စစ်ကောင်စီဗဟိုဘဏ်က အပ်ငွေနှင့် ချေးငွေ အတိုးနှုန်းများတိုးမြှင့်မှု စီးပွားရေးပြိုလဲမှု အပေါ် ပိုမိုဆိုးရွားစေပြီး စျေးနှုန်းများ ပိုမိုကြီး မြင့်လာမည်

by

in

စစ်ကောင်စီဗဟိုဘဏ်က အပ်ငွေနှင့် ချေးငွေ အတိုးနှုန်းများတိုးမြှင့်မှု စီးပွားရေးပြိုလဲမှု အပေါ် ပိုမိုဆိုးရွားစေပြီး စျေးနှုန်းများ ပိုမိုကြီး မြင့်လာမည်
ရန်ကုန်၊ ဩဂုတ် ၁၅
မြန်မာကျပ်ငွေတန်ဖိုးထိုးကျနေမှုနှင့် ငွေကြေးဖောင်းပွမှုကို လျှော့ချရန်ဟုဆိုကာ အကြမ်းဖက်စစ်ကောင်စီဗဟိုဘဏ်က အပ်ငွေများအပေါ် အတိုး ၉ ရာခိုင်နှုန်းနှင့် ချေးငွေများအပေါ် အတိုးနှုန်း ၁၅ ရာခိုင်နှုန်း တိုးမြှင့်မည်ဖြစ်ကြောင်း စစ်ကောင်စီဗဟိုဘဏ်က ယမန်နေ့ညပိုင်း ကြေညာသည်။
လာမည့် စက်တင်ဘာလ ၁ ရက်နေ့မှစတင်၍ စစ်ကောင်စီဗဟိုဘဏ်က ငွေကြေးဖောင်းပွမှုနှုန်းကို အထိုက်အလျောက်လျော့ကျစေရန်၊ ပြည်သူများအနေဖြင့် ဘဏ်အပ်နှံငွေအပေါ်မှ အတိုးဝင်ငွေပိုမိုရရှိစေရန်ဟုဆိုကာ ဗဟိုဘဏ်က အပ်ငွေ အတိုးနှုန်းကို လက်ရှိ ၇ ရာခိုင်နှုန်းမှ ၉ ရာခိုင်နှုန်းသို့ တိုးမြှင့် သတ်မှတ်လိုက်ကြောင်း သိရှိရသည်။
ထို့ပြင်ဗဟိုဘဏ်က ချေးငွေအတိုးနှုန်းကိုလည်း ၁၅ ရာခိုင်နှုန်းအထိ တိုးမြှင့် သတ်မှတ်ကြောင်း၊ ပုဂ္ဂလိကဘဏ်များအနေဖြင့် အပ်ငွေ အပေါ် ၇ ရာခိုင်နှုန်းနှင့် ချေးငွေအပေါ် ၁၅ ရာခိုင်နှုန်းအတွင်း သတ်မှတ်နိုင်ကြောင်း ကြေညာခဲ့သည်။
ဗဟိုဘဏ်က ချေးငွေများအပေါ် အတိုးနှုန်း ၁၅ ရာခိုင်နှုန်း ပြောင်းလဲမှုကြောင့် စီးပွားရေးလုပ်ငန်းများစွာ ပိုမို ခက်ခဲ ကျပ် တည်းလာမည်ဖြစ်ကြောင်း၊ အခြားတစ်ဖက်တွင်လည်း အပ်ငွေအပေါ် အတိုးရာခိုင်နှုန်း တိုးမြှင့်ပေးသဖြင့် ဘဏ်သို့ ငွေအပ်ပြီး အတိုးနှုန်း ထိုင်စားမည့်သူများလည်း လူတန်း စားတစ်ရပ် ပိုမိုကြီးထွားလာနိုင်ကြောင်း၊ ပြိုလဲနေသော စီးပွားရေး တစ်ခုလုံး ပိုမိုဆိုးဝါးလာမည်ဖြစ်ကြောင်း ပြောဆိုသည်။
“အရင် ဗဟိုဘဏ်ရဲ့ ချေးငွေအပေါ် အတိုးနှုန်းက ၁၂ ဒသမ ၅ ရာခိုင်နှုန်း မကျော် ရဘူးလို့ သတ်မှတ်ထားတာ။ အတိုးနှုန်းသက်သာတာပေါ့။ အခုကတော့ ချေးငွေ အတိုးနှုန်းကို ၁၅ ရာခိုင်နှုန်းတိုးမြှင့်လိုက်တော့ ငွေချေးဖို့လည်း မလွယ်တော့သလို စီးပွားရေး လုပ်ဖို့လည်း ပိုပြီး ခက်ခဲလာတာပေါ့။ စီးပွားရေးလုပ် ငန်းတွေအတွက်ကတော့ ဒါက ဆိုးကျိုးပဲရှိမယ်။ အတိုးနှုန်း တိုးမြှင့်ရင် စျေးတွေပိုကြီးလာမယ်။ လူတွေရဲ့ စားသုံးမှုက ကျသွားမယ်” ဟု UMFCCI မှ အဖွဲ့ဝင် စီးပွားရေးသမားက ပြောဆိုသည်။
စစ်ကောင်စီဗဟိုဘဏ်က အတိုးနှုန်း တိုးမြှင့်မှုကြောင့် စီးပွားရေးလုပ်ငန်းများအပါအဝင် ပြည်သူများအတွက် ချေးငွေကုန်ကျစရိတ် ပိုမိုများပြားလာပြီး အလွယ်တကူ ချေးငွေ မရရှိနိုင်ကြောင်း၊ ဗဟိုဘဏ်က ချေးငွေ အတိုးနှုန်းတိုးမြှင့်တိုင်း စီးပွားရေး တစ်ခုလုံး ပိုမိုနှောင့်နှေးစေခဲ့ကြောင်း ၊ အပ်ငွေအပေါ် အတိုးနှုန်းတိုးမြှင့်မှုသည် ငွေကြေး တန်ဖိုးကျမှုနှင့် ဖောင်းပွမှုကို အထိုက် အလျောက် တားဆီးနိုင်သော်လည်း စားသုံးသူများ၏ သုံးစွဲမှုများကို လုံး၀ နှေးကွေးသွားစေကြောင်း ၊ အပ်ငွေများ ပိုမို၍ဘဏ်များတွင် ပိုမို အပ်နှံလာကြနိုင်ကြောင်း၊ သို့ရာတွင် အတိုးနှုန်းများ တိုးမြှင့်မှုသည် စီးပွားရေးအတွက် ဆိုးကျိုးများသာ သက်ရောက်စေမည်ဖြစ်ကြောင်း ဘဏ္ဍာရေးနှင့်ငွေကြေးကျွမ်းကျင်သူများက သုံးသပ်ပြောဆိုကြသည်။