အနောက်ပိုင်းတိုင်းစစ်ဌာနချုပ်တွင် ပိတ်မိနေသော ဒဏ်ရာရစစ်သားများ၊ တပ်မိသားစုနှင့် စစ်သားအများစုက လက်နက်ချ အလင်းဝင်ပြီး အသက်ရှင်လျက်ဖြင့် လိုရာသွားခွင့်ရရန် လိုလား၊ သို့သော် တပ်မှူးများက AA က ဖမ်းမိလျှင် သတ်ဖြတ်မည်ဖြစ်၍ အသေခံ တိုက်ပွဲဝင်ကြရန်သာ အမိန့်ပေးခြိမ်းခြောက်
ရန်ကုန်၊ ဒီဇင်ဘာ ၈
ရခိုင်ပြည်၊ အမ်းမြို့နယ်အခြေစိုက် အနောက်ပိုင်းတိုင်းစစ်ဌာနချုပ်မှာ AA တပ်များ၏ ဝိုင်းရံပိတ်ဆို့ခြင်းခံထားရပြီး ခုခံနေသော်လည်း စစ်သားအများစုမှာ အလင်း ဝင်လိုပြီး အသက်ရှင်ခွင့်ရရန် လိုလားနေကြကြောင်း ရန်ကုန်နှင့် နေပြည်တော်တွင် နေထိုင်ကြသော အနောက်ပိုင်းတိုင်းစစ်ဌာနချုပ်အတွင်းမှ စစ်သားများ၏ မိသားစုများက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ဆက်သွယ်ပြောဆိုသည်။
နိုဝင်ဘာလအတွင်းမှစတင်ပြီး အနောက်ပိုင်းတိုင်းစစ်ဌာနချုပ်အတွင်းသို့ ဒဏ် ရာရ စစ်သားအများအပြား ရောက်ရှိလာပြီး စစ်ကောင်စီက ဒဏ်ရာရ စစ်သားများကို ခေါ်ထုတ်ခြင်းမရှိဘဲ ထပ်မံ၍သာ ရဟတ်ယာဉ်ဖြင့် လူအင်အားများစွာ ချပေးခဲ့ကြောင်း၊ အနောက်ပိုင်းတိုင်းစစ်ဌာနချုပ်အတွင်းသို့ စစ်ရဟတ်ယာဉ်များဖြင့် ရိက္ခာများ၊ လက်နက်အင်အားများစွာ ချထားပေးသော်လည်း တပ်မိသားစုများနှင့် ဒဏ်ရာရ စစ်သားများကို လာရောက် ခေါ်ဆောင်ခဲ့ခြင်းမရှိကြောင်း၊ ဒီဇင်ဘာလဆန်းပိုင်းတွင် နပခအတွင်းသို့ ရောက်ရှိလာသော ဒဏ်ရာရ စစ်သား အရေအတွက်မှာ ရာချီရှိလာပြီး ဆေးဝါးကိုလည်း လုံလောက်စွာ ကုသပေးနိုင်တော့ခြင်းမရှိကြောင်း၊ ဒဏ်ရာရစစ်သားများ၊ တပ်မိသားစုဝင်များနှင့် ပိတ်မိနေသော စစ်သားများမှာ အလင်းဝင်လိုပြီး လက်နက်ချလိုသည်ဟု အဝေးမှ မိသားစုများထံသို့ တိုင်ပင်လာကြောင်း၊ သို့ရာတွင် နပခအတွင်းရှိ ဗိုလ်မှူးချုပ်နှင့် ဗိုလ်မှူးကြီးများက အလင်းဝင်လျှင်လည်း AA က ကလေးပါ မကျန် သတ်ဖြတ်မည်ဖြစ်ကြောင်း၊ ထို့ကြောင့် အသေခံ၍ သာ တိုက်ပွဲဝင်ရမည်ဟု အမိန့်ပေးခြိမ်းခြောက်ကြောင်း သိရှိရသည်။
“ပင်မ တပ်ဌာနချုပ်ထဲမှာ ဒဏ်ရာရ စစ်သားတွေ အရမ်းကိုများပါတယ်။ ဒီလူနာတွေကို စစ်ရဟတ်ယာဉ်နဲ့ ပြန်ခေါ်တာမျိုးလည်းမရှိဘူး။ အထဲမှာလည်း ဆေးဝါးနဲ့ ဆရာဝန်လည်း အလုံအလောက်မရှိဘူး။ တချို့ဆို ခြေပြတ်လက် ပြတ် တွေက ဆေးမကုရတော့ ပုတ်စော်တောင်နံနေပြီလို့ ပြောတယ်။ အထဲမှာ ခံတိုက်နေရတဲ့ ကျမရဲ့ ခင်ပွန်းနဲ့ အပေါင်းအသင်းတွေကလည်း အလင်းဝင်ချင်တယ်။ လက်နက်ချချင်တယ်။ တပ်မှူးက လက် နက်ချလည်း AA က မင်းတို့ကို သတ်မှာပဲ။ အဲဒီတော့ အသေခံချဆိုပြီး ပြောတယ်။ ဒီဇင်ဘာ ၄ ရက်နေ့အထိ အဆက်အသွယ်ရတယ်။ အထဲက အခြေအနေတွေကို ။ အခုတော့ ဆက်သွယ်မရတော့ပြန်ဘူး” ဟု အနောက်ပိုင်းတိုင်းစစ်ဌာနချုပ်အတွင်း တာဝန်ထမ်းဆောင်နေသော တပ်ရေးဗိုလ်ကြီး၏ ဇနီးက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။
ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ဆက်သွယ်ပြောဆိုကြသော တပ်မိသားစုများမှာ နေပြည်တော်နှင့် ရန်ကုန်တွင် နေထိုင်ကြခြင်းဖြစ်သည်။
အနောက်ပိုင်းတိုင်းစစ်ဌာနချုပ်အတွင်းရှိ စစ်အရာရှိကြီးတချို့မှာလည်း လက် အောက်ငယ်သားများ၊ ဒဏ်ရာရစစ်သည်များနှင့် တပ်မိသားစုဝင်တချို့ အပေါ် စာနာပြီး ၎င်းတို့ကိုယ်တိုင်လည်း စစ်ဆက်လက် မတိုက်တော့ဘဲ လက်နက်ချ အလင်းဝင်ကာ လိုလားသော နေရာများသို့ ထွက်ခွာလိုကြကြောင်း၊ သို့ရာတွင် နေပြည်တော်မှ စစ်ဗိုလ်ချုပ်များနှင့် တိုင်းမှူး ဗိုလ်ချုပ်ကျော်စွာဦးကို သစ္စာခံသော ထိပ်ပိုင်း တပ်ဦးဆောင်သူများကြောင့် အခက်တွေ့နေရကြောင်း သိရှိရသည်။
“အခုက ခက်နေတာက တိုင်းမှူးကလည်း စစ်တွေကနေ လုံး၀ နောက်မဆုတ်ရဘူး အမိန့်ပေးတယ်။ အထဲမှာ ဦးဆောင်နေတဲ့ တပ်မှူး ဗိုလ်မှူးချုပ်ကလည်း အလင်းမဝင်ရဘူး ဆိုတာမျိုး အမိန့်ပေးတယ်။ အထဲမှာ တပ်ရင်းမှူးလို ဒုဗိုလ်မှူးကြီးတချို့လည်း အလင်းဝင် လက်နက်ချ၊ ကိုယ်လိုရာ ခရီးသွားခွင့်ပေးရင်ကောင်းမယ်ဆိုတာမျိုး ညဉ်းကြတယ်။ ဒါပေမယ့် ခက်နေတာက ထိပ်ပိုင်းက ငြင်းနေတော့ အောက်က ဘာမှ လုပ်မရဘူး” ဟု နပခ တပ်ရေးဗိုလ်ကြီး၏ ဇနီးက ရှင်းပြသည်။
အနောက်ပိုင်းတိုင်းစစ်ဌာနချုပ်မှ တပ်ကြပ်တစ်ဦး၏ ဇနီးကမူ ” အခုလက်ရှိ အမ်းဘက်မှာ ပင်မတပ်ဌာနချုပ်မှာရှိတဲ့ တပ်သားတွေက အသက်ရှင်ခွင့်ပေးပြီး ထွက်ပေါက်လမ်းလေးဖွင့်ဖို့။ ဒဏ်ရာလူနာများကိုပဲသယ်ထုတ်သွားပြီး နောက်ဆုတ်ခွင့်ပြုပေးဖို့၊ လက်နက်ချမယ်၊အလင်းဝင်မယ်။ ပြီးရင် ထွက်ခွာခွင့်ပေးတာမျိုး လိုလားနေကြတယ်။ AAက မိတာနဲ့သတ်ပစ်မှာဆိုပြီး ပြော ထားတာတော့ အားလုံး လန့်နေကြတယ်။ လက်နက်ချမယ်ဆိုရင် အသက်ရှင်ခွင့်ပေးပြီး ထွက်ပေါက်လမ်းလေးဖွင့်ပေးတာမျိုးလိုချင်ကြတယ်။ စစ်သုံ့ပန်းအဖြစ်နဲ့ အဖမ်းမခံလိုကြဘူး” ဟု ပြောဆိုသည်။
AA ၏ ဒီဇင်ဘာလ ၆ ရက်နေ့ သတင်းထုတ်ပြန်ချက်တွင် ရခိုင်ပြည်၊ အနောက်ပိုင်းတိုင်းစစ်ဌာနချုပ်ရှိရာ အမ်းဒေသအတွင်းမှ စစ်ကောင်စီ၏ ဗျူဟာဌာနချုပ်များ၊ ကာကင်းစခန်း ကြီး၊ စခန်းငယ်၊ တပ်ရင်းဌာနချုပ်များ၊ တပ်ခွဲအသီးသီးအပါအဝင် အခြားသောနေရာတို့တွင် တပ်စွဲစခန်းချ၊ ခုခံစစ်ဆင်နွှဲနေကြသော တပ်စခန်းနေရာ ၃၀ ကျော်ရှိသည့်အနက်မှ အမ်း နပခဌာနချုပ် တစ်ခုတည်းသာ ကျန်ရှိတော့ကြောင်း၊ အမ်းမြို့၏ နောက် ဆုံးလက်ကျန် အနောက်ပိုင်းတိုင်း တိုင်းစစ်ဌာနချုပ်အား အပြီးသတ် သိမ်းပိုက်ရရှိနိုင်ရေးအတွက် ဆက်လက် ထိုးစစ်ဆင် တိုက်ခိုက်လျက် ရှိကြောင်း သိရှိရသည်။
ဓာတ်ပုံ- ယမန်နှစ် ကျင်းပခဲ့သည့် အနောက်ပိုင်းတိုင်းစစ်ဌာနချုပ် ၅၁ နှစ်ပြည့် နှစ်ပတ်လည် အခမ်းအနား။