မောင်တော နခခ ၅ ကိုသိမ်းပိုက်ပြီးနောက် ဗိုလ်မှူးချုပ် သူရိန်ထွန်းနှင့် စစ်သားများ လွတ်မြောက်နေ၍ နတ်မြစ်အတွင်း ရေကြောင်းသွားလာမှု AA က ပိတ်ပင် ၊ မောင်တောမြို့နယ်တစ်ခုလုံးကို AA က သိမ်းပိုက် ထိန်းချုပ်ပြီ

by

in

မောင်တော နခခ ၅ ကိုသိမ်းပိုက်ပြီးနောက် ဗိုလ်မှူးချုပ် သူရိန်ထွန်းနှင့် စစ်သားများ လွတ်မြောက်နေ၍ နတ်မြစ်အတွင်း ရေကြောင်းသွားလာမှု AA က ပိတ်ပင် ၊ မောင်တောမြို့နယ်တစ်ခုလုံးကို AA က သိမ်းပိုက် ထိန်းချုပ်ပြီ
ရန်ကုန်| ဒီဇင်ဘာ ၈
ရခိုင်ပြည်၊ မောင်တောဒေသတွင် မောင်တော နခခ ၅ ကိုသိမ်းပိုက်ပြီးနောက် စကခ ၁၅ စစ်ဆင်ရေးကွပ်ကဲရေးမှူး ဗိုလ်မှူးချုပ် သူရိန်ထွန်းနှင့် အင်အား ၁၅၀ ခန့် ထွက်ပြေးလွတ်မြောက်နေ၍ နတ်မြစ်အတွင်း ရေကြောင်းခရီးသွားလာမှု AAက ပိတ်ပင်ကြောင်း ယနေ့ ထုတ်ပြန်ကြေညာသည်။
စစ်ကောင်စီတပ်ဖွဲ့ဝင်များနှင့် လက်အောက်ခံ လက်နက်ကိုင်များ ထွက်ပြေးလွတ်မြောက်နေ၍ ရခိုင်ပိုင်နက် နတ်မြစ်အတွင်း ရေကြောင်းခရီးသွားလာခွင့်များကို အကန့်အသတ်မရှိ ပိတ်ပင်တားမြစ်ကြောင်း အာရက္ခတပ်တော် AA က ထုတ်ပြန်အသိပေးထားသည်။
မောင်တောဒေသတွင် တစ်ခုတည်းကျန်ရှိနေသော အမှတ် ၅ နယ်ခြားစောင့်တပ်စခန်း (နခခ ၅) ကို AA က ယနေ့ ဒီဇင်ဘာလ ၈ ရက် နံနက် ၉ နာရီခွဲအချိန်တွင် အပြီးသတ်သိမ်းပိုက်လိုက်ပြီဖြစ်ကြောင်း သိရသည်။
နခခ ၅ ထဲက စစ်ကောင်စီတပ်သားများ၊ စစ်ကောင်စီနှင့် ပူးပေါင်းနေသော လက်အောက်ခံ လက်နက်ကိုင်တပ်ဖွဲ့ဝင်များမှာ လက်နက်များဖြင့် ကစဉ့်ကလျား ထွက်ပြေးလွတ်မြောက်နေဆဲဖြစ်၍ နတ်မြစ်အတွင်း ရေကြောင်းခရီးသွားလာခွင့်ကို ပိတ်ပင်ရခြင်းဖြစ်ကြောင်း AA က ဆိုသည်။
လက်ရှိတွင် နခခ ၅ တွင် ကွပ်ကဲနေသော စကခ ၁၅ ကွက်ကဲရေးမှူး ဗိုလ်မှူးချုပ် သူရိန်ထွန်းမှာ အင်အား ၁၅၀ ခန့်ဖြင့် ကျောက်ပန္ဒူဘက်သို့ ထွက်ပြေးသွားကြောင်း AA စစ်ရေး သတင်းရင်းမြစ်ထံမှ သိရသည်။
ထွက်ပြေးသွားသည့် ဗိုလ်မှူးချုပ် သူရိန်ထွန်း၏ စစ်ကြောင်းကို ယမန်နေ့ ဒီဇင်ဘာလ ၇ ရက်နေ့ နံနက် ၇ နာရီခန့်တွင် ကျောက်ပန္ဒူကျေးရွာအနီးမရောက်မီ အာရက္ခတပ်တော် AA က ကြားဖြတ်တိုက်ခိုက်၍ နှစ်ဖက်တိုက်ပွဲပြင်းထန်ခဲ့ကြောင်း သတင်းရင်းမြစ်က ပြောသည်။
အဆိုပါ ကျောက်ပန္ဒူရွာအနီး တိုက်ပွဲတွင် စကခ ၁၅ မှ ဗိုလ်မှူးချုပ် သူရိန်ထွန်းမှာ ကျဆုံးသွားသည်ဟု ကနဦးသတင်းရရှိထားသော်လည်း ၎င်း၏ အလောင်းအား ရှာမတွေ့သေးကြောင်း သတင်းရင်းမြစ်များက ပြောဆိုကြသည်။
ထွက်ပြေးလွတ်မြောက်နေသော ဗိုလ်မှူးချုပ် သူရိန်ထွန်း စစ်ကြောင်းမှာ လက်အောက်ခံ လက်နက်ကိုင်များ၏ အကူအညီများဖြင့် အာရက္ခတပ်တော် AA အား ပြန်လည်ခုခံတိုက်ခိုက်နိုင်သည့် အခြေအနေရှိကြောင်း သိရသည်။
ထို့ကြောင့် နခခ ၅ အနီးအနားသာမက မောင်တောဒေသ၏ အခြားသောနေရာများ၌ပါ တိုက်ပွဲများ ဆက်လက်ဖြစ်ပွားနေဆဲနှင့် စစ်ကောင်စီတပ်သားများအပါအဝင် မွတ်ဆလင် စစ်သွေးကြွများမှာ လက်နက်များဖြင့် ဘင်္ဂလားဒေ့ရှ်-အာရက္ခနယ်စပ်၊ နတ်မြစ်တစ်လျှောက်၌ စက်လှေ၊ မော်တော်ဘုတ်၊ လောင်းလှေများဖြင့် ထွက်ပြေးရန် ကြိုးစားလျှက်ရှိနေကြောင်း AA က သတိပေးထားသည်။
လက်ရှိတွင် AA က မောင်တောမြို့နယ်တစ်ခုလုံးကို သိမ်းပိုက်လိုက်ရာ စုစုပေါင်း AA က သိမ်းပိုက်ထားသော မြို့နယ် ၁၃ ခုရှိလာပြီဖြစ်သည်။
ဓာတ်ပုံ- ထွက်ပြေးလွတ်မြောက်နေသော စကခ ၁၅ စစ်ဆင်ရေးကွပ်ကဲရေးမှူး ဗိုလ်မှူးချုပ် သူရိန်ထွန်း။

နခခ(၅)သိမ်းပိုက်ပြီးနောက် မောင်တောမြို့ဘေးရှိ နတ်မြစ်ကို AA ပိတ်ပင်
အိမ်သွင်/People’s Spring
အမှတ် (၅)နယ်ခြားစောင့်ရဲတပ်ဖွဲ့ခွဲ (နခခ-၅)တိုက်ခိုက်သိမ်းပိုက်ပြီးနောက် မောင်တောမြို့ဘေးရှိ နတ်မြစ်၏ ရခိုင်ပြည်နယ်ရေပိုင်နက်အတွင်း ရေကြောင်းသွားလာမှုကို အကန့်အသတ်မရှိ ပိတ်ပင်လိုက်ကြောင်း အာရက္ခတပ်တော်(AA)က ယနေ့(ဒီဇင်ဘာ ၈ရက်)တွင် ကြေညာသည်။
မောင်တောမြို့တွင် နောက်ဆုံးတစ်ခုတည်းကျန်ရှိသည့် နခခ(၅)ကို ယ‌နေ့နံနက်တွင် AAက တိုက်ခိုက်သိမ်းပိုက်လိုက်ပြီး စစ်ကောင်စီနှင့်ပူးပေါင်းတပ်ဖွဲ့များ ထွက်ပြေးနေ၍ နတ်မြစ် ရခိုင်ပြည်နယ်ရေပိုင်နက်အတွင်း ရေကြောင်းသွားလာမှု ပိတ်ပင်လိုက်ကြောင်း AAက ကြေညာသည်။
နခခ(၅)မှထွက်ပြေးကြသော စစ်ကောင်စီတပ်ဖွဲ့ဝင်များနှင့် ၎င်းတို့နှင့်အတူ ပူးပေါင်းတိုက်ခိုက်နေကြသည့် အစွန်းရောက် စစ်သွေးကြွလက်နက်ကိုင်တပ်ဖွဲ့များဖြစ်ကြသော RSO ၊ ARSA ၊ ARA နှင့်စစ်ကောင်စီမှ သင်တန်းပေးထားသော အစ္စလာမ်မစ်အစွန်းရောက် စစ်သွေးကြွ လက်နက်ကိုင်တပ်ဖွဲ့ဝင်အချို့တို့သည် ဘင်္ဂလားဒေ့ရှ် – မြန်မာနယ်စပ်၊ နတ်မြစ်တစ်လျှောက် စက်လှေ၊ မော်တော်ဘုတ်၊ လောင်းလှေများဖြင့် ထွက်ပြေးရန် ကြိုးစားနေကြသည်ဟု ထုတ်ပြန်သည်။
ထို့ကြောင့် ထွက်ပြေးနေသူများကို လိုက်လံရှင်းလင်းတိုက်ခိုက်နေသည်ဟု ထုတ်ပြန်ထားသည်။နခခ (၅)အနီးအပြင် မောင်တောဒေသ၏ အခြားသောနေရာများ၌ပါ တိုက်ပွဲများ ဆက်လက်ဖြစ်ပွားနေဆဲဖြစ်ကြောင်း အသိပေးထားသည်။
မောင်တောမြို့သိမ်းတိုက်ပွဲကို AAက သြဂုတ် ၄ ရက်ကစတင်ခဲ့သည်။ အောက်တိုဘာအထိ တိုက်ပွဲများတွင် နခခ(၅)မှလွဲ၍ကျန် စခန်းများကိုသိမ်းယူထားနိုင်ခဲ့သည်။ စစ်ကောင်စီက လေကြောင်းအကူအညီဖြင့် နခခ(၅)အား လနှင့်ချီခုခံခဲ့ပြီး AAက ယခုရက်ပိုင်း၌ ထိုးစစ်စင်တိုက်ခိုက်သိမ်းယူခြင်းဖြစ်သည်။နခခ(၅)ကိုရပါက AAသည် မောင်တောတစ်မြို့လုံးကို ထိန်းချုပ်နိုင်ပြီဖြစ်သည်။
(မောင်တောမြို့နယ်၊ ကျောက်ပန္ဒူနယ်ခြားစောင့်စခန်းကို ဇွန်လ ၃ ရက်တွင် AA ကအပြီးသတ် သိမ်းပိုက်ရရှိပြီးနောက် တွေ့ရစဉ်၊ ဓာတ်ပုံ − AA Info)