ဖာပွန်တွင် စစ်ကောင်စီတပ်၏ တောင်သုံးလုံးစခန်းနှင့် ဆင်စွယ်တပ်စခန်းတို့ကို KNLA ဦးဆောင်သော တပ်များက သိမ်းပိုက်၊ လက်နက် ၄၀ ကျော်နှင့် စစ်သုံ့ပန်း ၃၆ ဦး ဖမ်းဆီးရရှိ
ရန်ကုန်၊ ဒီဇင်ဘာ ၅
ကရင်ပြည်နယ်၊ KNU တပ်မဟာ ၅ နယ်မြေ၊ ဖာပွန်ခရိုင်တွင် စစ်ကောင်စီတပ်၏ တောင်သုံးလုံးစခန်း၊ ဆင်စွယ်တပ်စခန်းတို့ကို သိမ်းပိုက်ရရှိပြီး လက်နက် ၄၀ ကျော် ခဲယမ်းများနှင့်အတူ စစ်သုံ့ပန်း ၃၆ ဦးကိုပါ ဖမ်းဆီးရရှိကြောင်း KNLA ရှေ့တန်းသတင်းရင်းမြစ်တချို့ထံမှ သိရှိရသည်။
ဒီဇင်ဘာလ ၃ ရက်နေ့တွင် ဖာပွန်ခရိုင်၊ စစ်ကောင်စီ၏ ဆင်စွယ်တပ်စခန်းကိုလည်းကောင်း၊ ဒီဇင်ဘာလ ၄ ရက်နေ့တွင် တောင်သုံးလုံး တပ်စခန်းကိုလည်းကောင်း အသီးသီး သိမ်းပိုက်ရရှိကြောင်း၊ လက်နက် ၄၀ ကျော် ခဲယမ်းများနှင့်အတူ သိမ်းဆည်းရရှိကြောင်း၊ စစ်သုံ့ပန်း ၃၅ ဦးကိုလည်း ဖမ်းဆီးရရှိထားကြောင်း သိရှိရသည်။
“သက်ဆိုင်ရာက တရားဝင်ထုတ်ပြန်ပါလိမ့်မယ်။ တော်လှန်ရေးဘက်က အထိအခိုက် အနည်းအကျဉ်းတော့ရှိတယ်။ မထောစခန်းကနေ ထွက်ပြေးလာတဲ့ စစ်သားတွေကိုလည်း ဖမ်းဆီးရရှိတယ်” ဟု တော်လှန်ရေး ရှေ့တန်းသတင်းရင်းမြစ်က ဆိုသည်။
KNLA က သိမ်းပိုက်လိုက်သော စစ်ကောင်စီတပ်စခန်း ၂ ခုသည် အင်အားများသော တပ်စခန်းများဖြစ်ပြီး ဗျူဟာအရ အရေးပါသော တပ်စခန်းများဖြစ်ကြောင်း၊ လမ်းပန်းဆက်သွယ်ရေးကို ထိန်းချုပ်နေသော စခန်းများဖြစ်ကြောင်း သိရှိရသည်။
KNLA က ဖာပွန်မြို့နယ်အတွင်း ဖာပွန်-ကမမောင်းလမ်းအနီးဝန်းကျင်ရှိ ကူးဆိပ်၊ ခေါပုတ်၊ မထောစခန်း အပါအဝင် စခန်းများကို တောက်လျှောက်သိမ်းပိုက်လျက်ရှိကြောင်း သိရှိရသည်။