လှိုင်သာယာ အမှတ် ၂၀ ရပ်ကွက် အုပ်ချုပ်ရေးမှူး သန့်ဇင်ကို စစ်ပြေးမှုဖြင့် စစ်တပ်က လာရောက်ဖမ်းဆီးစဉ် ပစ်ခတ်မှုဖြစ်ပြီး အုပ်ချုပ်ရေးမှူး ဒဏ်ရာရ

by

in

လှိုင်သာယာ အမှတ် ၂၀ ရပ်ကွက် အုပ်ချုပ်ရေးမှူး သန့်ဇင်ကို စစ်ပြေးမှုဖြင့် စစ်တပ်က လာရောက်ဖမ်းဆီးစဉ် ပစ်ခတ်မှုဖြစ်ပြီး အုပ်ချုပ်ရေးမှူး ဒဏ်ရာရ
ရန်ကုန်၊ ဩဂုတ် ၁၇
ရန်ကုန်မြို့၊ လှိုင်သာယာမြို့နယ် ၂၀ ရပ်ကွက် အုပ်ချုပ်ရေးမှူး သန့်ဇင်ကို အကြမ်းဖက် စစ်တပ်က လာရောက် ဖမ်းဆီးစဉ် ပစ်ခတ်မှုဖြစ်ပြီး အုပ်ချုပ်ရေးမှူး ဒဏ်ရာရရှိခဲ့ကြောင်း ဒေသပြည်သူများက ရန်ကုန်ခေတ်သစ် မီဒီယာသို့ ပြောဆိုသည်။
ယမန်နေ့ ဩဂုတ်လ ၁၆ ရက်နေ့ မွန်းလွဲပိုင်းတွင် လှိုင်သာယာမြို့နယ် ၂၀ ရပ်ကွင် သိပ္ပံလမ်းတွင် နေထိုင်သော အုပ်ချုပ်ရေးမှူး သန့်ဇင် နေအိမ်ကို အကြမ်းဖက် စစ်တပ်က ဝင်ရောက် ဖမ်းဆီးစဉ် အုပ်ချုပ်ရေးမှူးနှင့် စစ်သားများ စကားများရာမှ ပစ်ခတ်မှု ဖြစ်ပွားခဲ့ပြီး အုပ်ချုပ်ရေးမှူး သန့်ဇင် သေနတ်ကျည် ၃ ချက် ထိမှန်ခဲ့ကြောင်း သိရသည်။
အုပ်ချုပ်ရေးမှူး သန့်ဇင်သည် သေနတ်ကျည် ၃ ချက်ထိမှန်ခဲ့သော်လည်း ရှပ်မှန်ခဲ့ခြင်းကြောင့် သေဆုံးခြင်းမရှိဘဲ လက်ရှိချိန်တွင် နေထိုင်၌ ဆေးကုသမှု ခံယူနေကြောင်း၊ ယင်း အုပ်ချုပ်ရေးမှူးသည် ခြောက်လုံးပြူး သေနတ် ကိုင်ဆောင်ထားသူဖြစ်ပြီး အကြမ်းဖက် စစ်သားများကို ပြန်လည် ပစ်ခတ်ခဲ့သော်လည်း ကျည်မထွက်သောကြောင့် အပြန်အလှန် ပစ်ခတ်မှု ဖြစ်ပွားခြင်းမရှိခဲ့ကြောင်း သိရှိရသည်။
“ဒီနေ့ နေ့လည်ပိုင်းမှာ လှိုင်သာယာ ၂၀ ရပ်ကွက်အုပ်ချုပ်ရေးမှူးနေတဲ့ သိပ္ပံလမ်း ကျောကပ်က နေအိမ်ကို လှိုင်သာယာ အရှေ့ပိုင်းစစ်ခွေး ဗျုဟာမှူး ကလာပြီး ၂၀ ရုံးအုပ်ကြီးကို စစ်ပြေးဟု တိုင်ထားလို့ လာဖမ်းတာ ခွေးအချင်းချင်း စကားများကြတာ အုပ်ကြီးကိုပစ္စတိုနဲ့ ၃ ချက် ထုတ်ပစ်တာ မသေဘဲ လက်မောင်းတွေကို ရှပ်ထိပြီး ဆေးကုနေရတယ်။ အုပ်ကြီးကလည်း စစ်မှုထမ်းဟောင်းဆိုတော့ ခြောက်လုံးပြူး ရထားတော့ အဲ့တာနဲ့ပြန်ပစ်တာ ကျည်မထွက်ဖူးကြားတယ် ခြောက်လုံးပြူးလေးဆိုတော့ အခု အစစ်အဆေးတွေ ကြမ်းနေတယ်။ အဲ့အိမ်နားမှာ ခု အစစ်အဆေးတွေရှိတယ်။ ဘယ်သူတိုင်လည်းမှ မသိတာ စစ်ပြေးဆိုပြီး အဲ့တာကြောင့် ဟိုကလာဖမ်းတာ သူအိမ်မှာ စကားပြောနေရင်း စကားများပြီး ထပစ်တာ အုပ်ကြီးကတော့ ဆေးကုနေတယ်ကြားတယ်။ မသေဘူး” ဟု ဒေသပြည်သူ တစ်ဦးက ပြောဆိုသည်။
စစ်တပ်ဘက်က သတင်းထုတ်ပြန်ချက်တွင်မူ ယမန်နေ့ မွန်းလွဲ ၁၂ နာရီခွဲအချိန် လှိုင်သာယာ(န)ပိုင်းမြို့နယ်| ၂၀ ရပ်ကွက်| ဗိုလ်တေဇပတ်လမ်းနှင့် ငွေလမင်းလမ်းထောင့်တွင် အမှတ် ၂၀ ရပ်ကွက် အုပ်ချုပ်ရေးမှူး သန့်ဇင်ကို အရပ်ဝတ်ဖြင့် လူ ၅ ဦးခန့်က သေနတ်ဖြင့် ဝင်ရောက် ပစ်ခတ်မှုဖြစ်ပွားခဲ့ကြောင်း၊ လူ ၃ ဦးက အုပ်ချုပ်ရေးမှူးသန့်ဇင်၏ ခြေထောက်ကို ကြိုးဖြင့်တုတ်နေစဥ် ကားတစ်စီးရောက်ရှိလာပြီး ဆေးရုံသို့ ပို့မည်ဟုဆိုကာ ခေါ်ဆောင်သွားကြောင်း သတင်းထုတ်ပြန်ထားသည်။
ဓာတ်ပုံ- ယမန်နေ့ ပစ်ခတ်မှုကို CCTV မှ မြင်ရစဉ်။