စစ်ကောင်စီပြောခွင့်ရ ဇော်မင်းထွန်း ပြောဆိုသကဲ့သို့ ရွပ်ရွပ်ချွံချွံ အစွမ်းကုန် ခုခံခဲ့ခြင်းမရှိဘဲ အရှေ့မြောက်တိုင်းစစ်ဌာနချုပ် တိုင်းမှူး ဗိုလ်ချုပ်စိုးတင့်မှာ လက်နက်ချ MNDAA ထံတွင် အေးဆေးစွာ အညံ့ခံ (ရုပ်/သံ)

by

in

စစ်ကောင်စီပြောခွင့်ရ ဇော်မင်းထွန်း ပြောဆိုသကဲ့သို့ ရွပ်ရွပ်ချွံချွံ အစွမ်းကုန် ခုခံခဲ့ခြင်းမရှိဘဲ အရှေ့မြောက်တိုင်းစစ်ဌာနချုပ် တိုင်းမှူး ဗိုလ်ချုပ်စိုးတင့်မှာ လက်နက်ချ MNDAA ထံတွင် အေးဆေးစွာ အညံ့ခံ (ရုပ်/သံ)
■ လက်နက်ချ အညံ့ခံချိန်တွင် ဗိုလ်ချုပ်စိုးတင့်မှာ အင်္ကျီအဖြူ ဝတ်ဆင်ထားခဲ့
ရန်ကုန်၊ ဩဂုတ် ၁၆

ရှမ်းပြည်နယ်မြောက်ပိုင်း၊ လားရှိုးအခြေစိုက် အရှေ့မြောက်တိုင်းစစ်ဌာနချုပ် ကျဆုံးခဲ့ရာတွင် ရမခ တိုင်းမှူး ဗိုလ်ချုပ်စိုးတင့် အရာရှိကြီးများသည် ရွပ်ရွပ်ချွံချွံ အစွမ်းကုန် ခုခံခဲ့ကြောင်း စစ်ကောင်စီပြောခွင့်ရ အကြမ်းဖက် ဇော်မင်းထွန်းက ပြောဆိုခဲ့သော်လည်း လက်တွေ့တွင် ထိုသို့မဟုတ်ဘဲ ဗိုလ်ချုပ်စိုးတင့်မှာ လက်နက်ချပြီး အေးဆေးစွာဖြင့် MNDAA ထံတွင် အဖမ်းခံခဲ့ခြင်းဖြစ်ကြောင်း သိရှိရသည်။
ဇူလိုင်လ ၃ ရက်နေ့မှစတင်ပြီး MNDAA ဦးဆောင်သော ပူးပေါင်းတပ်ဖွဲ့များက လားရှိုး ကိုစတင်တိုက်ခိုက်ခဲ့ပြီး ဩဂုတ်လ ၂ ရက်နေ့ အရှေ့မြောက်တိုင်း စစ်ဌာနချုပ် အနီးရှိ တပ်မတော်စစ်ဆေးရုံကို MNDAA တပ်များက တိုက် ခိုက် ခဲ့ကြောင်း၊ ဩဂုတ်လ ၃ ရက်နေ့ မွန်းတည့်ချိန်တွင် အရှေ့မြောက်တိုင်းစစ်ဌာနချုပ်ကို လုံး၀ အပြီးသတ် တိုက်ခိုက်သိမ်းပိုက်ခဲ့ခြင်းဖြစ်ကြောင်း သိရှိရသည်။
MNDAA တပ်များက ရိုက်ကူးထားသော ဗီဒီယိုတွင် ရမခ တိုင်းမှူး ဗိုလ်ချုပ် စိုးတင့်သည် အင်္ကျီအဖြူ ဝတ်ဆင်လျက် လက်နက် တစ်စုံတစ်ရာ ကိုင်ဆောင်ခြင်းမရှိဘဲ စစ်သားများနှင့်အတူ အေးဆေးစွာဖြင့် လက်နက်ချ အညံ့ခံခဲ့ခြင်းဖြစ်ကြောင်း သိရှိရသည်။ လက်ရှိတွင် အရှေ့မြောက်တိုင်းစစ်ဌာနချုပ် တိုင်းမှူးဟောင်း ဗိုလ်ချုပ် စိုးတင့်၊ တိုင်းစစ်ဦးစီးချုပ် ဗိုလ်မှူးချုပ် သန့်ထင်စိုး၊ အမှတ် ၁ စကခမှူး ဗိုလ်မှူးချုပ် မျိုးမင်းထွေးတို့ကို MNDAA က အရှင်ဖမ်းဆီးရရှိထားပြီး ၎င်းတို့၏ ဓာတ်ပုံများလည်း ထွက်ရှိလာ၍ ရန်ကုန်ခေတ်သစ်သတင်းဌာနက သတင်းထုတ်ပြန်ခဲ့ပြီးဖြစ်သည်။
အကြမ်းဖက် ဇော်မင်းထွန်းကမူ အရှေ့မြောက်တိုင်းစစ်ဌာနချုပ်မှ တိုင်းမှူး အပါအဝင် စစ်အရာရှိကြီးများသည် ရန်သူကို အစွမ်းကုန်ခုခံခဲ့သည်ဟု ထုတ်ဖော်ပြောဆိုခဲ့သော်လည်း လက်တွေ့တွင်မူ ထိုသို့မဟုတ်ကြောင်း ပေါ်လွင်လာခြင်းလည်းဖြစ်သည်။
“အရှေ့မြောက်တိုင်းစစ်ဌာနချုပ် ကွပ်ကဲမှုအောက် တပ်ရင်းတပ်ဖွဲ့များအနေနဲ့ ရန်သူကို အစွမ်းကုန် ခုခံခဲ့ပါတယ်။ ရွပ်ရွပ်ချွံချွံ အစွမ်းကုန် တိုက်ပွဲဝင်ခဲ့ကြပါတယ်။ တိုင်းစစ်ဌာနချုပ်ရဲ့ တပ်ရင်း တပ်ဖွဲ့ ဌာနချုပ်တွေမှာ မိသားစုဝင် အမျိုး သမီး များ၊ ကလေးငယ်များ ၊ အရပ်သားများပါ ရှိနေတာဖြစ်လို့ ပစ်ခတ်တိုက် ခိုက်မှုနဲ့ပတ်သက်ပြီး ထိန်းသိမ်းဆောင်ရွက်ခဲ့ရတာရှိပါတယ်။ တချို့သော ရဲမေများဟာ စစ်သည်များနဲ့ တန်းတူ မဆုတ်တမ်း တိုက်ပွဲဝင်ခဲ့ပါတယ်။ ရဲမေများ မှီခိုသူ မိသားစုဝင်များလည်း သေဆုံးခဲ့ရပါတယ်။ အရှေ့မြောက်တိုင်းစစ် ဌာနချုပ်မှအရာရှိကြီးများဟာ တိုက်ပွဲကို အနီးကပ် ကွပ်ကဲပြီး ကိုယ်တိုင် တိုက် ပွဲဝင်ခဲ့ကြပါတယ်။ အရှေ့မြောက်တိုင်းစစ်ဌာနချုပ်မှ အရာရှိကြီးများနှင့် ဩဂုတ် လ ၃ ရက်နေ့ ညနေပိုင်း ၆ နာရီခွဲအချိန်အထိ ဆက်သွယ်မှု ရရှိခဲ့ပြီး ယခုအချိန်အထိ ဆက်သွယ်မှု ပြတ်တောက်ခဲ့ပါတယ်။ အတည်ပြုဆဲ သတင်းများအရ အရာရှိကြီးတချို့ကို ဖမ်းဆီးထားကြောင်း သိရှိရပါတယ်” ဟု အကြမ်း ဖက် ဇော်မင်းထွန်းက ပြောဆိုသည်။
MNDAA က ဇူလိုင်လ ၂၅ ရက်နေ့တွင် လားရှိုးမြို့နယ်တစ်ခုလုံးကို သိမ်းပိုက်ရရှိပြီဟု ကြေညာခဲ့ပြီး ဩဂုတ်လ ၃ ရက်နေ့ မွန်းလွဲပိုင်းတွင် အရှေ့မြောက်တိုင်းစစ်ဌာနချုပ်နယ်မြေနှင့် ပင်မရုံးချုပ်ကို သိမ်းပိုက်ရရှိခဲ့ကြောင်း၊ လက်ရှိတွင် ဖမ်းဆီးရရှိသော လက်နက်ချ စစ်သည်နှင့် တပ်မိသားစုဝင် ၂၆၆၁ ဦးကို ပြန်လည်လွှတ်ပေးခဲ့ပြီးဖြစ်ကြောင်း သိရှိရသည်။