မင်းတပ်နှင့် ဖလမ်း မြို့သိမ်း တိုက်ပွဲများအတွင်း စစ်စခန်း တချို့ကို သိမ်းပိုက်နိုင်ခဲ့ပြီး စစ်တပ်က လေယာဉ်ဖြင့် အပြင်းအထန် ခုခံနေ၍ တိုက်ပွဲများ ဆက်လက် ပြင်းထန်နေ

by

in

မင်းတပ်နှင့် ဖလမ်း မြို့သိမ်း တိုက်ပွဲများအတွင်း စစ်စခန်း တချို့ကို သိမ်းပိုက်နိုင်ခဲ့ပြီး စစ်တပ်က လေယာဉ်ဖြင့် အပြင်းအထန် ခုခံနေ၍ တိုက်ပွဲများ ဆက်လက် ပြင်းထန်နေ
ရန်ကုန်၊ ဒီဇင်ဘာ ၃
ချင်းပြည်နယ်၊ မင်းတပ်နှင့် ဖလမ်း မြို့သိမ်း တိုက်ပွဲများအတွင်း အကြမ်းဖက် စစ်စခန်း တချို့ကို သိမ်းပိုက်နိုင်ခဲ့ပြီး စစ်တပ်က လေယာဉ်ဖြင့် အပြင်းအထန် ခုခံနေ၍ တိုက်ပွဲများ ဆက်လက် ပြင်းထန်နေကြောင်း ချင်းညီနောင် တပ်ဖွဲ့မှ ပြောရေးဆိုခွင့်ရှိသူ တစ်ဦးက ရန်ကုန် ခေတ်သစ် သတင်းဌာနထံသို့ ပြောဆိုသည်။
နိုဝင်ဘာလ ၉ ရက်နေ့မှစ၍ ချင်းပြည်နယ်တောင်ပိုင်း၊ မင်းတပ်မြို့နှင့် ချင်းပြည်နယ် မြောက်ပိုင်းရှိ ဖလမ်းမြို့ တို့ကို ချင်းညီနောင်တပ်ဖွဲ့က ထိုးစစ်ဆင်တိုက်ခိုက်လျက်ရှိကာ အကြမ်းဖက် စစ်တပ်၏ တပ်စခန်းတချို့ကို သိမ်းပိုက်ထားနိုင်သော်လည်း အကြမ်းဖက် စစ်တပ်က လေကြောင်း ပစ်ကူများဖြင့် အပြင်းအထန် ခုခံနေသောကြောင့် တိုက်ပွဲများ လက်ရှိချိန်ထိ ဆက်လက် ပြင်းထန်နေဆဲဖြစ်ကြောင်း သိရသည်။
“လက်ရှိချိန်ထိ စစ်ရေး ဖော်ဆောင်နေဆဲပါ။ တိုက်ပွဲက ပြင်းထန်ဆဲမို့ တရားဝင်သတင်းထုတ်ပြန်ဖို့ အစီအစဉ်မရှိသေးပါဘူး” ဟု ချင်းညီနောင်တပ်ဖွဲ့ပြောရေးဆိုခွင့်ရှိသူ တစ်ဦးက ပြောဆိုသည်။
တိုက်ပွဲအတွင်း အကြမ်းဖက် စစ်တပ်ဘက်မှ ထိခိုက် သေဆုံးမှုများပြားပြီး အရှင်ဖမ်းဆီး ရမိသူများလည်းရှိကာ လက်နက်ခဲယမ်းများလည်း သိမ်းဆည်းရရှိထားကြောင်း၊ ထို့ပြင် အကြမ်းဖက် စစ်တပ်က လေကြောင်းဖြင့် တိုက်ခိုက်မှုကြောင့် ပြည်သူများ ထိခိုက်သေဆုံးမှုရှိပြီး အဆောက်အအုံများလည်း ပျက်စီးမှုရှိကာ မြို့ပေါ်နေပြည် သူများ လည်း စစ်ဘေး တိမ်းရှောင်နေရကြောင်း သိရသည်။
အဆိုပါ မြို့သိမ်းတိုက်ပွဲကို ချင်းညီနောင်အဖွဲ့ဝင်များဖြစ်သည့် ချင်းအမျိုးသားကာကွယ် ရေးတပ် (CNO/CNDF) ၊ CDF မင်းတပ်၊ CDF ကန်ပက်လက်၊ PDF ဇိုလဲန်း၊ CDF မတူပီ တပ်မဟာ ၁ ၊ MDF မာရာကာကွယ်ရေးတပ်တို့အပြင် ဗမာအမျိုးသားတော်လှန်ရေးတပ်မတော် (BNRA) ၊ GZA တပ်ဖွဲ့တို့လည်း ပါဝင်တိုက်ခိုက်နေကြောင်း သိရှိရသည်။