စစ်တက္ကသိုလ်ကျောင်းဆင်းပွဲကို စစ်ခေါင်းဆောင် လျှို့ဝှက်လာမည်ဖြစ်၍ ကစထမှူးနှင့်တိုင်းမှူးတို့ကပါ လုံခြုံရေးယူပေးထားရ

by

in

စစ်တက္ကသိုလ်ကျောင်းဆင်းပွဲကို စစ်ခေါင်းဆောင် လျှို့ဝှက်လာမည်ဖြစ်၍ ကစထမှူးနှင့်တိုင်းမှူးတို့ကပါ လုံခြုံရေးယူပေးထားရ
ဧရာဝတီတိုင်းမ်
ဒီဇင်ဘာ ၃ ရက်

မန္တလေးတိုင်း၊ ပြင်ဦးလွင်မြို့ရှိ စစ်ကောင်စီ၏ စစ်တက္ကသိုလ်ဗိုလ်လောင်းကျောင်းဆင်းပွဲကို စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင် လျှို့ဝှက်လာရောက်မည်ဖြစ်ကြောင်း သိရသည်။
ယခုဒီဇင်ဘာ ပထမပတ်အတွင်းကျင်းပမည့် ဗိုလ်လောင်း‌ဆင်းပွဲကို ဒီဇင်ဘာ ၄ ရက်နေ့တွင် စစ်တက္ကသိုလ် (DSA) သင်တန်းဆင်းမည်ဖြစ်ပြီး ဒီဇင်ဘာ ၆ ရက်နေ့တွင် တပ်မတော်နည်းပညာ တက္ကသိုလ် (DSTA) သင်တန်းဆင်းမည်ဖြစ်ကြောင်း ကနဦးသိရသော်လည်း စစ်ခေါင်းဆောင် လာရောက်မည့် ရက်ကို အတိအကျညွှန်ကြားထားခြင်းမရှိဘဲ ရက်လွှဲကာ လျှို့ ဝှက်ထားသည်။
“၁၀ ရက်နေ့လာမယ်လို့တော့သိထားတယ်။ မြို့ထဲမှာတော့ လှည့်ကင်းတွေ တင့်ကားတွေ‌နဲ့ အင်အားပြ နေတယ်။ ရက်အတိအကျသေချာမသိဘူး”ဟု ပြင်ဦးလွင်မြို့ခံ အမျိုးသမီးတစ်ဦးက ဧရာဝတီတိုင်းမ်ကို ပြောသည်။
ထို့ပြင် ၎င်း၏လုံခြုံရေးကို စစ်ဆင်ရေးအထူးဖွဲ့မှူး(ကစထမှူး)နှင့် မန္တလေးတိုင်းမှူးတို့ကပါ လုံခြုံရေး တာဝန်ယူပေးထားရကြောင်း တပ်တွင်း သတင်းရင်းမြစ်ထံက သိရသည်။
ပြင်ဦးလွင်တပ်နယ်ကို စစ်ခေါင်း‌ဆောင်လာမည့်အတွက် နိုဝင်ဘာ ၃၀ ရက်နေ့ကတည်းကပင် မန္တလေးတိုင်းမှူးနှင့် အရာရှိများပါ ကြိုတင်ရောက်ရှိနေကာ လုံခြုံရေးယူလှည့်ပတ်ကြည့်ရှုမှုများ ပြုလုပ်လျက်ရှိကြောင်း သိရသည်။
လက်ရှိတွင် ပြင်ဦးလွင်မြို့တွင် ရေဒီယိုလှိုင်းနှောက်စက် Jammer များတပ်ဆင် စမ်းသပ်နေမှုကြောင့် ဖုန်းလိုင်းနှင့် အင်တာနက်လိုင်းများပေါ်လိုက်၊ ပျောက်လိုက်ဖြစ်နေကြောင်း ဒေသခံများထံက သိရသည်။
#မန္တလေး #ပြင်ဦးလွင် #စစ်တက္ကသိုလ် #ဗိုလ်လောင်းကျောင်းဆင်းပွဲ #စစ်ခေါင်းဆောင် #လျှို့ဝှက် #လာရောက်မည် #Ayeyarwaddy_Times