မန္တလေးမှာ စစ်အုပ်စုနဲ့ ပျူတွေက ဧည့်စာရင်းအကြောင်းပြ လူငယ်တွေကို ပေါ်တာဆွဲ ဖမ်းဆီးပြီး စစ်သင်တန်းကျောင်းပို့နေ၊
စစ်အုပ်စု ပေါ်တာဆွဲဖမ်းဆီးနေလို့ လူငယ်အများစု ရှောင်တိမ်းနေရ၊
MN/MFP ၊ ဒီဇင်ဘာ – ၇
အလယ်ပိုင်းတိုင်းစစ်ဌာနချုပ် အခြေစိုက်ထားတဲ့ မန္တလေးမြို့မှာ စစ်အုပ်စုနဲ့ ပျူစောထီးတွေက ဧည့်စာရင်းအကြောင်းပြပြီး လူငယ်တွေကို ပေါ်တာဆွဲဖမ်းဆီးကာ လူသစ်စုဆောင်းပြီး စစ်သင်တန်းကျောင်းကို ပို့ဆောင်နေတာကြောင့် လူငယ်အများစု ရှောင်တိမ်းနေကြရတယ်လို့ မြို့ခံတွေက ပြောပါတယ်။
စစ်အုပ်စုနဲ့ ပျူစောထီးတွေဟာ မန္တလေးမြို့ပေါ်က ရပ်ကွက်တွေထဲ ညအချိန်တွေအပြင် နေခင်းတွေမှာပါ ဧည့်စာရင်းဝင်စစ်ပြီး လူငယ်တွေကို ပေါ်တာဆွဲဖမ်းဆီးကာ အများစုကို တပ်သားသစ်အဖြစ် စစ်အခြေခံလေ့ကျင့်ရေး သင်တန်းကျောင်းတွေဆီ ပို့ဆောင်နေတာဖြစ်တယ်လို့ မြို့ခံတွေက ဆိုပါတယ်။
“အခုက ငွေပေးလို့လည်း ပြန်မလွတ်လာတော့ဘူး။ ပေါ်တာဆွဲဖမ်းသွားပြီဆိုရင် စစ်မှုထမ်းထဲ ပါသွားပြီလို့သာ မှတ်လိုက်တော့။ မကြာသေးဘူး ကျွန်တော်တို့ ရပ်ကွက်ထဲက လူငယ်တစ်ယောက်ဆိုရင် ညပိုင်းမှာ ဧည့်စာရင်းစစ်မယ်ဆိုပြီးတော့ ဖမ်းသွားတာ။ အိမ်ကလိုက်တော့ စစ်မှုထမ်းထဲထည့်ထားတယ်တဲ့။ ငွေဘယ်လောက်ပေးရမလဲ ပေးပါမယ်ပြောတာကို ပြန်မလွှတ်ပေးတော့ဘူး။ အခုက မန္တလေးမှာ အတော်လေးဆိုးနေတာ”လို့ မန္တလေးမြို့ခံက MFP ကို ပြောပါတယ်။
စစ်အုပ်စုနဲ့ ပျူစောထီးတွေဟာ ပေါ်တာဆွဲဖမ်းဆီးလာတဲ့ လူငယ်တွေကို စစ်မှုထမ်းဖို့အတွက် အတင်း အကြပ် လက်မှတ်ထိုးခိုင်းပြီး စစ်သင်တန်းကျောင်းတွေကို ပို့ဆောင်နေတာဖြစ်တယ်လို့ မန္တလေးမြို့ခံက ဆိုပါတယ်။
ဒီဇင်ဘာလ ၆ ရက် မနေ့က မနက်ပိုင်းကလည်း အောင်မြေသာစံမြို့နယ် ၈၃ လမ်း၊ ၂၃ လမ်းနဲ့ ၂၄ လမ်းကြားက ရပ်ကွက်တွေထဲကို အထွေထွေအုပ်ချုပ်ရေးမှူး ဦးဆောင်ပြီး ဧည့်စာရင်းအကြောင်း ပြကာ လူငယ် သုံးဦးကို ပေါ်တာဆွဲ ဖမ်းဆီးသွားတယ်လို့ မန္တလေးမြို့ပေါ် မြေပြင်သတင်းတွေကို ဖော်ပြနေတဲ့ MDY Revolution က ဆိုပါတယ်။
“ဧည့်စာရင်းစစ်မယ်ဆိုပြီးတော့ အိမ်ထဲကိုဝင်ပြီး လူငယ်ကို ဖမ်းသွားတယ်။ လိုက်ပြီးစုံစမ်းကြည့်တော့ စစ်မှုထမ်းဖို့ (စစ်အုပ်စုတွေက)လက်မှတ်ထိုးခိုင်းပြီး သင်တန်းကျောင်းကို ပို့လိုက်ပြီတဲ့။ ငွေပေးနိုင်တိုင်း မရတော့ဘူး အခုက။ လူငယ်တွေလည်း ညတိုင်ဆိုရင် ဧည့်စာရင်းစစ်မယ်လို့ကြားရင် ကြိုပြီးတော့ ရှောင်နေကြပြီ”လို့ သူက ဆိုပါတယ်။
လက်ရှိ မန္တလေးမြို့ပေါ်မှာ စစ်အုပ်စုက နေ့ခင်းတွေမှာပါ ဧည့်စာရင်းအကြောင်းပြပြီး နေ့စဉ်လိုလို ပေါ်တာဆွဲဖမ်းဆီး သောင်းကျန်းနေတာကြောင့် ငွေကြေးတတ်နိုင်တဲ့ လူငယ်အများစုက KTV ၊ ကလပ်၊ ဘားတွေမှာ အချိန်သွားဖြုန်းကြပေမဲ့ ငွေကြေးအဆင်မပြေတဲ့ လူငယ်တွေကတော့ နေရာပြောင်းရွှေ့ အိပ်တာနဲ့ ရှောင်တိမ်းတာတွေ လုပ်ဆောင်နေရတယ်လို့လည်း မြို့ခံတွေက ပြောပါတယ်။
စစ်အုပ်စုက ပေါ်တာဆွဲဖမ်းဆီးပြီး စစ်မှုထမ်းသင်တန်းပို့တဲ့ လူငယ်တွေကို ရက်တိုသင်တန်းပြီးစီးသွားပါက ရှေ့တန်းကို တန်းပို့နေတာဖြစ်ပြီး မန္တလေးမြို့အနီးက တော်လှန်ရေးတပ်တွေနဲ့ တိုက်ပွဲဖြစ်ပွားနေတဲ့ မတ္တရာမြို့နယ်ထဲကို စစ်သင်တန်းဆင်းထားတဲ့ လူငယ်တွေကို အများဆုံး ပို့ဆောင်နေတာဖြစ်တယ်လို့ ဆိုပါတယ်။
အဲဒီလို မန္တလေးမြို့ပေါ်မှာ ဖမ်းဆီးထားတဲ့ လူငယ်တွေကို အလယ်ပိုင်းတိုင်း စစ်ဌာနချုပ်(မန္တလေး နန်းတွင်း)၊ ပုသိမ်ကြီးမြို့နယ်ထဲက ခြေမြန်တပ်ရင်း (ခမရ – ၁၁၉)၊ (ခမရ – ၁၁၆) နဲ့ ခြေလျင်တပ်ရင်း (ခလရ – ၄) တပ်တွေအပြင် ရမည်းသင်းမြို့ရှိ အမှတ် (၃) စစ်အခြေခံ လေ့ကျင့်ရေးတပ် စတဲ့ စစ်အုပ်စု သင်တန်းကျောင်းတွေကို ပို့ဆောင်ပြီး စစ်သင်တန်းပေးနေတာဖြစ်တယ်လို့လည်း ဆိုပါတယ်။
လက်ရှိမှာ စစ်အုပ်စုက နိုင်ငံတဝန်းမှာရှိတဲ့ သူတို့ထိန်းချုပ်ထားဆဲဖြစ်တဲ့ စစ်အခြေခံ လေ့ကျင့်ရေးတပ်(စခတ)တွေနဲ့ စစ်သင်တန်းကျောင်းတွေမှာ ပေါ်တာဆွဲ လူသစ်စုဆောင်းထားတဲ့ လူငယ်တွေကို အမှတ်စဉ် (၇) စစ်သင်တန်းတွေ စတင်ပေးနေတာ ဖြစ်ပါတယ်။
မန္တလေးမှာ ပေါ်တာဆွဲဖမ်းဆီးထားတဲ့ လူငယ်တွေ ရမည်းသင်းမြို့ရှိ အမှတ် (၃) စစ်အခြေခံ လေ့ကျင့်ရေးတပ်သို့ ရောက်ရှိလာစဉ်/ ဓာတ်ပုံ-CJ
#Mandalay_Free_Press_MFP
တံတားဦးနှင့် မြစ်သားတွင် စစ်ကောင်စီက စစ်မှုထမ်းရန်ပေါ်တာဆွဲ ဖမ်းဆီးနေ
အိမ်သွင်၊ရှိန်း/People’s Spring
မန္တလေးတိုင်း၊ တံတားဦးနှင့် မြစ်သားမြို့နယ်တွင် စစ်ကောင်စီက စစ်မှုထမ်းရန်ပေါ်တာဆွဲ ဖမ်းဆီးခေါ်ဆောင်နေ၍ ဂရုစိုက်သွားလာနေရကြောင်း ဒေသခံပြည်သူများက ပြောသည်။
တံတားဦးမြို့အနီး လေဆိပ်တံတားနှင့် ပန်းယျကျေးရွာအနီးရှိ အဝိုင်းပတ်နေရာများ၌ ယနေ့(ဒီဇင်ဘာ ၇ရက်)တွင် စစ်ကောင်စီတပ်က စစ်မှုထမ်းရန် ပေါ်တာဆွဲဖမ်းဆီးနေသည်ဟု ဒေသခံများက ပြောသည်
ဒီဇင်ဘာ ၆ရက်ကတည်းက စစ်မှုထမ်းရန် ပေါ်တာဆွဲမည့်သတင်းများ တံတားဦးမြို့နယ်၌ ပြန့်နှံ့ခဲ့ပြီး ယနေ့ နံနက်ပိုင်းက ပန်းယျကျေးရွာအနီးတွင် ပေါ်တာဆွဲခဲ့ခြင်းဟု ဒေသခံများက ပြောသည်။
“ပန်းယျက တော်တော်ပါသွားတယ်တဲ့။သူတို့က လိုသလောက်မပြည့်မချင်းဆွဲနေမှာ”ဟု တံတားဦးဒေသခံတစ်ဦးက ပြောသည်။
ယနေ့ ညနေပိုင်း ၄နာရီအချိန်ကစတင်ကာ အဆိုပါနေရာများ၌ ပေါ်တာဆွဲရန် စစ်ကောင်စီ၏ ထွေအုပ်ဝန်ထမ်းများပါဝင်သော ပူးပေါင်းအဖွဲ့ရောက်နေသည်ဟု ဒေသခံများက ပြောသည်။
“ည ၇နာရီလောက်အထိ ဆွဲတာ။ညနေဘက်ဆို မန္တလေးကနေ အလုပ်ပြန်လာတဲ့သူတွေ ပစ်မှတ်ပဲ”လို့ ဒေသခံအခြားတစ်ဦးက ပြောသည်။
တံတားဦးမြို့နယ်တွင် စစ်မှုထမ်းဥပဒေ အပတ်စဥ်(၁)စတင်စဥ်က မဲနှိုက်လူရွေးချယ်မှုတွင်ပါသွားသူတစ်ဦးမှာ မတ္တရာမြို့နယ်တိုက်ပွဲအတွင်း သေဆုံးသွား၍ နောက်ထပ် စစ်မှုထမ်းရန်ခေါ်ဆောင်တော့မရ၍ စစ်ကောင်စီက ပေါ်တာဆွဲဖမ်းဆီးနေခြင်းဟု ဒေသခံများက ဆိုသည်။
ပြီးခဲ့တဲ့စက်တင်ဘာကလည်း တံတားဦးမြို့နယ်၌ တစ်လအတွင်း လူငယ်အမျိုးသားများ ရာနှင့်ချီပေါ်တာဆွဲဖမ်းဆီးခံခဲ့ရသည်ဟု သတင်းရရှိသည်။
ထို့အပြင် မြစ်သားမြို့ရှိ ပွဲရုံအချို့နှင့် မြို့အနီး ငှက်ပျောခြံအချို့မှ အလုပ်သမား ၃၀ခန့်ကိုလည်း စစ်ကောင်စီတပ်က ဒီဇင်ဘာ ၅ရက်တွင် လာရောက်ဖမ်းဆီးသွားသည်ဟု လုပ်ငန်းရှင်တစ်ဦးက ပြောသည်။
” စစ်တပ်က စစ်ကားနဲ့ လိုက်ဆွဲတာ။ အယောက် ၃၀ ပါသွားတယ်။ မန္တလေးနန်းတွင်းထဲကို ခေါ်သွားတယ်လို့ သိရတယ်။ စစ်သင်တန်းပေးနေပြီလို့လည်း ကြားတယ်”ဟု မြစ်သားမြို့ခံတစ်ဦးက ပြောသည်။
မြစ်သားမြို့နယ်တွင် ဖမ်းဆီးခံရသူ ၃၀ဦးနှင့်ပတ်သက်၍ နောက်ဆက်တွဲသတင်း မကြားရသေးပေ။ မိသားစုဝင်များသည် လိုက်လံစုံစမ်းကြသော်လည်း ယနေ့အထိ အဆက်အသွယ်မရသေးကြောင်း ဖမ်းဆီးခံရသူများ၏မိသားစုဝင်များအား ကူညီပေးနေသူတစ်ဦးက ပြောသည်။
” ပေါ်တာစွဲတာတွေဆိုးနေလို့ ည၇နာရီဆို မြို့က တိတ်ဆိတ်သွားပြီ။ မြစ်သားက တော်လှန်ရေးအားမကောင်းတော့ အခုအဖိခံနေရပြီ။စစ်တပ်ကို ကြောက်ရကောင်းမှန်း အခုမှ သိလာကြတာဗျ”ဟု မြစ်သားမြို့ခံတစ်ဦးက ပြောသည်။
အသက် (၁၈)နှစ်ပြည့်ပြီးသူတိုင်း စစ်မှုထမ်းရမည့် ပြည်သူ့စစ်မှုထမ်းဥပဒေကို စစ်ကောင်စီက ဖေဖော်ဝါရီ ၁၀ ရက်တွင် ထုတ်ပြန်ခဲ့သည်။ ထို့နောက် စစ်ကောင်စီလက်အောက်ခံ ရပ်ကွက်အုပ်ချုပ်ရေးမှူးများက စစ်သားစုဆောင်းပေးနေသည်။ လက်ရှိတွင် စစ်မှုထမ်းသင်တန်း အပတ်စဉ်(၈)ဖွင့်လှစ်ရန် ပြင်ဆင်နေပြီး လူသစ်စုဆောင်း၍မရသောကြောင့် စစ်ကောင်စီက လိုက်လံဖမ်းဆီးနေခြင်းဟု မန္တလေးမြို့ခံတစ်ဦးက ပြောသည်။
စစ်ကောင်စီသည် မန္တလေးတိုင်းအပြင် ရန်ကုန်တိုင်း၊ ဧရာဝတီတိုင်းနှင့် စစ်ကိုင်းတိုင်း၊မကွေးတိုင်း၊ပဲခူးတိုင်းတို့မှ ၎င်းတို့ထိန်းချုပ်ဒေသများတွင် စစ်မှုထမ်းဥပဒေအကြောင်းပြ၍ ဖမ်းဆီးမှုများရှိနေသည်။ ဒီဇင်ဘာ ၆ရက်ညက ရန်ကုန်မြို့၊ ရန်ကင်းမြို့နယ်တွင် လူငယ် ငါးဦးကို စစ်ကောင်စီလက်အောက်ခံရဲတပ်ဖွဲ့ကဖမ်းဆီးသွားပြီး တစ်ဦးလျှင် ၅သိန်းကျပ်ဖြင့် ပြန်လည်ရွေးထုတ်ခဲ့ရကြောင်း သတင်းရရှိသည်။
(စစ်မှုထမ်းရန် စုဆောင်းခံရသူများအား အောက်တိုဘာလအတွင်းက တွေ့ရစဥ်။ဓာတ်ပုံ − စကစ)