငံအတွက် မဟုတ်ဘဲ ၎င်း၏ အာဏာရူးမှုနှင့် မိသားစု ချမ်းသာကြွယ်၀ရေးအတွက် လက်အောက်ငယ်သားများ၏ ဘ၀နှင့်အသက်များကို နင်းချေသူအဖြစ် ပွင့်ပွင့်လင်းလင်း ဝေဖန်လာကြခြင်းဖြစ်သည်။
“လက်နက်ချ အလင်းဝင်ချင်တယ်ဆိုပြီး မကြာခဏ ပြောခဲ့တာ။ ၁၁ လပိုင်းကုန်ကတည်းက ဖုန်းဆက်မရတော့ဘဲ အဆက်အသွယ်ပြတ်သွားတယ်။ အခုနောက်ဆုံး နခခ ၅ ဗီဒီယိုတက်လာတော့ ကြည့်ပြီး ငိုရတယ်။ အလင်းဝင်ရင် ထွက်ပြေးရင် အရေးယူမယ် ထောင်ချမယ်ဆိုတဲ့ အထက်လူကြီးတွေ အခုတော့ ကျမ အမျိုးသားနဲ့ ဘ၀တူ တပ်ဖွဲ့ဝင်တွေရဲ့ အမျိုးသားတွေ ဆက်သွယ်လို့မရတော့ဘူး၊ ဘယ်သူတာဝန်ယူမှာလဲ။ သေသလား ရှင်သလားမသိဘူး။ သူတို့တွေ လုပ်ရက်ကြတယ်။ အမိန့်ပေးတဲ့သူတွေက အရင်ဆုံး ထွက်ပြေးပြီး ကျမအမျိုးသားနဲ့ ဘ၀တူ တပ်ဖွဲ့ဝင်တွေက သေသလား ရှင်သလားမသိရဘူး။ ဘာတာဝန်ယူမှု တာဝန်ခံမှုမှ မရှိဘူး” ဟု နခခ ၅ မှ ရဲတပ်သား တစ်ဦး ၏ ဇနီးဖြစ်သူက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။
ယမန်နေ့ ဒီဇင်ဘာလ ၈ ရက်နေ့ မောင်တောမြို့နယ်ကို AA က သိမ်းပိုက်မှုနှင့် အနောက်ပိုင်းတိုင်းစစ်ဌာနချုပ် ကျဆုံးတော့မည့် အခြေအနေများသည် နေပြည်တော် စစ်ဘက်အသိုင်းအ၀ိုင်းတွင် ရိုက်ခတ်မှု အကြီးအကျယ်ဖြစ်ပေါ်ခဲ့ပြီး လားရှိုးနှင့် ရမခ အသိမ်းခံခဲ့ရသည့် အခြေအနေ ခံစားချက်မျိုး ပြန်လည် ပေါ်ထွန်းလာကြောင်း၊ လက်ရှိ စစ်ခေါင်းဆောင်သည် တပ်မတော်နှင့်နိုင်ငံအတွက် မည်သို့မှ ကောင်းသော ဦးဆောင်ခြင်း ပေးနိုင်တော့မည်မဟုတ်ဟု ဝေဖန်မှုများရှိနေကြောင်း သိရှိရသည်။
“လားရှိုးနဲ့ ရမခ ကျသွားတုန်းကလိုမျိုးပဲ တပ်အသိုင်းအ၀ိုင်းမှာတော့ အတော်ကို ရိုက်ခတ်မှု ကြီးပါတယ်။ လက်ရှိ တပ်ချုပ်နဲ့ကတော့ နောက် ထပ်လည်း တပ်စခန်းတွေ တိုင်းစစ်ဌာနချုပ်တွေ ထပ်ကျဦးမှာပဲ လို့ ပြောလာကြပြီ။ သူကတော့ ပွဲတက်မပြတ်။ အခုလည်း အမျိုးသား အား ကစားပွဲတော်ကြီးဆိုပြီး လုပ်နေတယ်။ အောက်ခြေမှာ သေနေကြတာ သူနဲ့ မဆိုင်သလို လုပ်နေတော့ လက်ရှိမှာ တပ်မတော်အတွက် တော့ ဘယ်လို ကောင်းသော နာလန်ထူမှု မဖြစ်နိုင်တော့ဘူးလို့ အားလုံးက သိနားလည်နေကြပြီ” ဟု နေပြည်တော် စစ်ဘက်သတင်းရင်းမြစ်က ဆိုသည်။
အနောက်ပိုင်းတိုင်းစစ်ဌာနချုပ်တွင် ပိတ်မိနေသော တပ်ရေးဗိုလ်ကြီး၏ ဇနီးဖြစ်သူကမူ လက်ရှိ အခြေအနေများအရ တပ်မတော် ခေါင်းဆောင်များက လက်အောက်ငယ်သားများ၏ အသက်ကို ဂရုမစိုက်တော့သဖြင့် ခင်ပွန်းဖြစ်သူကို လက်နက်ချ အလင်းဝင်ရန်နှင့် အသက်ရှင်သန်အောင် နေထိုင်ရန်သာ မှာကြားထားကြောင်း၊ လက်ရှိတွင် အဆက်အသွယ်ပြတ်တောက်သွား၍ သေသည် ရှင်သည်ကို မသိရသေးကြောင်း ပြောဆိုသည်။
” အဆက်အသွယ်ရတဲ့အချိန်မှာ မှာလိုက်ပါတယ်။ အသက်ရှင်အောင်နေပါ။ ပြန်တွေ့ချင်တယ်။ ပြန်ဆုံချင်တယ်။ ဘယ်လို အခက်အခဲတွေ ကြုံပါစေ မိသားစု ပြန်ဆုံကြမယ်လို့ ကတိတောင်းခဲ့တယ်။ ကိုယ့်အသက်ကိုယ် တန်ဖိုးထားဖို့နဲ့ မိုက်ရူးရဲ မလုပ်ဖို့ ပြောခဲ့ပါတယ်” ဟု အနောက်ပိုင်းတိုင်းစစ်ဌာနချုပ်တွင် ပိတ်မိနေသော တပ်ရေးဗိုလ်ကြီး၏ ဇနီးက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။
အမျိုးသားရေးအစွန်းရောက်များနှင့် တပ်လော်ဘီများ၏ တယ်လီဂရမ်ချန်နယ်များတွင်လည်း ရခိုင်ပြည်အတွင်း စစ်ကောင်စီ၏ အကြီး အကျယ် စစ်ရှုံးနေမှုအပေါ် စိတ်ပျက်လက်ပျက်ဖြင့် မင်းအောင်လှိုင်ကို အကြီးအကျယ် ဝေဖန်နေကြသည်။
“ဂရုမစိုက်လစ်လျူရှုထားတော့ ခံစစ်လည်းကြာတော့ဘယ်ခံနိုင်မလဲ။ ဒီလိုနဲ့ဘဲရခိုင်ပြည်ကိုပေးလိုက်တော့မလို့လား တပ်ချုပ်ကြီး” ဟု Sit Min တယ်လီဂရမ်ချန်နယ်တွင် မင်းအောင်လှိုင်ကို ဝေဖန်ရေးသားထားသည်။
စစ်လော်ဘီ ဇော်ဘုန်းဟိန်းကလည်း အမ်းမြို့နှင့် နပခ ကျရှုံးတော့မည်အခြေ အနေအပေါ် လက်ရှိ စစ်တပ်တွင် မည်သည့်အတွက်ကြောင့် ကျရှုံးနေသနည်းဟု စစ်ခေါင်းဆောင်များကို မေးခွန်းထုတ်သည်။
“ခင်ဗျားတို့ တပ်အကြောင်းကို ခင်ဗျားတို့ သိတယ်ဆိုရင် ဘာလို့ ကျရှုံးနေလဲ။ ခင်ဗျားတို့ဖြေခဲ့။ ငါတို့ တပ်မတော်အကြောင်းကို ငါတို့အသိဆုံး ၊ ငါတို့ အတိုက် နိုင်ဆုံးဆိုရင် ခင်ဗျားတို့ အခု ကျရှုံးနေတာ ဘာလို့လဲဆိုတာ ကျုပ်ကို ဖြေခဲ့ပေး။ ခင်ဗျားတို့ ကိုယ်တိုင် သိတယ်၊ တတ်တယ်၊ နိုင်တယ်ဆိုရင် ခင်ဗျားတို့ ဘယ်မြို့ကို ပြန်ယူထားတာရှိလဲ။ ကျနော့်ကို ပြန်ဖြေခဲ့ပေး။ ပေါက်ကွဲလာမယ်နော်။ လိုင်းပေါ်မှာ ကျနော် သိပ်မပြောတော့ဘဲ နားတော့မယ်လို့ ကျနော်နေ နေတာ။ ဖင်မယားနဲ့။ ခင်ဗျားတို့ တပ်မတော်တစ်ရပ်တည်းနဲ့ အလုပ်လုပ်လို့ မရဘူးဆိုတာ လက်ရှိ အနေအထား၊ နိုင်ငံရေးအခင်းအကျင်း၊ ရှေ့တန်းရောက် စစ်သည်တွေရဲ့ အနေအထားကို ကြည့်ရင် ခင်ဗျားတို့ သိလောက်ပြီ။ ခင်ဗျားတို့ လိမ်နေတာတွေ ရပ်တော့” ဟု စစ်ခေါင်းဆောင်များကို စစ်လော်ဘီ ဇော်ဘုန်းဟိန်းက ဒီဇင်ဘာလ ၈ ရက်နေ့ လူမှုကွန်ရက်မှတစ်ဆင့် မေးခွန်းထုတ်သည်။
ရခိုင်ပြည်တွင် အမ်းနှင့် နပခ ကျဆုံးသွားပါက လူမှုကွန်ရက်မှ စစ်လော်ဘီ လုပ်နေသည့် အလုပ်များနှင့် ပြောဆိုမှုများကို ရပ်နားတော့မည်ဖြစ်ကြောင်း စစ်လော်ဘီ ဇော်ဘုန်းဟိန်းက ပြောဆိုသည်။
အကြမ်းဖက် စစ်ခေါင်းဆောင် မင်းအောင်လှိုင်ကမူ လက်ရှိ စစ်ရှုံးနေသော အခြေ အနေများကို လက်ခံခြင်းမရှိဘဲ စစ်သားအချင်းချင်း စိတ်ဝမ်းကွဲစေရန်နှင့် စစ်တပ်ကို ဖြိုခွဲရန် သတင်းမီဒီယာများက သတင်းအတု သတင်းအမှားများ ကို ထုတ်လွှင့် တိုက်ခိုက်နေသဖြင့် နားမယောင်ကြရန် ဒီဇင်ဘာလ ၆ ရက်နေ့ ပြင်ဦးလွင် စစ်တက္ကသိုလ်ကျောင်းဆင်းပွဲတွင် ပြောဆိုသွားသည်။