မင်္ဂလာဒုံ၊ အမှတ် ၃ လမ်းပေါ်တွင် စစ်တပ်နှင့်ရဲများက ကားများကို ဆဲဆို ဖမ်းဆီးပြီး ငွေကြေး ခြိမ်းခြောက်တောင်း

by

in

မင်္ဂလာဒုံ၊ အမှတ် ၃ လမ်းပေါ်တွင် စစ်တပ်နှင့်ရဲများက ကားများကို ဆဲဆို ဖမ်းဆီးပြီး ငွေကြေး ခြိမ်းခြောက်တောင်း
ရန်ကုန်၊ ဩဂုတ် ၁၆

ရန်ကုန်မြို့၊ မင်္ဂလာဒုံမြို့နယ်၊ အမှတ် ၃ လမ်းပေါ်တွင် အကြမ်းဖက် စစ်တပ်နှင့်ရဲများက ကားများကို ဆဲဆို ဖမ်းဆီးပြီး ငွေကြေး အတင်းအဓမ္မ ခြိမ်းခြောက်ကောက်ခံနေကြောင်း ဒေသပြည်သူများက ရန်ကုန်ခေတ်သစ် မီဒီယာသို့ ပြောဆိုသည်။
အကြမ်းဖက် စစ်ကောင်စီတပ်သားများနှင့်ရဲများက အမှတ် ၃ လမ်းပေါ်တွင် နေ့စဉ် နံနက် ၆ နာရီမှ ၁၀ နာရီ အထိနှင့် ညနေ ၄ နာရီမှ ၇ နာရီ အထိ ဖြတ်သန်းသွားလာသည့် ကားများကို အကြောင်းမဲ့ ဆဲဆိုဖမ်းဆီးပြီး ငွေကြေး အတင်းအဓမ္မ ကောက်ခံနေခြင်းဖြစ်ကြောင်း သိရသည်။
အဆိုပါ အကြမ်းဖက် စစ်ကောင်စီ တပ်သားများသည် ကား အသေးများကို ငွေကျပ် ၅၀၀၀ နှင့် ကားအကြီးများကို ငွေကျပ် ၁၅၀၀၀ အတင်းအမဓ္ဓ ကောက်ခံနေခြင်းဖြစ်ပြီး ဖြတ်သန်းသွားလာသော ကားတိုင်းပေးဆောင်နေရခြင်းဖြစ်ကြောင်း သိရှိရသည်။
“အမှတ် ၃ လမ်းပေါ်မှာ ယာဥ်ထိန်း၊ စစ်ခွေးနဲ့ ပျူခွေးတွေက အတော်လေး ဒုက္ခပေးနေပါတယ်။ တာမီနယ်ဆီဆိုင်ရှေ့ ၊ ရွှေမိုး KTV ရှေ့တွေမှာ တစ်အားကို သောင်းကျန်းနေတာ KTV ထဲ ဘီယာ ဝင်သောက်လိုက် ထွက်လာပြီး တွေ့သမျှ ကားအကုန်တား ပြဿနာရှာပြီး ပိုက်ဆံတွေ တစ်အားတောင်းတယ်။ ကားလေးဆို ၅၀၀၀ ပေးရတယ်။ ကားကြီးရင် ၁၅၀၀၀ တောင်းတယ်။ တော်တော်ဆိုးတဲ့အဖွဲ့ပါ အရင်ပြောင်းသွားတဲ့ အဖွဲ့က ၅၀၀၀ တောင်းရင် ၃၀၀၀ တောင်းပန်ပြီး ပေးရင်ရသေးတယ်။ အခုရောက်လာတဲ့ အဖွဲ့က လူငယ်ပိုင်းတွေ ပျူစောထီးတွေပါ ပါလာတယ်။ ဆဲဆိုတာတွေပါ လုပ်တယ်။ ယာဥ်ထိန်းတွေရော စစ်ခွေးတွေရော တော်တော်မိုက်ရိုင်းပါတယ်” ဟု ဒေသပြည်သူ တစ်ဦးက ပြောဆိုသည်။
အကြမ်းဖက်စစ်ကောင်စီက ရန်ကုန်မြို့တွင် လုံခြုံရေးအကြောင်းပြ၍ ငွေကြေးခြိမ်းခြောက်တောင်းခံမှုများ၊ ပြည်သူများအပေါ် အနိုင်ကျင့် ဖိနှိပ်မှုများ၊ ဧည့်စာရင်းစစ်ဖမ်းဆီးမှုများ၊ ပေါ်တာဆွဲမှုများကို ဆက်တိုက်ဆိုသလို တိုးမြှင့်လုပ်ဆောင်လာကြောင်း သိရှိရသည်။