ရခိုင်ပြည်နယ် ဂွမြို့နယ်အတွင်းရှိ ကျိန္တလီမြို့ကို AA သိမ်းပိုက် ဓာတု

by

in

ရခိုင်ပြည်နယ် ဂွမြို့နယ်အတွင်းရှိ ကျိန္တလီမြို့ကို AA သိမ်းပိုက်
ဓာတု
မဇ္ဈိမ။ ။ရခိုင်ပြည်နယ်၊ ဂွမြို့နယ်အတွင်းရှိ ကျိန္တလီမြို့ကို အာရက္ခတပ်တော်(AA)က သိမ်းပိုက်နိုင်ခဲ့ကြောင်း AA နှင့်နီးစပ်သည့် သတင်းရင်းမြစ်များနှင့် ဒေသခံများထံမှ သိရသည်။
သံတွဲမြို့န၏တောင်ဘက် မိုင် ၃၀ ခန့်အကွာရှိ ကျိန္တလီမြို့ကို အာရက္ခတပ်တော်(AA)က သြဂုတ်လ ၁၀ ရက်နေ့တွင် ထိုးစစ်ဆင်ခဲ့ပြီးနောက် ၁၂ ရက်နေ့တွင် နယ်မြေစိုးမိုးမှုရရှိခဲ့ပြီး သြဂုတ်လ ၁၄ ရက်တွင် အပြီးပိုင်သိမ်းပိုက်နိုင်ခဲ့ခြင်းဖြစ်ကြောင်း AA နှင့် နီးစပ်သည့်သတင်းရင်းမြစ်တဦးက မဇ္စျိမကို ပြောသည်။
“ကျိန္တလီက နှစ်ရက်လောက်ရှိပြီ ရတာ၊ ၁၂ ရက်နေ့ကတည်းကပဲ။ စစ်ရေးအရ အဲဒီနေ့ကရတာ၊ အုပ်ချုပ်ရေးပိုင်းက အခုမှ စမှာ” ဟု ၎င်းကပြောသည်။
စစ်ကောင်စီတပ်အနေဖြင့် ကျိန္တလီတိုက်ပွဲတွင် AA ၏ ထိုးစစ်အရှိန်ကိုမခံနိုင်သဖြင့် တပ်ဆုပ်ခွာခြင်းများ ရှိခဲ့ပြီး မြို့ကိုခဏအတွင်းရရှိခြင်းဖြစ်ကြောင်း ဒေသခံများကပြောသည်။
ကျိန္တလီတိုက်ပွဲများတွင် စစ်ကောင်စီရေတပ်က လက်နက်ကြီးများဖြင့် စစ်ရေးပစ်မှတ်မဟုတ်သည့် အရပ် သားနေအိမ်များသို့ ပစ်ခတ်ခဲ့ခြင်းများရှိခဲ့ကြောင်း ဒေသခံများကဆိုသည်။
“ကျိန္တလီပြီးတော့ အခုဂွမြို့ကို ပစ်နေကြပြီ။ ဂွမှာက ဒီဘက်(AA)က မော်တာတွေနဲ့ပစ်တာတွေ၊ စစ်တပ် ကလည်း ပစ်နေတာတွေ ရှိတယ်။ လူတော်တော်များများက ကျိန္တလီမှာဖြစ်ကတည်းက စစ်ရှောင်ကုန်ကြ ပြီ” ဟု ဂွမြို့ခံတဦးက မဇ္စျိမကိုပြောသည်။
ကျိန္တလီမြို့ကျပြီးနောက် စစ်ရေးမြှားဦးမှာ ဂွမြို့သို့ဦးတည်လာပြီးနောက် အရပ်သားများနှင့် ဆေးရုံရှိ ကျန်းမာရေးဝန်ထမ်းများလည်း တိုက်ပွဲလွတ်ရာဒေသများသို့ ရွှေ့ပြောင်းနေကြောင်း ဒေသခံများထံက သိရသည်။
အာရက္ခတပ်တော်(AA)၏ ထိုးစစ်အရှိန်ကို ကာကွယ်နိုင်ရန်အတွက် စစ်ကောင်စီသည် ပြီးခဲ့သည့်ဇူလိုင် လလယ်မှစပြီး ဂွမြို့သို့ စစ်အင်အားဖြည့်တင်းခြင်း၊ ဂွ-ကျိန္တလီဆက်သွယ်ထားသည့် တံတားများကို မိုင်းခွဲဖျက်ဆီးခဲ့ခြင်းများပြုလုပ်ပြီး ခံစစ်ကိုပြင်ခဲ့သည်။
ပြီးခဲ့သည့် (ဇူလိုင်လ ၂၄ ရက်)က သံတွဲ-ဂွလမ်းမပေါ်ရှိ ကျိန္တလီမြို့အနီး ချင်ကွင်းတံတား၊ ဂွမြို့မှသံတွဲမြို့တောင်ဘက်အဝင် သရက်ပင်ကွင်းတံတားများကို ဖောက်ခွဲဖျက်ဆီးခဲ့ခြင်းဖြစ်သည်။
လက်ရှိအခြေအနေအရ အာရက္ခတပ်တော်အနေဖြင့် ရခိုင်ပြည်နယ်အတွင်းမှ မြို့ပေါင်း ၁၀ မြို့ထက် မနည်းကို သိမ်းပိုက်ထိန်းချုပ်ထားနိုင်ပြီ ဖြစ်သည်။
စာတည်း။ ။စောဖေ
#ရခိုင်ပြည်နယ်
#ကျိန္တလီမြို့
#အာရက္ခတပ်တော်(AA)