နေပြည်တော်နှင့်ပျဉ်းမနားမြို့နယ်တွင် စစ်မှုထမ်းအပတ်စဉ် ၈ အတွက် လူငယ်များကို ပေါ်တာဆွဲ ဖမ်းဆီး၊ ပန်းတောင်းမြို့နယ်တွင်လည်း လူငယ်အများအပြား စစ်မှုထမ်းရန် ဖမ်းဆီးခေါ်ဆောင်ခံရ

by

in

နေပြည်တော်နှင့်ပျဉ်းမနားမြို့နယ်တွင် စစ်မှုထမ်းအပတ်စဉ် ၈ အတွက် လူငယ်များကို ပေါ်တာဆွဲ ဖမ်းဆီး၊ ပန်းတောင်းမြို့နယ်တွင်လည်း လူငယ်အများအပြား စစ်မှုထမ်းရန် ဖမ်းဆီးခေါ်ဆောင်ခံရ
ရန်ကုန်၊ ဒီဇင်ဘာ ၈

နေပြည်တော်နှင့်ပျဉ်းမနားမြို့နယ်တွင် စစ်မှုထမ်းအပတ်စဉ် ၈ အတွက် လူငယ်များကို ပေါ်တာဆွဲ ဖမ်းဆီးနေသဖြင့် လူငယ်များနှင့် အမျိုး သားများ ထွက်ပြေးတိမ်းရှောင်နေရကြောင်း ဒေသပြည်သူများက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။
နေပြည်တော်၊ ပျဥ်းမနားမြို့နယ်၊ သနပ်ပင်ဆိပ်၊ မအူပင်၊ သိကြားစက်၊ ဆင်သေအုပ်စု၊ ကျွန်းဦး၊ ဇီးဖြူအုပ်စု၊ ကြံဖို ကျေးရွာများတွင် စစ်တပ်နှင့် ပျူစောထီးအဖွဲ့များက ကျေးရွာအုပ်ချုပ်ရေးအဖွဲ့များနှင့်အတူ နိုင်ငံတော်ကို ကာကွယ်ရန် လူငယ်တပ်သားသစ်များ စုဆောင်းရမည်ဟုဆိုကာ နေအိမ်ထဲအထိ လူငယ်များကို ဝင်ရောက်ရှာဖွေဖမ်းဆီးခေါ်ဆောင်သွားကြောင်း သိရှိရသည်။
“နေ့ရောညပါ အိမ်ထဲထိ တံခါးဖွင့်ခိုင်းတယ်။ တပ်သားသစ်တွေ နိုင်ငံတော်ကို ကာကွယ်ရမယ့် အချိန်ဖြစ်လို့ လူငယ်တွေ တာဝန်ထမ်းဆောင်ရမယ်ဆိုပြီး အတင်းအကျပ် ပေါ်တာဆွဲ ဖမ်းတာပါ။ ညဘက်ဆိုရင် ရွာထဲမှလူငယ်များမအိပ်ရဲလို့ အပြင်လယ်ကွင်းတွေ၊ တောတွေဘက်မှာ သွားအိပ်ကြရတယ်။ ရွာတွေမှာ အတော်ကို ဆိုးဆိုး ပေါ်တာဆွဲခံနေရတာ။ ပျဥ်းမနား မြို့ပေါ်မှာ တော့ ရုပ်ပျက်ဆင်းပျက် ဖမ်းတာမျိုး မလုပ်ဘူး။ မဲပေါက်သူပဲ ခေါ်တယ်။ အခု အရမ်းဆိုးနေတာက ရွာဘက်တွေမှာ လုပ်ချင်သလို လုပ်နေတာ။
ဒီဇင်ဘာလ ပထမပတ်အတွင်း ညပိုင်း စစ်တပ်က ဝင်ရောက်စီးနင်းပြီး လူငယ်များကို ဖမ်းဆီးခေါ်ဆောင်မှုများ လုပ်ဆောင်ခဲ့သော ကျေးရွာများမှာ ပျဉ်းမနားမြို့နယ်၊ ဆင်သေအုပ်စု စျေးကုန်းကျေးရွာ၊ မအူပင်ကျေးရွာတို့ဖြစ်ကြောင်း၊ စစ်ကားများကို ရွာပြင်တွင် ရပ်ထားပြီး ကျေးရွာအုပ်ချုပ်ရေးအဖွဲ့က တင်ပြလာသည့် နေအိမ်ကို စစ်တပ်နှင့်၀ိုင်းကာ လူငယ်များကို ဖမ်းဆီးသွားခြင်းဖြစ်ကြောင်း သိရှိရသည်။
“ဆင်သေကျေးရွာအုပ်စု၊ စျေးကုန်းကျေးရွာမှာဆိုရင် လောင်းကစားသမား မျိုးမြင့်က အကြမ်းဖက်စစ်တပ်ကိုခေါ်လာပြီး လူငယ်တွေကို ရွာထဲဝင်ဖမ်းတာ။ မနေ့ညကဆိုရင် မအူပင်ကျေးရွာကို တပ်ကဝင်စီးတယ်။ စစ်မှုထမ်းအင်အားလိုလို့.။ စစ်ကားများကို ရွာအပြင်တွင်ထားခဲ့ပြီး
သူတို့ဝင်ခေါ်မယ့် အိမ်ကို အရင်ဝိုင်းထားပြီးမှ ဆွဲခေါ်တာပါ။ အရင်က ငွေနဲ့ ရွေးလို့ရတယ် အခုတော့ မရတော့ဘူး” ဟု ဒေသပြည်သူတစ်ဦးက ဆိုသည်။
အလားတူ ဒီဇင်ဘာလ ပထမအပတ် နေပြည်တော်၊ ဥတ္တရသီရိမြို့နယ်၊ V4 လမ်းဆုံ စစ်ဆေးရေးဂိတ်တွင် နံနက်ပိုင်းအချိန် အုတ်ကွင်းဘက်သွားသည့် အလုပ်သမား ၁၂ ဦးကို စစ်ဆေးရာ မှတ်ပုံတင် မပါခြင်း၊ နယ်အဝေးမှ လာရောက် အလုပ်လုပ်သူများဖြစ်ခြင်းကြောင့် စစ်မှုထမ်း အဖြစ် ဖမ်းဆီးခေါ်ဆောင်သွားခဲ့ကြောင်း၊ အဆိုပါ အလုပ်သမား အမျိုးသား ၁၂ ဦးမှာ ယခုအခါ နေပြည်တော် တပ်သားသစ်စုဆောင်းရေါ်သို့ အပို့ခံလိုက်ရပြီဖြစ်ကြောင်း သိရှိရသည်။
ထို့အတူ ပဲခူးတိုင်း ပြည်မြို့ တစ်ဖက်ကမ်း၊ ပန်းတောင်းမြို့နယ်၊ ဥသျှစ်ပင်မြို့ ၊ ဒေါင်းမနားကျေးရွာတွင် စစ်ကောင်စီတပ်များက ဝင်ရောက် ပေါ်တာဆွဲမှုများ လုပ်ဆောင်ခဲ့ပြီး လူငယ်များကို တပ်သားသစ်အဖြစ်စုဆောင်းသွားကြောင်း သိရှိရသည်။
“ထွက်ပြေးရင် ၀ရမ်းထုတ်ဖမ်းမယ်ဆိုပြီး တပ်ကပြောတယ်။ ပေါ်တာဆွဲတာကတော့ သူတို့ သတ်မှတ်တဲ့ လူဦးရေ မရမချင်း ဆွဲမယ်ပြောတယ်။ လူတွေတော်တော်များများ တိမ်းရှောင်နေတာကို သိလို့ လူငယ်မရှိရင် မိဘဆွေမျိုး အကုန်ဖမ်းမယ်။ အိမ်ရှေ့မှာ ရပ် ထားတဲ့ ဆိုင်ကယ်တွေ ပါ မချန် သိမ်းမယ်ဆိုပြီးခြိမ်းခြောက်တယ်။ နောက်ပြီး ဟိုက်ဂျက်နဲ့ အရပ်ဝတ်တွေ ဝတ်ပြီး တွေ့သမျှ လူငယ်ကိုလည်း လိုက်ဖမ်းနေကြတာ။ အဖမ်းခံရတာကတော့ ၁၀ ဦးလောက်ရှိနေပြီ” ဟု ဒေါင်းမနားကျေးရွာမှ ဒေသပြည်သူတစ်ဦးက ရှင်းပြသည်။
လတ်တလော စစ်မှုထမ်း အပတ်စဉ် ၈ အတွက် သတ်မှတ် တပ်သားသစ် အရေအတွက် မပြည့်မီသဖြင့် ပေါ်တာဆွဲ ဖမ်းဆီးမှုများ နိုင်ငံတစ် ဝန်းဖြစ်ပွားနေပြီး ယခု ဒီဇင်ဘာလ တတိယအပတ်အမီ စစ်သားသစ်များကို နောက်ဆုံးထား စုဆောင်းပေးရန် စစ်ကောင်စီက ညွှန်ကြား ထားကြောင်း သိရှိရသည်။
ဓာတ်ပုံ- ၂၀၂၁ ခုနှစ် စစ်အာဏာသိမ်းမှု ဆန့်ကျင်ရေး ဆန္ဒပြပွဲကို စစ်တပ်က အကြမ်းဖက် ပစ်ခတ် ဖြိုခွင်းပြီး လူငယ်များကို ရိုက်နှ့် ဖမ်းဆီးခဲ့စဉ်။ (ပုံအဟောင်းဖြစ်ပါသည်။)