တံတားဦးတွင် စစ်ကောင်စီတပ်က လူငယ် ၁၀၀ကျော် ဖမ်းဆီးသွား

by

in

တံတားဦးတွင် စစ်ကောင်စီတပ်က လူငယ် ၁၀၀ကျော် ဖမ်းဆီးသွား
ဇေအောင်/People’s Spring

မန္တလေးတိုင်း၊ တံတားဦးမြို့အဝင်တွင် အလုပ်သွားသည့် ကုမ္ပဏီဝန်ထမ်းများနှင့် နေ့စားအလုပ်သမားများအပါအဝင် စုစုပေါင်းလူငယ် ၁၀၀ကျော်အား စစ်ကောင်စီတပ်က ဖမ်းဆီးသွားကြောင်း ဒေသခံများက ပြောသည်။
ယနေ့ (သြဂုတ် ၁၆ရက်) နံနက်ပိုင်းက တံတားဦးမြို့အနောက်ဘက် မြို့သာမြို့အထွက်လမ်းပိုင်းတွင် မန္တလေးမြို့သို့ အလု​ပ်သွားလုပ်မည့် နေ့စားသမားများအား စစ်ကောင်စီတပ်က စောင့်ဆိုင်း၍ ဖမ်းဆီးသွားကြောင်း ဒေသခံများက ပြောသည်။
“သူငယ်တော်တို့ဘာတို့ ဘက်ကနေ အလုပ်သွားတဲ့လူတွေ။ ပန်းရံသွားလုပ်တဲ့လူတွေ။ သုံးဆယ်လေးဆယ်လောက်ရှိတယ်။ အကုန်ဆွဲတာ။ မန္တလေးကိုတက်မယ့်အဖွဲ့တွေ”ဟု တံတားဦးဒေသခံတစ်ဦးက ပြောသည်။
အလားတူ တချိန်တည်းမှာပင် ပလိပ်မြို့နှင့် တံတားဦးမြို့ကြား၊ တဘက်ဆွဲသားကျေးရွာအနီး တံတားဦးမြို့အဝင်လမ်းရှိ မာမားစက်ရုံမှ ဝန်ထမ်း အမျိုးသား၊အမျိုးသမီး ၇၀ခန့်အား စစ်ကောင်စီတပ်က လာရောက် ဖမ်း​ဆီးခေါ်ဆောင်သွားကြောင်း Voice Of Mandalay အဖွဲ့က အသိပေးသည်။
“ကန်တာတစ်စီးအပြည့် ပြည်သူတွေ ဖမ်းသွားတယ်။ ဘာကြောင့်ဖမ်းသွားမှန်း မသိရသေးဘူး။ ကားပေါ် စခတွေပါတယ် (၇)စီးရှိပါပြီ လူအပြည့်။ အများစု အလုပ်သမားတွေ မိန်းမတွေဆင်း ယောက်ျားတွေ အကုန်တက်ဆိုပြီး ခေါ်သွားတာ။”ဟု ဒေသခံတစ်ဦးက ပြောသည်။
ဖမ်းဆီးခံရသည့်လူငယ်များအား မည်သည့်နေရာခေါ်ဆောင်သွားသည်ကို စုံစမ်းနေဆဲဖြစ်သည်။
ယခင်ကတည်းက တံတားဦးမြို့နယ်အတွင်းရှိ ကျေးရွာအများအပြားမှလူငယ်များအား စစ်မှုထမ်းရန် ခေါ်ဆောင်ခြင်းခံထားရကြောင်း၊ ယခုအခါ စစ်မှုထမ်းရန် မဲပေါက်ထားသူများမှာ တိမ်းရှောင်မှုများရှိလာ၍ တွေ့ရာလူ ဖမ်းခေါ်နေခြင်းဖြစ်ကြောင်း ဒေသခံများက ပြောသည်။
တံတားဦးမြို့နယ်သည် တိုက်ပွဲများဖြစ်ပွားနေသည့် မြင်းခြံခရိုင်နှင့် နယ်မြေချင်းထိဆက်နေပြီး စစ်ကောင်စီတပ်၏ ဖိနှိပ်မှုများ ကြုံတွေ့နေရသည်။
(ပြည်သူ့စစ်မှုထမ်း အမှတ်စဥ် (၁)အတွက် ခေါ်ဆောင်ခံထားရသူများအား ၂၀၂၄ မတ်လ ၂၉ ရက် ကတွေ့ရစဥ်။ ဓာတ်ပုံ – Telegram/Pyi Thu Sitt)