မြန်မာတစ်နိုင်ငံလုံးတွင် စက်သုံးဆီစျေးနှုန်းများ မြင့်တက်သွားပြီး ဆီလိုသလောက် ဝယ်ယူမရသေးဘဲ ကြိတ်ကြိတ်တိုးတန်းစီ ဝယ်ယူနေရဆဲ

by

in

မြန်မာတစ်နိုင်ငံလုံးတွင် စက်သုံးဆီစျေးနှုန်းများ မြင့်တက်သွားပြီး ဆီလိုသလောက် ဝယ်ယူမရသေးဘဲ ကြိတ်ကြိတ်တိုးတန်းစီ ဝယ်ယူနေရဆဲ
■ ဓာတ်ဆီနှင့် ဒီဇယ် တစ်လီတာလျှင် ငွေကျပ် အနည်းဆုံး ၁၅၀ ကျပ်ကျော် မြင့်တက်
ရန်ကုန်၊ ဩဂုတ် ၁၆

မြန်မာတစ်နိုင်ငံလုံးတွင် ယနေ့ စက်သုံးဆီစျေးနှုန်းများ မြင့်တက်သွားပြီး ဆီလိုသလောက် ဝယ်ယူမရသေးဘဲ ကြိတ်ကြိတ်တိုးတန်းစီ ဝယ်ယူနေရဆဲဖြစ်ကြောင်း ရန်ကုန်မှ ကားသမားများက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုကြသည်။
ယနေ့ ဩဂုတ်လ ၁၆ ရက်နေ့ နံနက်ပိုင်း စက်သုံးဆီများ ရရှိရေးအတွက် ယမန်နေ့ ဩဂုတ်လ ၁၅ ရက်နေ့ ညကတည်းက ကားများ တန်းစီနေခဲ့ရကြောင်း၊ ယနေ့ နံနက် ၆ နာရီမှစတင်၍ စက်သုံးဆီဆိုင်များက ဆီများစတင်ပေးဝေနေသော်လည်း လိုသလောက်မရဘဲ ကားတစ်စီးလျှင် အနည်းဆုံး ၃ သောင်း မှ ၅ သောင်းအကြားသာ ကန့်သတ်ရောင်းချနေကြောင်း၊ သို့ရာတွင် ဆီစျေးနှုန်းများမှာ မူ မြင့်တက်သွားကြောင်း သိရှိရသည်။
” ဓာတ်ဆီ 92 တစ်လီတာကို ၁၅၀ ကျပ် စျေးတက်သွားတယ်။ 95 တစ်လီတာကို ၁၅၅ ကျပ် တက်တယ်။ ဒီဇယ်က ရိုးရိုးက တစ်လီတာကို ၁၁၀ စျေးတက်တယ်။ ဒီဇယ်အသန့်ကတော့ တစ်လီတာကို တစ်လီတာ ၁၇၀ စျေးတက်သွားတယ်။ အခု ဆီဆိုင်မှာ ကားတစ်စီးကို ရောင်းပေးတာ ၅ သောင်းဖိုးပဲ ဆီရောင်းပေးတယ်။ လိုသလောက်မရဘူး။ စျေးတက်တယ်။ လိုသလောက် မရဘူးဖြစ်နေတယ်။ ဆီဆိုင်တွေကတော့ ဒီရက်ပိုင်းလောက်မှာ ပြန်အဆင်ပြေသွားမယ်ပြောတာပဲ” ဟု ရန်ကုန်မှ ကားသမားတစ်ဦးက ပြောဆိုသည်။
ယနေ့ စက်သုံးဆီစျေးနှုန်းများမှာ 95 ဓာတ်ဆီ တစ်လီတာလျှင် ၃၀၄၅ ကျပ် ရှိပြီး 92 ဓာတ်ဆီတစ်လီတာ ၂၉၀၀ ကျပ်ရှိကြောင်း၊ ဒီဇယ် ရိုးရိုး တစ်လီတာလျှင် ၂၅၆၀ ကျပ်၊ ဒီဇယ် အသန့် တစ်လီတာလျှင် ၃၁၁၅ ကျပ်ရှိကြောင်း သိရှိရသည်။
အကြမ်းဖက်စစ်ကောင်စီကမူ စက်သုံးဆီ သင်္ဘောများ ရန်ကုန်ဆိပ်ကမ်းတွင် ဆိုက်ကပ်နေပြီး စက်သုံးဆီ အဆင်ပြေသွားမည်ဖြစ်ကြောင်း၊ ဗဟိုဘဏ်ကလည်း အမေရိကန်ဒေါ်လာ သန်း ၁၀၀ ဆီလုပ်ငန်းရှင်များထံသို့ ပံ့ပိုးရောင်းချပေးမည်ဖြစ်ကြောင်း သတင်းထုတ်ပြန်ခဲ့သည်။