တံတာဦးမြို့နယ်နှင့် ချောက်မြို့နယ်တို့တွင် လူငယ် ၂၀၀ ဦးကျော် စစ်မှုထမ်းရန်အတွက် ပေါ်တာဆွဲ ဖမ်းဆီးခံရ

by

in

တံတာဦးမြို့နယ်နှင့် ချောက်မြို့နယ်တို့တွင် လူငယ် ၂၀၀ ဦးကျော် စစ်မှုထမ်းရန်အတွက် ပေါ်တာဆွဲ ဖမ်းဆီးခံရ
ရန်ကုန်၊ ဩဂုတ် ၁၇
မန္တလေးတိုင်း၊ တံတားဦးမြို့နယ်နှင့် မကွေးတိုင်း၊ ချောက်မြို့နယ်တို့တွင် လူငယ် ၂၀၀ ကျော် စစ်မှုထမ်းရန်အတွက် ပေါ်တာဆွဲ ဖမ်းဆီးခံရကြောင်း ဒေသပြည်သူများက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။
ဩဂုတ် ၁၆ ရက်နေ့ နံနက်ပိုင်း တံတားဦးမြို့နယ်မှ မြို့သာမြို့ဘက်အထွက် မကျီးတောကျေးရွာထိပ်တွင် လူငယ်များနှင့် အမျိုး သားများကို စစ်တပ်၊ ရဲနှင့် လ၀ကများ ပါဝင်သော ပူးပေါင်းအဖွဲ့က ပေါ်တာဆွဲဖမ်းဆီးခဲ့ကြောင်း၊ လူငယ် စုစုပေါင်း ၁၅၀ ဝန်းကျင် ဖမ်းဆီးခံခဲ့ရကြောင်း သိရှိရသည်။
“မနေ့ မနက် ၈ နာရီလောက်မှာ တံတားဦးမြို့နဲ့ မြို့သာဘက်အထွက် မကျီးတောရွာထိပ်မှာ လာသမျှလူတွေ အကုန်ခေါ်ထားတယ်။ လူဦးရေ ၁၅၀ ဝန်းကျင် ဖမ်းဆီးရမိထားပါတယ်။ ကျွန်တော်တို့အိမ်က လူတစ်ယောက်ပါသွားလို့ လွှတ်ပေးဘို့ ပြောတဲ့အခါ သင်တန်းတက်ရမှာမို့ လွှတ်လို့ မရသေးဘူးလို့ ပြောပါတယ်။ တံတားဦးရဲစခန်းက ရဲတွေနဲ့ လဝကဝန်ထမ်းတွေ နဲ့ စစ်ကောင်စီတပ်သားတွေ ပေါင်းပြီး လူငယ်တွေ ပေါ်တာ ဆွဲနေတာပါ” ဟု ဖမ်းဆီးခံရသော လူငယ်တစ်ဦး၏ မိသားစုဝင်တစ်ဦးက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။
တံတားဦးမြို့နယ်တွင် ဖမ်းဆီးခံရသော လူငယ်များနှင့် အမျိုးသား ၁၅၀ ဝန်းကျင်ကို စက်တင်ဘာလစတင်မည့် စစ်မှုထမ်း သင်တန်းများတွင် တက်ရောက်ခိုင်းမည်ဖြစ်ကြောင်း သိရှိရသည်။
အလားတူ မကွေးတိုင်း၊ ချောက်မြို့နယ်၊ ဂွေးချိုကျေးရွာ အရှေ့ဘက် ကျောက်ပန်းတောင်မြို့အသွား လမ်းတွင် စစ်တပ်နှင့်ရဲများက လူငယ်များနှင့် အမျိုးသားများကို ပေါ်တာဆွဲဖမ်းဆီးရာ လူဦးရေ ၅၀ ထက်မနည်း ဖမ်းဆီးခံရကြောင်း သိရှိရသည်။
“ချောက်မြို့နယ် ဂွေးချို ရွာရဲ့ အရှေ့ဘက် ကျောက်ပန်းတောင်း မြို့သွားတဲ့လမ်းပေါ်က တောင်ဝကန် နား စစ်သားနဲ့ ရဲတွေ က ဆိုင်ကယ်နဲ့ ဓတ်ဆီသွားဝယ်တဲ့လူ ဖြစ်ဖြစ် စျေးဝယ်သွားတဲ့လူဖြစ်ဖြစ် ဆိုင်ကယ်နဲ့လာတဲ့ ယောက်ကျားလေး လူငယ်မှန် သမျှ ပေါ်တာဆွဲပြီး ချောက်မြို့ မှာ စစ်မှုထမ်းဖို့ ပို့နေပါတယ်” ဟု ဒေသပြည်သူတစ်ဦးက ဆိုသည်။
အကြမ်းဖက်စစ်ကောင်စီက လစဉ် ခေါ်ယူနေသော စစ်မှုထမ်းသင်တန်းသားများအတွက် တပ်သားသစ်လူငယ်များ ရှာဖွေမရတော့သဖြင့် နယ်ဒေသများနှင့်မြို့ကြီးများတွင် ပေါ်တာဆွဲဖမ်းဆီးမှုများ၊ ဧည့်စာရင်းဖမ်းဆီးမှုများ လုပ်ဆောင်ခြင်းဖြင့် လူငယ်များကို တပ်သားသစ်အဖြစ် စုဆောင်းလျက်ရှိကြောင်း သိရှိရသည်။
ဓာတ်ပုံ- စစ်မှုထမ်းသင်တန်းများအတွက် တပ်သားသစ်အဖြစ် အတင်းအကျပ် အတင်းအဓမ္မ စုဆောင်းခံနေရသော လူငယ်များ။