ICJ တရားရုံးတွင် မြန်မာနိုင်ငံကို ရိုဟင်ဂျာလူမျိုးတုန်းသတ်ဖြတ်မှုဖြင့် တရားစွဲထားသော တရားလို ဂမ်ဘီယာနိုင်ငံဘက်မှ ဆလိုဗေးနီးယားနိုင်ငံ ပါဝင်လာပြီး ဂမ်ဘီယာနှင့်အတူ ရပ်တည်ပါဝင်လာသော နိုင်ငံပေါင်း ၈ ခုရှိလာ

by

in

ICJ တရားရုံးတွင် မြန်မာနိုင်ငံကို ရိုဟင်ဂျာလူမျိုးတုန်းသတ်ဖြတ်မှုဖြင့် တရားစွဲထားသော တရားလို ဂမ်ဘီယာနိုင်ငံဘက်မှ ဆလိုဗေးနီးယားနိုင်ငံ ပါဝင်လာပြီး ဂမ်ဘီယာနှင့်အတူ ရပ်တည်ပါဝင်လာသော နိုင်ငံပေါင်း ၈ ခုရှိလာ
ရန်ကုန်၊ ဒီဇင်ဘာ ၅

ကမ္ဘာ့ကုလသမဂ္ဂ၏ အပြည်ပြည်ဆိုင်ရာတရားရုံး ICJ တွင် မြန်မာနိုင်ငံကို ရိုဟင်ဂျာလူမျိုးတုန်းသတ်ဖြတ်မှုဖြင့် တရားစွဲထားသော တရားလို ဂမ်ဘီယာနိုင်ငံဘက်မှ ဆလိုဗေးနီးယားနိုင်ငံကပါ ပါဝင်ရန် လျှောက်ထားလာပြီး ဂမ်ဘီယာနှင့်အတူ ရပ်တည်သော နိုင်ငံပေါင်း ၈ နိုင်ငံရှိလာကြောင်း ICJ တရားရုံးက တရားဝင် သတင်းထုတ်ပြန်သည်။
နိုဝင်ဘာလ ၁၉ ရက်နေ့တွင် ဆလိုဗေးနီးယားနိုင်ငံက ဂမ်ဘီယာနှင့်မြန်မာ အမှုတွင် ဂမ်ဘီယာဘက်မှ ရပ်တည်ပါဝင်ရန် Article 63 အရ လျှောက်ထားလာကြောင်း၊ ယခင်ကလည်း ဂမ်ဘီယာဘက်မှ ပါဝင်နေသော နိုင်ငံပေါင်း ၇ ခုရှိရာ ဆလိုဗေးနီးယားနိုင်ငံပါ ပါဝင်လာသဖြင့် စုစုပေါင်း နိုင်ငံပေါင်း ၈ ခုက ဂမ်ဘီယာနိုင်ငံဘက်မှ ရပ်တည်ပါဝင်လာမည်ဖြစ်သည်။
တရားလို ဂမ်ဘီယာနိုင်ငံဘက်မှ ပါဝင်ခွင့်ပြုထားသော နိုင်ငံ ၇ ခုမှာ ကနေဒါ၊ ဒိန်းမတ်၊ ပြင်သစ်၊ ဂျာမနီ၊ နယ်သာလန်၊ ဗြိတိန်နှင့် မော်လ်ဒိုက်တို့ကို ပါဝင်ခွင့်ပြုခဲ့ပြီးဖြစ်ကြောင်း၊ မွတ်စလင်အများစုနေထိုင်သည့် အနောက်အာဖရိကနိုင်ငံဖြစ်သည့် ဂမ်ဘီယာက မြန်မာနိုင်ငံရှိ လူနည်းစုမွတ်စလင်အုပ်စုဖြစ်သည့် ရိုဟင်ဂျာများအပေါ် လူမျိုးတုံးသတ်ဖြတ်မှုကျူးလွန်သည်ဟု စွပ်စွဲကာ ICJ တွင် မြန်မာနိုင်ငံကို ၂၀၁၉ ခုနှစ်တွင် တရားစွဲဆိုခဲ့ကြောင်း သိရှိရသည်။
မြန်မာနိုင်ငံမှ ရိုဟင်ဂျာ ၇၃၀,၀၀၀ ဦးကို အိမ်နီးချင်း ဘင်္ဂလားဒေ့ရှ်နိုင်ငံသို့ မောင်းထုတ်ခဲ့သည့် ၂၀၁၇ ခုနှစ် စစ်ရေးလှုပ်ရှားမှုတွင် “လူမျိုးတုံးသတ်ဖြတ်မှု” ပါဝင်ကြောင်း ကုလသမဂ္ဂ အချက်အလက်ရှာဖွေရေးမစ်ရှင်က ကောက်ချက်ချခဲ့သည်။
မြန်မာနိုင်ငံသည် လူမျိုးတုံးသတ်ဖြတ်မှုကို ငြင်းဆိုထားပြီး ကုလသမဂ္ဂ၏ တွေ့ရှိချက်များကို “ဘက်လိုက်မှုနှင့် ချို့ယွင်းချက်” အဖြစ် ငြင်းဆိုထားပြီး စစ်တပ်က ၎င်း၏ ဖြိုခွင်းမှုမှာ ရိုဟင်ဂျာ သူပုန်များကို တိုက်ခိုက်ရန် ရည်ရွယ်သည်ဟု ထုတ်ပြန်ပြောဆိုထားသည်။
၂၀၂၂ ခုနှစ် ဇူလိုင်လတွင် လူမျိုးတုံးသတ်ဖြတ်မှုဆိုင်ရာ တရားစွဲမှုအပေါ် မြန်မာ၏ကန့်ကွက်ချက်ကို ကမ္ဘာ့တရားရုံးက ပယ်ချခဲ့ပြီး အမှုကို ဆက်လက်ကြားနာစစ်ဆေးနေဆဲဖြစ်သည်။
လွန်ခဲ့သော နိုဝင်ဘာလအတွင်း ICC နိုင်ငံတကာရာဇဝတ်တရားရုံး ကလည်း ရိုဟင်ဂျာများအပေါ် လူသားမျိုးနွယ်အပေါ် ကျူးလွန်သော ရာဇဝတ်မှုများ လုပ်ဆောင်ခဲ့မှုဖြင့် မြန်မာစစ်ခေါင်းဆောင် မင်းအောင်လှိုင်ကို ဖမ်း၀ရမ်းထုတ်ရန် တရားဝင် လျှောက်ထားခဲ့ရာ မကြာမီ မင်းအောင်လှိုင်ကို ဖမ်းမိန့်၀ရမ်းထွက်ရှိလာတော့မည်ဖြစ်ကြောင်း ရိုဟင်ဂျာအရေး တက်ကြွလှုပ်ရှားသူ ရိုနေဆန်းလွင်က ရန်ကုန်ခေတ်သစ် သတင်းဌာနထံသို့ ထုတ်ဖော်ပြောဆိုခဲ့သည်။
ဓာတ်ပုံ- ရိုဟင်ဂျာ လူမျိုးတုန်းသတ်ဖြတ်မှု ကျူးလွန်ခဲ့သော အကြမ်းဖက် မင်းအောင်လှိုင်။