မှော်ဘီလေတပ် ရှော့တိုက်ဒုံးဖြင့် ပစ်ခတ်ခံရပြီးနောက် စစ်တပ်က ကျေးရွာများ ဆက်တိုက် စီးနင်းနေပြီး လေတပ်အနီး ညအချိန် ဖြတ်သွားသည့် ကားများကို ပစ်မိန့်ပေးထား

by

in

မှော်ဘီလေတပ် ရှော့တိုက်ဒုံးဖြင့် ပစ်ခတ်ခံရပြီးနောက် စစ်တပ်က ကျေးရွာများ ဆက်တိုက် စီးနင်းနေပြီး လေတပ်အနီး ညအချိန် ဖြတ်သွားသည့် ကားများကို ပစ်မိန့်ပေးထား
ရန်ကုန်၊ ဒီဇင်ဘာ ၇
ရန်ကုန်တိုင်း၊ မှော်ဘီမြို့နယ်ရှိ မှော်ဘီလေတပ် ရှော့တိုက်ဒုံးဖြင့် ပစ်ခတ်ခံရပြီးနောက် အကြမ်းဖက် စစ်တပ်က ကျေးရွာများကို ဆက်တိုက် စီးနင်းနေပြီး လေတပ်အနီး ညအချိန် ဖြတ်သွားသည့် ကားများကို ပစ်မိန့်ပေးထားကြောင်း တပ်တွင်း သတင်းရင်းမြစ်က ရန်ကုန်ခေတ်သစ် သတင်းဌာနထံသို့ ပြောဆိုသည်။
ဒီဇင်ဘာလ ၆ ရက်နေ့ ည ၉ နာရီ ၄၃ မိနစ်ခန့်တွင် ရန်ကုန်မြို့၊ မှော်ဘီလေတပ်စခန်းအတွင်းရှိ Y -12 တိုက်ခိုက်ရေးစစ်လေယာဥ်များထားရှိရာ လေယာဥ်ရုံ (Hangar) ကို Brave Warriors for Myanmar (BWM) အဖွဲ့က ပစ်မှတ်ထား၍ ၁၀၇ မမ ရှော့ တိုက်ဒုံး ၅ လုံး ဖြင့် ပစ်ခတ် တိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
ယင်းပစ်ခတ်မှုဖြစ်ပွားပြီးနောက် အကြမ်းဖက် စစ်တပ်က ယနေ့ နံနက်ပိုင်းမှစ၍ အင်အား အလုံးအရင်းဖြင့် လေတပ် အနီးရှိ ကျေးရွာများကို ဆက်တိုက် ဝင်ရောက်စီးနင်းနေခြင်းဖြစ်ပြီး ယနေ့ညပိုင်းတွင် လေတပ်အနီး ကင်းပုန်း အများအပြားချထားကြောင်း သိရှိရသည်။
ထို့ပြင် အကြမ်းဖက် စစ်တပ်က ဒညင်းကုန်းနှင့် ထောက်ကြန့်ဘက်ကို ဈေးတက်ရောင်းမည့် ကားများကိုလည်း ညဘက် ဖြတ်သန်းခွင့် မပေးတော့ဘဲ ဖြတ်သန်းသည့်ကားများကို ပစ်မိန့်ပေးထားကြောင်း၊ ယနေ့ ညပိုင်းတွင်လည်း လေတပ် အနီးရှိ ကျေးရွာများကို ဧည့်စာရင်း စစ်ဆေးရန် လုပ်ဆောင်နေကြောင်း သိရသည်။
“ညက ပစ်ခတ်မှုကြောင့် ဒီမနက်ပိုင်း တပ်ရင်းမှူးဆိုတဲ့ လူက ဒီည‌ ဒညင်းကုန်း-ထောက်ကြန့်ဘက်တွေကို ဈေးတက်ရောင်းမယ့် ကားတွေကို ညမထွက်ရ အမိန့်ထုတ်တဲ့အပြင် အသေပစ်ခတ်မိန့်ပါ ထုတ်ထားတယ်။ ညောင်နှစ်ပင်ရွာမှာလည်း မြေလှန်ပြီးကို ရှာဖွေရေး လုပ်နေတယ်။ အခုဧည့်စာရင်းစစ်မယ်လို့ ကြားတယ် ရွာထဲကို ညကမှော်ဘီက တပ်ရင်းမှူးပါလာပြီး စစ်ဆေးတာတွေ လုပ်နေတယ်လို့ ကြားတယ်။ ဒီည အချိန်မတော် ထွက်မယ့်ကားတွေကိုလည်း အဲ့တပ်ရင်းမှူးကပစ်မိန့်ပေးထားတယ်” ဟု တပ်တွင်း သတင်းရင်းမြစ်က ပြောဆိုသည်။