“စစ်အာဏာရှင်တို့မည်သည် အရှင်ထွက် မထွက်သဖြင့်” သတင်းအတုအယောင်များတွင် လိုက်ပါ စီးမျောမသွားမိစေရေး ဂရုပြုကြရန် NUG ဝန်ကြီးချုပ် သတိပေး

by

in

“စစ်အာဏာရှင်တို့မည်သည် အရှင်ထွက် မထွက်သဖြင့်” သတင်းအတုအယောင်များတွင် လိုက်ပါ စီးမျောမသွားမိစေရေး ဂရုပြုကြရန် NUG ဝန်ကြီးချုပ် သတိပေး
ရန်ကုန်၊ ဩဂုတ် ၁၅
“စစ်အာဏာရှင်တို့မည်သည် အရှင်ထွက် မထွက်သဖြင့်” သတင်းအတုအယောင်များတွင် လိုက်ပါ စီးမျောမသွားမိစေရေး ဂရုပြုကြရန် အမျိုးသားညီညွတ်ရေးအစိုးရ-NUG ဝန်ကြီးချုပ် မန်းဝင်းခိုင်သန်းက သတိပေးလိုက်သည်။
ယနေ့ ပြုလုပ်သည့် ကြားကာလဒေသန္တရ ပြည်သူ့အုပ်ချုပ်ရေးဖော်ဆောင်မှု ဗဟိုကော်မတီ အစည်းအဝေး အမှတ်စဉ် ၃၀/၂၀၂၄တွင် ၎င်းက အထက်ပါအတိုင်း ပြောဆိုလိုက်ခြင်းဖြစ်သည်။
“အကြမ်းဖက်စစ်အာဏာရှင်ဆိုတာ ဘယ်တော့မှ အရှင်ထွက် မထွက်တာဖြစ်လို့ သူတို့ဘက်က ထုတ် လွှင့်တဲ့ သတင်းအတုအယောင်တွေမှာ လိုက်ပါ စီးမျောမသွားမိစေဖို့ ဂရုပြုဆောင်ရွက်ကြပါ” ဟု NUG ဝန်ကြီးချုပ်က ပြောဆိုသည်။
ထို့ပြင် တော်လှန်ရေးစစ်အတွင်း စစ်တိုက်ကြသည့်အဖွဲ့များအတွက် လက်နက်ခဲယမ်းများနှင့် ရိက္ခာများ ရရှိရေး ၊ စစ်ဘေးရှောင် ပြည်သူများအတွက် စားနပ်ရိက္ခာနှင့် ဆေးဝါးများ ရရှိရေး ဦးစားပေးရမည်ဖြစ်ကြောင်း၊ တော်လှန်ရေးအဖွဲ့အချင်းချင်းအကြား သွေးကွဲမှုများ မရှိစေရေးအတွက်လည်း သတိပြုရမည်ဖြစ်ကြောင်း ဝန်ကြီးချုပ်က ပြောဆိုသွားသည်။
“တော်လှန်စစ်ကာလမှာ စစ်တိုက်ကြတဲ့ အဖွဲ့တွေအတွက် လက်နက်၊ ခဲယမ်း၊ မီးကျောက်နဲ့ ရိက္ခာတွေက အရေးအကြီးဆုံးဖြစ်သလို၊ စစ်ရှောင်ကြတဲ့ ပြည်သူတွေအတွက်လည်း စားနပ်ရိက္ခာနဲ့ ဆေးဝါးတွေကလည်း ဦးစားပေးအဆင့်မှာရှိရမှာဖြစ်ပါကြောင်း။ နယ်မြေထိန်းသိမ်းနိုင်မှု လုပ်ငန်းတွေအတွက်ဆိုရင်လည်း လုံခြုံရေးနဲ့ တရားဥပဒေစိုးမိုးရေးက အခရာကျတာ ကြောင့် ဒီကဏ္ဍတွေမှာ တာဝန်ယူကြမယ့် ဝန်ထမ်းအရင်းအမြစ်တွေကို ကြိုတင်လေ့ကျင့် သင်ကြား ပေးကြဖို့နဲ့ လိုအပ်တဲ့ မူဝါဒ၊ လုပ်ထုံးလုပ်နည်းနဲ့ ညွှန်ကြားချက်တွေကလည်း ရှိနေရမှာဖြစ်ပါကြောင်း။ တဆက်တည်း သိမ်းပြီးတဲ့မြို့နယ်တွေမှာ ပြည်သူပိုင်ပစ္စည်းတွေကို ထိန်းသိမ်းနိုင်ဖို့ ရုံးပိုင်းဆိုင်ရာ အရေးကြီးပစ္စည်းတွေ ထိန်းသိမ်းနိုင်ဖို့ အတွက်လည်း ဝန်ကြီးဌာနအလိုက် လိုအပ်တဲ့ညွှန်ကြားချက်တွေ စီမံပေးကြဖို့လည်း လိုအပ်မှာ ဖြစ်ပါကြောင်း။ အကြမ်းဖက်စစ်အုပ်စုအနေနဲ့ ကျဆုံးချိန်လည်း တဖြေးဖြေးနီးကပ်လာတာ နဲ့အမျှ ကျွန်တော်တို့ရဲ့ ပြည်သူနဲ့ တော်လှန်ရေးအပေါ် သွေးကွဲစေဖို့၊ နှောင့်နှေးစေဖို့ သပ်လျှို လုပ်ဆောင်နေမှုများကိုလည်း တော်လှန်ရေးအသိ၊ သတိတွေနဲ့ ဝိုင်းဝန်းကာကွယ်ကြဖို့နဲ့ မူလရည်မှန်းချက် မပျောက်ပျက်စေဖို့၊ မတွေဝေစေဖို့ ဂရုတစိုက် ဆောင်ရွက်ကြဖို့ အထူးမှာကြားလိုပါကြောင်း” ဟု NUG ဝန်ကြီးချုပ်က တိုက်တွန်းပြောဆိုသည်။