စစ်ခေါင်းဆောင်က ၎င်းတို့၏ ပုံရိပ်ကျဆင်းအောင် ထိုးနှက်တိုက်ခိုက်နေသဖြင့် နားမယောင်ရန် စည်းရုံးပြောဆို
နိုင်မင်းလွင်/ဧရာဝတီတိုင်းမ်
ဒီဇင်ဘာ ၇ ရက်
စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ၎င်းတို့၏ ပုံရိပ်ကျဆင်းအောင် တော်လှန်ရေး အင်အားစုများနှင့် မီဒီယာများက ဆိုရှယ်မီဒီယာကို လက်နက်သဖွယ် အသုံးပြု၍ ထိုးနှက်တိုက်ခိုက်နေသဖြင့် နားမယောင်ကြရန်နှင့် တပ်ပြင်စည်းရုံးရေးအား အလေးထားလုပ်ရန် စည်းရုံး ပြောဆိုခဲ့ကြောင်း သိရသည်။
အာဏာသိမ်းပြီးနောက် စစ်ရေးအပါအဝင် ဘက်ပေါင်းစုံ အရေးနိမ့်လာသော စစ်ခေါင်းဆောင်က ယမန်နေ့ ဒီဇင်ဘာ ၆ ရက်က ပြုလုပ်သည့် ပြင်ဦးလွင် စစ်တက္ကသိုလ် အပတ်စဉ် (၆၆) သင်တန်း ဆင်းပွဲတွင် ထိုကဲ့သို့ ပြောဆိုခဲ့ကြောင်း သိရသည်။
“သူဆိုလိုတာက မီဒီယာနဲ့ အတိုက်ခိုက်ခံနေရတယ်ပေါ့။ မီဒီယာက အမှန်တရားကိုပဲ ထောက်ပြတာ သူတို့က စစ်လော်ဘီတွေနဲ့ မြဝတီ၊ မြန်မာ့အသံ စတာတွေကိုပဲ အမှန်တွေလို့ သဘောထားစေချင်တယ်” ဟု CDM ဗိုလ်ကြီး ဇင်ယော်က ဧရာဝတီတိုင်းမ်ကို ပြောသည်။
ယနေ့ကာလတွင် ဆိုရှယ်မီဒီယာကို လက်နက်သဖွယ် အသုံးပြု၍ ၎င်းတို့နှင့် ပြည်သူအကြား သွေးကွဲအောင်၊ စည်းလုံးညီညွတ်မှု ပြိုကွဲအောင် အထူးသဖြင့် လက်အောက်ခံ စစ်သားများ အချင်းချင်း စိတ်ဝမ်းကွဲအောင် သတင်းအမှားဖြင့် ထိုးနှက်တိုက်ခိုက်နေဟု စစ်ခေါင်းဆောင်က ဆိုသည်။
ထိုကဲ့သို့ ၎င်းတို့ဖြိုခွဲရေးအတွက် ရည်ရွယ်ချက်ရှိရှိ လုပ်ဆောင်နေမှုများကို နားမယောင်မိရန်၊ တာဝန်ကျရာ တပ်များဆီ ရောက်သွားချိန်တွင်လည်း တပ်ဖွဲ့ဝင်နှင့် မိသားစုဝင်များအနေဖြင့် ယင်းအရာ များကြောင့် ယုံကြည်ချက်၊ ခံယူချက်များ မယိမ်းယိုင်သွားစေရန် လိုအပ်ကြောင်း ဆက်လက် ပြောကြားထားသည်။
စစ်ခေါင်းဆောင် ဦးဆောင်သော စစ်ကောင်စီသည် အာဏာသိမ်းပြီးနောက် ပြည်သူလူထု ထောက်ခံမှု မရရှိသလို တစ်နေ့ တခြား တပ်တွင်းဖြိုခွဲ၍ စိတ်ဓာတ်နှင့် စွမ်းရည်ဆိုင်ရာ နိမ့်ဆင်း ကျလာခြင်းသည် ၎င်းတို့၏ လုပ်ရပ်များကြောင့်သာ ဖြစ် သည်ဟု CDM အရာရှိများက ထောက်ပြသည်။
“အခုချိန်မှာ သူ့(မင်းအောင်လှိုင်)စစ်တပ်ထဲက အခြေအနေက ဖုံးမရဖိမရ ဖြစ်လာတာကို တော်တော်လေး တွေ့လာရတယ်။ စစ်တပ်ထဲမှာ လက်ရှိဖြစ်ပျက်နေတာတွေကို သူ့စစ်တပ်ထဲက သူတွေတောင် မယုံကြည်မှုတွေ ပိုပြီးဖြစ်လာတယ်” ဟု CDM ဗိုလ်ကြီး လင်းထက်အောင်က ဧရာဝတီ တိုင်းမ်ကို ပြောသည်။
လက်ရှိအချိန်တွင် ဆန့်ကျင်ဘက် အဖွဲ့အစည်းများနှင့် လူပုဂ္ဂိုလ်တချို့က ၎င်းတို့အပေါ် ပြည်သူလူထု အထင်အမြင်လွဲမှားစေရန် ပြည်ဖျက်မီဒီ ယာများနှင့် ပူးပေါင်း၍ ပုံရိပ်ကျဆင်းအောင် ပြောဆို ရေးသားနေကြောင်း စစ်ရှုံးနေမှုများနှင့် ရင်ဆိုင်နေရသော စစ်ခေါင်းဆောင်က စွပ်စွဲထားသည်။
ယင်းအပြင် ဆန့်ကျင်ဘက် အဖွဲ့အစည်းများ၊ ပြည်ဖျက်မီဒီယာများ၏ ဆိုးရွားသော လုပ်ရပ်များအပေါ် အသိ၊ သတိနှင့် ဆင်ခြင်၍ စစ်မှန်သည့် တပ်ပြင်စည်းရုံးရေးများကို အလေးထား လုပ်ဆောင်သွားရန် စစ်ခေါင်းဆောင်က ပြောဆိုကြောင်း စစ်ကောင်စီက ထုတ်ပြန်ထားသည်။
“သူတို့ တပ်တွင်းစည်းရုံးရေး တောင့်တင်းမှ တပ်ပြင်စည်းရုံးရေးကို လုပ်နိုင်မယ်။ အခုအဲဒီလို မဟုတ်ဘဲနဲ့ တပ်ပြင်စည်းရုံးတွေ ပိုပြီးလုပ်လာတော့ တပ်တွင်းအဖွဲ့တွေနဲ့ အဆင်မပြေကြဘူး၊ သူလုပ်ရကိုင်ရ ခက်လာတယ်” ဟု CDM ဗိုလ်ကြီး ဇင်ယော်က ဆိုသည်။
စစ်ခေါင်းဆောင်သည် ပြင်ဦးလွင်မြို့ကို စစ်မီးမကူးစက်အောင် အင်အားဖြည့်တင်း ကာကွယ်နေသလို ယနေ့ပြန်သွားသော်လည်း လာမည့်ဒီဇင်ဘာ ၁၂ ရက်တွင် ပြင်ဦးလွင် တပ်မတော်နည်းပညာတက္ကသိုလ် ကျောင်းဆင်းပွဲ ရှိနေသေး၍ ပြန်လာနိုင်ကြောင်း တပ်တွင်းရင်းမြစ်ထံက သိရသည်။
ဓာတ်ပုံ- စစ်ကောင်စီ
#စစ်ခေါင်းဆောင် #ပုံရိပ်ကျဆင်း #ထိုးနှက်တိုက်ခိုက် #နားမယောင်ရန် #စည်းရုံးပြောဆို #Ayeyarwaddy_Times