ငွေဖောင်းပွပြီး ကုန်ဈေးနှုန်းတက်၍
ပြည်သူများ ဒုက္ခများ
▪︎ပြည်ပမှတင်သွင်းရသောဆေးဝါးနှင့်လူသုံးကုန်ပစ္စည်းအချို့ ပြတ်လပ်
နေ့သစ်/ People’s Spring
ငွေကြေးလဲလှယ်ရေးဈေးကွက်တွင် ကျပ်ငွေ
တန်ဖိုး စံချိန်တင် ကျဆင်းပြီးနောက် ပြည်တွင်း၌ ကုန်ဈေးနှုန်းများတက်လာပြီး ပြည်သူများ ပိုဒုက္ခရောက်လာကြောင်းပြည်သူများကပြောသည်။
“ပုဇွန်နှစ်ကောင် (ဟင်းသီးဟင်းရွက်ဆီတံဆိပ်)တစ်ပိဿာ အရင်ငါးရက်လောက်က တစ်သောင်းရှစ်ထောင်ကနေ အခု နှစ်သောင်းကျော်နေပြီ။ကြက်သွန်ဖြူ ကလည်း တစ်ဆယ်သား နှစ်ထောင်ဖြစ်ပြီ။ကြက်သားမှုန့် ၃၀၀ တန်က ၇၀၀ဖြစ်လို့ဖြစ်။ကော်ဖီတစ်ထုပ် ၃၀၀ ကနေ ၅၀၀ ဖြစ်လို့ဖြစ်။တစ်ဆိုင်တည်းလည်းမဟုတ်။ရပ်ကွက်ဆိုင်တိုင်း တက်နေ တာ”ဟု ရန်ကုန်မြို့
နေ အိမ်ရှင်မတစ်ဦးက ပြောသည်။
ရန်ကုန်မြို့တွင်ဆန်ချောတပြည်လျင်၆၈၀၀ကျပ်၊ပဲဆီတစ်ပီသာ ၂၄,၀၀၀ ကျပ်ဝန်းကျင် ၊ စားအုန်းဆီတစ်ပိသာ ၁၅၀၀၀ ဝန်းကျင် ၊ ကြက်ဥတစ်လုံး အသေးဆုံးအရွယ် အနိမ့်ဆုံးဈေး တစ်လုံး ၄၀၀ မှ အရွယ်ကြီးလျင် ကြီးသလို ဈေး
ပိုပေးရကြောင်း ပြည်သူများကပြောသည်။
“Yum Yum ချဥ်စပ်တစ်ထုပ် ၁၀၀၀ ဖြစ်နေပြီ “ဟု ရန်ကုန်မြို့မှပြည်သူ တစ်ဦးကပြောသည်။
“ကော်ဖီမစ်တွေဈေးအရမ်းတတ်တော့ ပလိန်းကို(လက်ဖက်ရည်တိုင်မှာရောင်းတဲ့ကော်ဖီမစ်တစ်ထုပ်ဈေး ) ၅၀၀ ကနေ ၆၀၀ ၊ ၇၀၀ ၊ အခု ၈၀၀ ဖြစ်သွားပြီ။ နှစ်ရက်ရှိပြီ “ဟုရန်ကုန်မြို့ရှိလက်
ဖက်ရည်ဆိုင် ဝန်ထမ်းတစ်ဦးကပြောသည်။
စစ်တပ်အာဏာမသိမ်းခင်က ကြက်ဥတစ်လုံး ၁၀၀ အောက် ၊ YumYum ချဥ်စပ်တစ်ထုပ် ၃၀၀ ခန့်သာရှိခဲ့ခြင်းဖြစ်သည်။
ကုန်ဈေးနှုန်းများသည် ကျပ်ငွေတန်ဖိုးကျပြီးနောက် ယခုရက်ပိုင်းအတွင်းဈေးပိုတက်လာခြင်းဖြစ်ပြီး ထိုင်းနိုင်ငံမှ တင်သွင်းသော စားသောကုန် ၊လူသုံးကုန် ၊အလှကုန်အချို့ ဈေးကွက်တွင်ပြတ်လပ်နေကြောင်းပြည်သူအချို့ကပြောသည်။
ထိုအပြင် ဆေးဝါးဈေးများလည်းတက်ပြီး အချို့ဆေးဝါးများပြတ်လပ်နေ၍ ဈေးကွက်တွင်ဝယ်မရတော့ကြောင်း စုံစမ်းသိရသည်။
“ခုရက်ပိုင်း ဒေါ်လာစျေးတက်တာနဲ့ ဆေးဝါးတွေ အရင်လို ဘာတံဆိပ်မှသောက်မယ် ဆိုပြီး ရွေးဝယ်လို့ မရတော့ဘူး။ ပိုက်ဆံရှိရင်တောင် လိုတဲ့ဆေးဝါးတွေ စျေးကွက်မှာ မရှိတော့ဘူး။ လူကြီးတွေအတွက် Ensure ဘူးတွေတောင် စျေးကွက်ထဲမှာ ပစ္စည်းပျက်နေတယ်။ ပစ္စည်းရတဲ့ဆိုင်ကလည်း ဒေါ်လာစျေး(တက်စျေး) နဲ့ ပြန်ဝယ်ရမှာဆိုတော့ ရောင်းစျေးက မတန်မဆ စျေးတွေထိုးတက်နေပါတယ်။ အခုဒေါ်လာစျေးတက်ပုံနဲ့ဆိုရင် လက်လုပ်လုပ်စား ပြည်သူတွေအနေနဲ့ နေမကောင်းရင်တောင် ဆေးဝယ်သောက်ဖို့ တော်တော်အခက်တွေ့နိုင်ပါတယ်”ဟု ပြည်သူတစ်ဦးကပြောသည်။
ထို့အပြင်ပြည်ပမှ တင်သွင်းရသည့် ဆေးဝါးပစ္စည်းများ ပြတ်လပ်ပြီး နှလုံး၊ဆီချို၊သွေးတို နှင့် ကျောက် ကပ် ကဲ့သို့ နာတာရှည်လူနာများအတွက် ဆေးဝါး ဝယ် ယူရာတွင် အခက်အခဲများရှိနေကြောင်းလည်း ဆေး ဆိုင်ပိုင်ရှင်တစ်ဦးက အသိပေးသည်။
“ပြည်တွင်းမှ ထုတ်နိုင်တဲ့ ပရာစီတမော လောက်ပဲ ပေါပေါသီသီရှိတာ။ကျန်တဲ့ နိုင်ငံ ခြားဆေးဝါး တွေပြတ်နေတာကြာပြီ။လူထု ကျန်းမာရေးက တနေ့တ ခြား ဆိုးဝါးလာနေတယ်။ပြည်ပ ဆေးမရောင်းရလို့ ပြောတာမဟုတ်ဘူးနော်။အရေးပေါ်ဖြစ်မှပဲ ဆေးရုံသွားပြီး ဆေးသောက်နေရတဲ့ အဖြစ်ကို ရပ်ကွက်တွေထဲ ကြည့်စေချင်တယ်”ဟု ပြည်တွင်းဆေးဝါးပြတ်လတ်နေမှုအခြေအနေ ကို ၎င်းက ဆက်ပြောသည်။
ထိုအပြင် ကျပ်ငွေတန်ဖိုးကျပြီး နိုင်ငံခြားငွေဈေးထိုးတက်နေသဖြင့် ယခင်ပြည်ပသို့ဆေးသွားရောက်ကုသသူများမှာ မသွားတော့ဘဲ ပြည်တွင်းပုဂ္ဂလိကဆေးရုံများတွင်သာပြောင်း၍ ကုသသူများလာကြောင်းသိရသည်။
“ဒေါ်လာစျေးအရမ်းတက်တော့ ရန်ကုန်မှာ ပုဂ္ဂလိ
က ဆေးရုံတွေ လူနာအရမ်းများလာတယ်။ အရင်က ပိုက်ဆံရှိရင် ဘန်ကောက်တက်ကုမယ် ဆိုတဲ့သူတွေလည်း ဒေါ်လာစျေး၊ ဘတ်စျေးတက်လို့ ပြည်တွင်းမှာပဲ ကုနေကြရတာတွေ တွေ့လာတယ်” ဟု ရန်ကုန်မြို့နေပြည်သူတစ်ဦးက သူ၏အတွေ့အကြုံကိုပြောသည်။
ဒေါ်လာဈေး သည်ပြင်ပစျေးကွက် ငွေကြေးတွင်
ဇူလိုင်နောက်ဆုံးပတ်က တစ်ဒေါ်လာ ၅,၀၀၀ ကျော်မှစ၍ မြင့်တက်ခဲ့ပြီးနောက် သြဂုတ် ၁၄ရက်ညနေပိုင်းအထိ တစ်ဒေါ်လာ ၆,၅၀၀ ကျပ် ဝန်းကျင်ရှိသည်။ သြဂုတ် ၁၃ ရက်တွင် ၁ ဒေါ်လာ ၇၀၀၀ ကျပ် ၊ ၁ ဘတ် လျင် ၂၀၀ ကျပ် ၊ ၁ယွမ်လျင် ၁၀၀၀ ကျပ်အထိ ကျပ်ငွေတန်ဖိုးစံချန်တင်ကျဆင်းခဲ့သည်။ ဘတ်ဈေးမှာလည်း သြဂုတ် ၁၄ ရက်တွင် အတက်အကျ ကြမ်းနေပြီး ညပိုင်း၌ ၁ ဘတ် လျင် ၁၇၉ ကျပ်ခန့်ဖြင့် ဈေးပိတ်ခဲ့သည်။
ထို့အတူ ပြည်တွင်း ရွှေစျေးစျေးနှုန်းသည် ပြင်ပပေါက်စျေးအရ အခေါက်ရွှေတစ်ကျပ်သား သိန်း ၈၀ ကျော်အထိ ရှိနေကြောင်း သိရသည်။
ပြည်တွင်း စက်သုံးဆီစျေးကွက်တွင်လည်း အလုံ အလောက်မရရှိဘဲ တန်းစီစနစ်ဖြင့် သတ်မှတ်ပမာဏ အတိုင်းသာ ရရှိနေပြီး ရန်ကုန်ရှိ လူစည်းကားရာ လမ်းဆုံများတွင် ယာဥ်ကြောပိတ်ဆို့မှုများဖြစ်ပွားနေသည်။
စစ်တပ် အာဏာသိမ်းပြီးနောက်ပိုင်း နိုင်ငံခြားရင်းနှီးမြှုပ်နှံလုပ်ငန်းများ ထွက်ခွာခြင်း၊ပို့ကုန်သွင်းကုန် ကျဆင်းခြင်း၊ကုန်ထုတ်လုပ်မှုလျော့ကျခြင်းနှင့် ငွေကြေးဖောင်းပွမှုများသည် စီးပွားရေးကျ ဆင်းခြင်းဟု ကမ္ဘာဘဏ်က ထောက်ပြထားသည်။
ကမ္ဘာ့ဘဏ်၏ ယခုနှစ် ခြောက်လပတ် အစီရင်
ခံစာအရ အာဏာသိမ်းပြီး သုံးနှစ်ကျော်အတွင်း မြန်မာ နိုင်ငံတွင် ဆင်းရဲနွမ်းပါးသူ ခုနှစ်သန်းတိုးလာသည်။
(ရန်ကုန်တွင်ကြက်ဥအလုံးရေအများဖြင့်ရောင်းသောဈေး / ရန်ကုန်ဈေးဆိုင်တဆိုင်တွင် ထိုင်းမှတင်သွင်းသောအလှကုန်ပစ္စည်းများပြတ်လပ်နေ၍ တံဆိပ်အနည်းငယ်ကိုသာရောင်းချနေမှုနှင့် သွားတိုက်ဆေး တံဆိပ်တမျိုးသာရောင်းရန်ရှိနေသဖြင့်
ခင်းကျင်းထားမှူ ။ဓါတ်ပုံ-PS)