ထီးလင်းမြို့မှ စစ်တပ်စစ်ကြောင်းကို တိုက်ခိုက်မှု ဗိုလ်ကြီး အောင်စိုးဦး အပါ အဝင် စစ်သား ၈ ဦးသေဆုံးပြီး ၁ ဦး အရှင်ဖမ်းဆီးရရှိခဲ့သည့် စစ်တပ်၏ တိုက်ပွဲ လျှို့ဝှက် အစီရင်ခံစာ ပေါက်ကြား

by

in

ထီးလင်းမြို့မှ စစ်တပ်စစ်ကြောင်းကို တိုက်ခိုက်မှု ဗိုလ်ကြီး အောင်စိုးဦး အပါ အဝင် စစ်သား ၈ ဦးသေဆုံးပြီး ၁ ဦး အရှင်ဖမ်းဆီးရရှိခဲ့သည့် စစ်တပ်၏ တိုက်ပွဲ လျှို့ဝှက် အစီရင်ခံစာ ပေါက်ကြား
ရန်ကုန်၊ ဒီဇင်ဘာ ၈

မကွေးတိုင်း၊ ထီးလင်းမြို့အနီး စစ်ကြောင်းမှူး ဗိုလ်ကြီး အောင်စိုးဦး အပါအဝင် အကြမ်းဖက် စစ်သား ၈ ဦးသေဆုံးခဲ့သည့် တိုက်ပွဲဖြစ်စဉ် လျှို့ဝှက် ရုံးအစီရင် ခံစာမှာ တော်လှန်ရေးတပ်များထံသို့ ပေါက်ကြားလာကြောင်း ထီးလင်းမြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့မှ တာဝန်ရှိသူ တစ်ဦးက ရန်ကုန်ခေတ်သစ် သတင်းဌာနထံသို့ ပြောဆိုသည်။
နိုဝင်ဘာလ ၂၈ ရက်နေ့ နံနက် ၁၀ နာရီ ၁၅ မိနစ်ခန့်တွင် ထီးလင်းမြို့မှ စစ်ကြောင်းမှူး ဗိုလ်ကြီး အောင်စိုးဦး ဦးစီးသော စစ်သားနှင့် ပျူစောထီး ၈၀ ဦးပါ စစ်ကြောင်းသည် တော်လှန်ရေး တပ်ဖွဲ့များ ခြေကုပ်ယူထားသော စခန်းကြီးဘက်ကို တက်လာစဉ် ဂန့်ဂေါခရိုင်တပ်ရင်း ၂ ၊ တပ်ရင်း ၄ ၊ တပ်ရင်း ၁၀ ၊ တပ်ရင်း ၁၅ ၊ တပ်ရင်း ၁၈ နှင့် ထီးလင်းမြို့နယ် ဒရုန်းတပ်ဖွဲ့တို့က ပူးပေါင်း တိုက်ခိုက်ခဲ့ခြင်းဖြစ်သည်။
ယင်း တိုက်ပွဲအတွင်း အကြမ်းဖက် စစ်တပ်ဘက်မှ Mi-35 ဖြင့် လေကြောင်းပစ်ကူ ၂ ကြိမ် လာရောက် ပစ်ခတ် တိုက်ခိုက်ခဲ့ကြောင်း၊ သို့ရာတွင် ဗိုလ်ကြီး အောင်စိုးဦး အပါအဝင် အလောင်း ၈ လောင်း သိမ်းဆည်းရရှိပြီး ပျူစောထီး ၁ ဦး အရှင်ဖမ်းမိခဲ့ကြောင်း၊ အကြမ်းဖက် စစ်ကောင်စီ တပ်သားများထံမှ လက်နက် ၃ လက်နှင့် ဖုန်း ၁ လုံး တို့ သိမ်းဆည်းရခဲ့ပြီး စစ်ကြောင်းသည် ထီးလင်းမြို့ကို ပြန်လည်ဆုတ်ခွာသွားကြောင်း သိရှိရသည်။
တော်လှန်ရေး တပ်ဖွဲ့များဘက်မှ အမှတ် ၂ တပ်ရင်း၊ တပ်ခွဲ ၁ ၊ဒု-စုမှူး ရဲဘော်နေလင်းအောင် တိုင်းပြည်နှင့်လူမျိုးအတွက် မြင့်မြတ်စွာအသက်ပေးလှူခဲ့ကြောင်း သိရသည်။
အဆိုပါ တိုက်ပွဲဖြစ်စဉ်နှင့် ပတ်သက်ပြီး အကြမ်းဖက် စစ်ကောင်စီတပ်သားများ အထက်အရာရှိကို တင်ပြသည့် လျှို့ဝှက် အစီရင်ခံစာ ကို တော်လှန်ရေး တပ်ဖွဲ့များက ရရှိခဲ့ခြင်းဖြစ်ကြောင်း သိရှိရသည်။
အလားတူ ဒီဇင်ဘာလ ၅ ရက်နေ့၊ ညနေ ၄ နာရီ ၃၀ မိနစ်ခန့်တွင် ထီးလင်းမြို့တောင်ရဲစခန်းမှ ရဲတပ်သားတစ်ဦးသည်နောက် ချန် ကင်းပုန်းများဖြင့် ထီးလင်းမြို့‌တောင်ဘက်မှ ပြည်သူတစ်ဦးနှင့်ချိတ်ဆက်၍ ရိက္ခာယူရန် ထွက်လာစဉ် ဂန့်ဂေါခရိုင်အမှတ် ၂ ၊ ၄ ၊ ၁၀ တပ်ရင်းများ နှင့် ဗျူဟာ-၈၁ (ယောဗျူဟာ) ပူးပေါင်းတပ်ဖွဲ့တို့ကို စောင့်ကြိုတိုက်ခိုက်ခဲ့ကြောင်း ထီးလင်းမြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့မှ တာဝန်ရှိသူ တစ်ဦးက ရန်ကုန်ခေတ်သစ် သတင်းဌာနထံသို့ ပြောဆိုသည်။
ယင်းထိတွေ့ တိုက်ပွဲသည် ၁၀ မိနစ်ခန့် ကြာမြင့်ခဲ့ပြီး အကြမ်းဖက် စစ်တပ်ဘက်မှ ရဲတပ်သား ၁ ဦး ပြင်းထန် ဒဏ်ရာရရှိကာ တော်လှန်ရေး တပ်ဖွဲ့ဝင်များ အထိအခိုက်မရှိ ဆုတ်ခွာနိုင်ခဲ့ကြောင်း သိရသည်။