မောင်တော နခခ၅၏ တပ်မမှူးနှင့် စစ်အရာရှိများကိုယ်လွတ်ရုန်းပြေး၊ AA ကလိုက်လံရှင်းလင်းရာ နတ်မြစ်ဝတွင်တိုက်ပွဲပြင်းထန်

by

in

မောင်တော နခခ၅၏ တပ်မမှူးနှင့် စစ်အရာရှိများကိုယ်လွတ်ရုန်းပြေး၊ AA ကလိုက်လံရှင်းလင်းရာ နတ်မြစ်ဝတွင်တိုက်ပွဲပြင်းထန်
ဧရာဝတီတိုင်းမ်
ဒီဇင်ဘာ ၈ရက်

မောင်တောမြို့နယ် အမှတ် (၅) နယ်ခြားစောင့်စခန်း (နခခ-၅)/ မြို့သူကြီးကို အာရက္ခတပ်တော်(AA) ဝင်ရောက်တိုက်ခိုက်ချိန်တွင် နခခ ၅ ၏ တပ်မမှူး ဗိုလ်မှူးချုပ်သူရိန်ထွန်း နှင့် စစ်ကောင်စီအရာရှိများ ထွက်ပြေးသွားကြောင်း သိရသည်။
ဗိုလ်မှူးချုပ်သူရိန်ထွန်းနှင့် အင်အား ၁၀၀ခန့်ပါသည့်အဖွဲ့သည် နခခ ၅အတွင်း ဒဏ်ရာရ စစ်ကောင်စီတပ်ဖွဲ့ဝင်များနှင့် လက်နက်၊ ခဲယမ်းမရှိတော့ဘဲ ပိတ်မိနေသည့် အောက်ခြေတပ်သားများကို ထားခဲ့ကာ နတ်မြစ်ဘက်သို့ ကိုယ်လွတ်ရုန်း ထွက်ပြေးသွားကြောင်း သိရသည်။
ထိုသို့ ထွက်ပြေးသွားသည့် တပ်မမှူး ဗိုလ်မှူးချုပ်သူရိန်ထွန်းနှင့်အဖွဲ့ကို ပြီးခဲ့သည့် ဒီဇင်ဘာ ၆ရက်နေ့ ညပိုင်းမှစတင်ကာ AA က လိုက်လံတိုက်ခိုက်နေပြီး ဗိုလ်မှူးချုပ်သူရိန်ထွန်းနှင့်အဖွဲ့လွတ်မြောက်အောင် ကူညီတိုက်ခိုက်ပေးနေသည့် ARSA အဖွဲ့နှင့်ပါ တိုက်ပွဲဖြစ်ပွားလျက်ရှိကြောင်း သိရသည်။
“ARSAက ပြောက်ကျားနည်းနဲ့ ထွက်တိုက်တယ်။ ထွက်ပြေးတဲ့အဖွဲ့တွေ နတ်မြစ်ထဲက သင်္ဘောတွေပေါ်ကပ်နိုင်အောင် ကူတိုက်နေတာ။ သူတို့နဲ့ တိုက်ပွဲထပ်ဖြစ်တာပေါ့။ ပြေးတဲ့အထဲ အင်အားရာချီပါတော့ သူတို့ကလည်း ARSAနဲ့ ပူးပေါင်းတိုက်နေတာပေါ့” ဟု ရခိုင်သတင်းရင်းမြစ်က ဧရာဝတီတိုင်းမ်ကို ပြောသည်။
နခခ ၅မှ ထွက်ပြေးလွတ်မြောက်လာသည့်အဖွဲ့ နတ်မြစ်ဘက်ထွက်ပြေးနိုင်အောင် စစ်ကောင်စီက ဂျက်ဖိုက်တာ နှစ်စီးဖြင့် လေကြောင်းမှ ဗုံးကြဲတိုက်ခိုက်ပေးလျက်ရှိကြောင်း သိရသည်။
ထွက်ပြေးသွားသည့် ဗိုလ်ချုပ်သူရိန်ထွန်းမှာ စကခ ၁၅ တပ်မမှူးဖြစ်ပြီး နခခ ၅အတွင်း အောက်ခြေစစ်ကောင်စီတပ်ဖွဲ့ဝင်များနှင့်ရဲများကို ထားခဲ့ကာ ထွက်ပြေးသွားသည့်အတွက် လက်နက်၊ ခဲယမ်းများလည်းမရှိတော့ဘဲ ပိတ်မိနေသဖြင့် ကူညီကယ်တင်ပေးရန် အကူညီတောင်းခံနေသည့် ရုပ်သံဖိုင်လည်း လူမှုကွန်ရက်တွင် ထွက်ပေါ်လာသည်။
အောက်ခြေစစ်ကောင်စီတပ်ဖွဲ့ဝင်များနှင့်ရဲများ နခခ ၅အတွင်း ပိတ်မိနေသည်မှာ သုံးလကျော်ကြာမြင့်နေပြီဖြစ်ပြီး ကူညီကယ်ဆယ်သူမရှိဖြစ်ကာ မိသားစုများကို နောက်ဆုံးနှုတ်ဆက်နေသည့် စစ်ကောင်စီတပ်ဖွဲ့များ၏ ရုပ်သံဖိုင်အရ အများစုမှာ ဒဏ်ရာများရရှိနေခြင်းကြောင့် ခုခံတိုက်ခိုက်ခြင်း မပြုလုပ်နိုင်ဘဲ အဆောက်အဦးထဲတွင် စုပေါင်းထိုင်နေကြရသည်။
ပြီးခဲ့သည့် ဇွန်လကလည်း မြင်းလွှတ် နခခ ၉ နှင့် မောရ၀တီ နခခ ၄ တို့တိုက်ခိုက်ခံနေရစဉ် အောက်ခြေစစ်ကောင်စီတပ်ဖွဲ့ဝင်များနှင့် ရဲများ လှေနှင့် သင်္ဘောပေါ်သို့ ထွက်ပြေးရန် ကပ်ချိန်တွင် သင်္ဘောပေါ်ရောက်နှင့်နေသည့်အရာရှိများက လှေကို စက်သေနတ်များဖြင့်ပစ်ခတ်ခဲ့၍ စစ်ကောင်စီမိသားစုဝင်များ ရေနစ်ပျောက်ဆုံးမှုများရှိခဲ့သည်။
ပုံစာ-နခခ-၅ မြို့သူကြီး အတွင်း ပိတ်မိနေသည့် အောက်ခြေ စစ်ကောင်စီတပ်ဖွဲ့ဝင်များနှင့်ရဲများကိုတွေ့ရစဉ်
#မောင်တော #နတ်မြစ် #တပ်မမှူး #နခခ၅ #ဗိုလ်မှူးချုပ်သူရိန်ထွန်း #ထွက်ပြေးလွတ်မြောက် #တိုက်ပွဲဖြစ်#Ayeyarwaddy_Times